အဆိုတော် ဆုန်သင်းပါရ် မွေးရပ်ဇာတိ ဟားခါးမြို့ရှိ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်း ကူညီမှုများ သွားရောက်ပြုလုပ်


အဆိုတော် ဆုန်သင်းပါရ်သည် မွေးရပ်ဇာတိ ဟားခါးမြို့ရှိ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်း ကူညီမှုများ သွားရောက် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုတော် ဆုန်သင်းပါရ်သည် ဟားခါးမြို့သို့ သွားရောက်ကာ ရေဘေးသင့် ပြည်သူများ ခိုလှုံလျက်ရှိသည့် စခန်းများ၌ အ၀တ်အထည်များ၊ အစားအသောက်များ၊ အသုံးအဆောင် ပစ္စည်းများနှင့် အလှူငွေများကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဆုန်သင်းတို့ ချင်းပြည်နယ်မှာ ရေဘေးဒုက္ခ ခံစားနေရတာတွေ တွေ့မြင်ရကတည်းက ဆုန်သင်း တတ်နိုင်သလောက် သွားကူညီမယ်လို့ ဆုံးဖြတ်ထားတာပါ။ သွားဖို့ စီစဉ်တဲ့အခါမှာ အများကြီးပဲ ပါဝင်ကူညီ လှူဒါန်းကြတယ်။ အဲဒီ လှူဒါန်းကြတဲ့ ပစ္စည်းတွေရော၊ ဆုန်သင်း ကိုယ်တိုင်ရဲ့ လှူဒါန်းမှုကိုပါ စုပေါင်းပြီးတော့ ဆုန်သင်းတို့ ဟားခါးမြို့ကို သွားဖြစ်ပါတယ်။ အစားအသောက်၊ အ၀တ်အထည်၊ ဆေးဝါး၊ အလှူငွေနဲ့ အသုံး အဆောင်ပစ္စည်းတွေကို လှူဒါန်းဖြစ်ခဲ့ပါတယ်။ မေတ္တာတရားနဲ့ နှစ်သိမ့်မှုတွေလည်း လုပ်ပေးခဲ့တယ်။ သူတို့ အခုချိန်မှာတော့ နှစ်သိမ့်မှုတွေ အများကြီး လိုအပ်နေပါတယ်။ နောက်ထပ်လည်း အဆင်ပြေရင် ထပ်သွားချင်ပါသေးတယ် ” ဟု အဆိုတော် ဆုန်သင်းပါရ်က ဆိုသည်။

ချင်းပြည်နယ်ရှိ ရေဘေးဒုက္ခ ခံစားခဲ့ရသူများအား ချင်းတိုင်းရင်းသူ အနုပညာရှင်များက တတ်အားသရွေ့ ကူညီလှူဒါန်းမှုများ ပြုလုပ်လျက် ရှိရာတွင် သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့်ကလည်း ကူညီလုပ်ဆောင် ပေးလျက်ရှိပြီး ယခုအခါ အဆိုတော် ဆုန်သင်းပါရ်က ကူညီလုပ်ဆောင်မှုများ သွားရောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group
Previous
Next Post »
Powered by Blogger.