ပထမဆုံးအမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်း ၁၀၀ ဦးအား တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့ များတွင် ပြန်တမ်းဝင်အရာရှိများအဖြစ် ဆောင်ရွက်ရန် သြဂုတ် ၂၇ ရက် တွင် ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်ကာကွယ်ရေး သမိုင်းတစ်လျှောက် အမျိုးသမီး ဗိုလ်လောင်းများအား ပထမဆုံးအကြိမ် တာဝန်ပေးအပ်ခြင်းလည်း ဖြစ်သည်။ ဗိုလ်လောင်း ၁၀၀ ဦး၌ တပ်မတော်(ကြည်း) တွင် ၉၂ ဦး၊ တပ်မတော်(ရေ)တွင် ငါးဦးနှင့် တပ်မတော်(လေ)တွင် သုံးဦး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်လောင်းများသည် ပြင်ပအရပ်သူများထဲမှ မဟာဘွဲ့၊ ပါရဂူဘွဲ့နှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဘွဲ့ရပြီးသူများဖြစ်ကြသည်။
‘‘သင်တန်းဆင်း ၁၀၀ ထဲမှ ၁၇ ယောက်က ရန်ကုန်တိုင်း စစ်ဌာနချုပ်အောက်ကို ရောက်လာတယ်။ အဲဒီထဲက လေးယောက်က သင်ကြားရေးဘက်ကို ပိုစတင်ကျတယ်။ တပ်မတော်ဆေးတက္ကသိုလ် ကို နှစ်ယောက်၊ တပ်မတော်ဆေးပညာသည်နှင့် သူနာပြုတက္ကသိုလ်ကို နှစ်ယောက်ပေါ့။ လေးယောက် လုံးက သတ္တဗေဒ မဟာဘွဲ့ရတွေဖြစ်ပါတယ်’’ ဟု ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
သင်တန်းဆင်းပွဲကို သြဂုတ် ၂၈ ရက်တွင် မှော်ဘီအမှတ်(၁) အမျိုးသမီး ဗိုလ်သင်တန်းကျောင်း၌ ပြုလုပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ခဲ့သည်။
‘‘အမျိုးသား ဗိုလ်လောင်း ပြန်တမ်းဝင်အရာရှိဆိုရင်တော့ သင်တန်းဆင်းပြီးရင် ရှေ့တန်းထွက်ရတာပေါ့။ အမျိုးသမီးကတော့ မထွက်ရဘူး။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာပဲ သုံးမယ်’’ ဟု ၎င်းကဆက်လက်ပြောကြား သည်။
မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် အမျိုးသမီး ဗိုလ်လောင်းများအား ပြီးခဲ့သည့်နှစ် အောက်တို ဘာက စတင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး လျှောက်ထားသူပေါင်း ၅၀၀၀ ခန့်မှ ၁၀၁ ဦးအား ရွေးချယ် ခဲ့သည်။ ၎င်းတို့အနက် တစ်ဦးမှာ သတင်းပို့ပျက်ကွက်သဖြင့် အလိုအလျောက် ပျက်ပြယ်သွားခြင်းဖြစ်သည်။
ယင်းဗိုလ်လောင်းများအား မှော်ဘီ အမှတ်(၁) အမျိုးသမီး ဗိုလ်သင်တန်းကျောင်းတွင် မတ်လမှ သြဂုတ်လ အထိ ခြောက်လကြာ စစ်သင်တန်းများ ပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းပို့ချနေစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်လေ့လာစစ်ဆေးခဲ့သည်။
အမျိုးသမီးဗိုလ်လောင်း ၁၀၀ ကျော်အနက် ၃၀ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး ကျန် ၈၀ ဦးခန့်မှာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဖြစ်ကြသည်။ ထို့အပြင် (M.B.B.S) ဘွဲ့ရ အမျိုးသမီး ၁၅ ဦးအား စစ်သင်တန်းသုံးလပေး၍ ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ခန့်အပ်ထားခဲ့သည်။
အေးသူစံ | 7day
Sign up here with your email

ConversionConversion EmoticonEmoticon