Ooredoo ဖုန်း တာဝါတိုင်များ တည်ဆောက်မှု အတွက် လက်ရှိ အချိန်ထိ ဆောက်လုပ်ရေး ကုမ္ပဏီများ လုပ်အားခငွေ အပြည့်အ၀ ရရှိမှုမရှိ သေးကြောင်း ယင်း ဆောက်လုပ်ရေး ကုမ္ပဏီများ ထံမှ သတင်းရရှိ သည်။ ယင်း လုပ်အားငွေများအား Ooredoo မှ ပေးဆောင်ရမည် မဟုတ်ဘဲ Ooredoo ဖုန်းတိုင်များ တည်ဆောက်ရန် တာဝန်ယူ ထားသည့် အိန်္ဒိယကုမ္ပဏီ တစ်ခုဖြစ်သော Zamil Infra ကုမ္ပဏီက ပေးဆောင် ရမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ကုမ္ပဏီများထံမှ သိရသည်။
ကျွန်တော်တို့က နဂို ကတည်းက ဘယ်လောက် ကုန်ကျမယ် ဆိုတာကို တွက်ချက်ပြီး လုပ်တာမဟုတ်ဘူး။ စရံလည်း မသတ်ဘူး။ ဖုန်းတာဝါတိုင် ဆောက်ပြီးရင် အဲ့ဒီ ကုမ္ပဏီက လာကြည့်တယ်။ ပြီးရင် ဘယ်လောက် ယူဆို ပြီးပေးတယ်။ သူတို့ သတ်မှတ်တဲ့ အတိုင်းလည်း အပြည့်အ၀ မရဘူး။ သွားတောင်းတာ တော်တော် များနေပြီ။ ကျွန်တော်ဆို သိန်း သုံးဆယ်လောက် ကျန်သေးတယ် ဟု ဇေယျာရွှေလင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးမြင့်အောင်က The Messenger Media သို့ပြောသည်။
ဆောက်လုပ်ရေး ကုမ္ပဏီများ အနေဖြင့် Zamil Infra ကုမ္ပဏီမှ သက်မှတ်ပေး ထားသည့် ဖုန်းတာဝါတိုင် တည်ဆောက်ခများကို မကြာခဏ သွားရောက် တောင်းခံခဲ့ သော်လည်း ယင်းကုမ္ပဏီမှ ငွေကြေး အချို့ ကိုသာ ပေးဆောင်ခဲ့ပြီး လက်ရှိ အချိန်ထိ အပြည့်အ၀ မရသေးဘဲ စက်တင်ဘာလ (၃) ရက်နေ့တွင် အပြည့် အ၀ ပေးဆောင်မည်ဟု ကုမ္ပဏီက ကတိပြု ပြောဆိုထားကြောင်း ဆောက်လုပ်ရေး ကုမ္ပဏီများထံမှ သိရ သည်။
ကျွန်တော်တို့ အဲဒီနေ့မှ မပေးရင် ကျွန်တော်တို့ ကုမ္ပဏီတွေက အစည်းအဝေး ထိုင်ပြီး ဘယ်လို တောင်း ခံသွားမလဲ ဒါမှမဟုတ် တရားစွဲဆို သွားမလား ဆိုတာ ဆုံးဖြတ် သွားမယ် ဟု စန္ဒာမြိုင် ဆောက်လုပ်ရေး ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ကိုကျော်စည်သူအောင်က The Messenger Media သို့ ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ တာဝါတိုင် ဆောက်လုပ်ငွေ အပြည့်အ၀ မရရှိခဲ့သည့် ကုမ္ပဏီ ရှစ်ခုက အစည်း အဝေး တစ်ရပ် ကျင်းပခဲ့သည်။ ယင်းကုမ္ပဏီများက ဆောက်လုပ်ပေးခဲ့သည့် ဖုန်းတာဝါတိုင် (၁၇) တိုင် ရှိပြီး Zamil Infra ကုမ္ပဏီမှ ငွေကျပ်သိန်း တစ်ထောင်ကျော် ပေးဆောင်ရန် ကျန်ရှိနေသေးကြောင်း ယင်းကုမ္ပ ဏီများမှ သိရသည်။ ကျွန်တော်တို့ ကတော့ သူတို့တွေကို အရစ်ကျပေးသွားမှာပါ။ ပြည့်ဝအောင်ပေး သွားမှာပါ ဟု Zamil Infra ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက The Messenger Media သို့ပြောသည်။
တာဝါတိုင် ဆောက်လုပ်ခ အပြည့်အ၀ မရရှိသည့် ကုမ္ပဏီများမှာ Smile ဆောက်လုပ်ရေး ကုမ္ပဏီ၊
ကောင်းပြည်ဟိန်း ဆောက်လုပ်ရေး ကုမ္ပဏီ၊ တိုးဓန ဆောက်လုပ်ရေး ကုမ္ပဏီ၊ လင်းကမ္ဘာ ဆောက်လုပ်ရေး ကုမ္ပဏီ၊ မောင်ဖြူနှင့် သားများ ဆောက်လုပ်ရေး ကုမ္ပဏီ၊ Energy World ဆောက်လုပ်ရေး ကုမ္ပဏီ၊ ဇေ ယျာရွှေလင်း ဆောက်လုပ်ရေးကုမ္ပဏီနှင့် စန္ဒာမြိုင် ဆောက်လုပ်ရေး ကုမ္ပဏီတို့ ဖြစ်ကြောင်း သိရသည်။ ယင်းကုမ္ပဏီ များသည် ဇွန်လအတွင်း ကပင် ဖုန်းတာဝါတိုင် ဆောက်လုပ်မှု ပြီးစီးခဲ့ကြောင်း သိရသည်။
The Messenger
Sign up here with your email
ConversionConversion EmoticonEmoticon