နီယွန်မီးများ အောက်တွင် ဆွဲဆောင်မှု အပြည့်ရှိသော အ၀တ်အစား ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးကို တွေ့မြင် ရသောကြောင့် စိတ်ထဲတွင် တစ်မျိုးဖြစ်ကောင်း ဖြစ်သွားနိုင်သည်။ မှန်အလုံ ပိတ်ထားသည့် နီယွန် မီးရောင်အောက်တွင် အမျိုးသမီးတစ်ဦး အဖော်အချွတ် အ၀တ်အစား ၀တ်ဆင်ထားသောကြောင့် လိင်အရောင်းအ၀ယ် ပြုလုပ်နေသည်ပာု ထင်မိသွားနိုင်ခြင်း ဖြစ်သည်။ လိင်မှုကိစ္စ အရောင်းအ၀ယ် ပြုလုပ်သော နေရာများတွင်သာ ယင်းပုံစံကို မြင်တွေ့ရခြင်းကြောင့် ထင်မြင်ချက် အမျိုးမျိုး ရှိနိုင်ခြင်း ဖြစ်သည်။ သို့သော် ယင်းမှာ ကွမ်းယာ ရောင်းနေခြင်းသာ ဖြစ်သည်။ တိတိကျကျ ပြောရလျှင် ထိုင်ဝမ်နိုင်ငံရှိ ကွမ်းယာ အရောင်းဆိုင်များတွင် မြင်တွေ့ရမည့် ပုံစံဖြစ်သည်။
ထိုင်ဝမ်နိုင်ငံရှိ အဝေးပြေး လမ်းမများတွင် ယင်းကဲ့သို့ ကွမ်းယာဆိုင်များကို အများအပြား တွေ့ရမည် ဖြစ်သည်။ အဝေးပြေး ယာဉ်မောင်းများ၊ အငှားယာဉ် မောင်းများသည် ယင်းဆိုင်များတွင် အဓိက ၀ယ်ယူအားပေးကြသည်။ ထိုင်ဝမ်ရှိ ကွမ်းယာ ဆိုင်များသည် အခြားနိုင်ငံများနှင့် မတူညီဘဲ ကွဲပြားခြားနားနေသည်။ ကွမ်းယာဆိုင်တွင် အဖော်အချွတ်ပုံစံ အ၀တ်အစားများကို ၀တ်ဆင်ထားသည့် အမျိုးသမီးများ ၀င်ရောက် လုပ်ကိုင်နေကြသည်။ ယင်းမှာ အစဉ်အလာတစ်ခုလို ဖြစ်နေပြီး ယင်းကဲ့သို့ ဆိုင်မျိုး ထိုင်ဝမ်နိုင်ငံ အနှံ့အပြားတွင် တွေ့ရမည် ဖြစ်သည်။ ထိုင်ဝမ်ရှိ အဓိက လမ်းမများတွင် ယင်းကဲ့သို့ ဖွင့်လှစ်ထားသည့် ဆိုင်ပေါင်း (၆၀၀၀၀) ကျော် ရှိသည်။
ကွမ်းယာသည် အာရှတွင် တိတ်တဆိတ် လူသတ်သမားအဖြစ် သတ်မှတ်ထားသည်။ ကွမ်းယာကြောင့် ရောဂါဘယမျိုးစုံ ရရှိပြီး သေဆုံးသူ မြင့်တက်နေသော်လည်း စားသုံးသူက လျှော့ချသွားခြင်း မရှိပေ။
ထိုင်ဝမ်တွင် ကွမ်းယာကို ပိုမိုရောင်းချနိုင်ရန် အမျိုးသမီးငယ်များကို အသုံးပြုခဲ့သည်။ အဆိုပါ အမျိုးသမီးများမှာ ဆင်းရဲသူများ ဖြစ်ကြပြီး၊ အရှက်ကိုငဲ့ကာ အဖော်အချွတ် အ၀တ်အစားများဖြင့် ကွမ်းယာ ရောင်းနေခြင်း ဖြစ်သည်။ သာမန် ၀န်ထမ်းတစ်ဦးသည် တစ်လကို ပေါင်( ၅၁၄ )သာ ရရှိနေပြီး ကွမ်းယာရောင်းသည့် အမျိုးသမီး တစ်ဦးသည် တစ်လကို ပေါင် ( ၇၉၀) အထိ ၀င်ငွေ ရရှိနေသည်။
ထို့ကြောင့် အဖော်အချွတ် အ၀တ်အစားဖြင့် ကွမ်းရောင်းခြင်းကို စိတ်ဝင်တစား ၀င်ရောက် လုပ်ကိုင်နေခြင်း ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် အစိုးရက ကွမ်းယာရောင်းဆိုင်များကို ကန့်သတ် ပိတ်ပင်လာခဲ့သည်။ အချို့ အချိန်များတွင် ကွမ်းယာရောင်းချသည့် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ရှိတတ်သည်ဟု သိရသည်။ ထိုင်ဝမ်တွင် ကွမ်းစားခြင်းကြောင့် ကင်ဆာရောဂါ ဖြစ်နေသည့် အမျိုးသား(၅၀၀၀) ကျော် ရှိနေသည်။ ကွမ်းစားခြင်းကတော့ လျော့ကျခြင်း မရှိ။ ကွမ်းယာ ရောင်းသူများကြောင့် ကွမ်းစားခြင်း မလျော့ကျခြင်းလည်း ဖြစ်နိုင်သည်။
Aye Chan Mon
Aye Chan Mon
Sign up here with your email

ConversionConversion EmoticonEmoticon