ရေရှားသော တောင်အာရှတွင် Ice Bucket Challenge အစား ချို့တဲ့သူများအတွက် ဆန်လှူသည့် Rice Bucket Challenge ရေပန်းစားလာ

(နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တွင် ရေဘေးဒုက္ခသည်များကိုကူညီရန် ဆန်အလှူအစီအစဉ် FilltheBucket ၌ ပါဝင်ဆောင်ရွက်နေသူ နီပေါအမျိုးသမီးတစ်ဦး)
ပြီးခဲ့သည့်ဇွန်လမှ စတင်၍ လူမှုကွန်ရက်မီဒီယာများတွင် ကမ္ဘာတစ်ဝန်းမှ လူထောင်နှင့်ချီ၍ ပါဝင်လာသော Ice Bucket Challenge လှုပ်ရှားမှု ရေပန်းစားနေချိန်၌ ရေရင်းမြစ်ရှားပါးသော တောင်အာရှနိုင်ငံများက အလားတူလှုပ်ရှားမှုကို ၎င်းတို့၏လိုအပ်ချက်နှင့် ကိုက်ညီသည့် ပုံစံများဖြင့် ထုတ်ဖော်လာကြကြောင်း သိရသည်။

Ice Bucket Challenge လှုပ်ရှားမှုဆိုသည်မှာ အာရုံကြောရောဂါ တစ်မျိုးဖြစ်သည့် ALS သို့မဟုတ် Lou Gehrig’s ရောဂါကို အာရုံစိုက်မှု မြှင့်တင်ရန်နှင့် ရောဂါသုတေသနအတွက် ပါဝင်လှူဒါန်းလာကြစေရန် တစ်စုံတစ်ဦး၏ ခေါင်းပေါ်သို့ ရေခဲရေပုံးဖြင့်လောင်းချပြီး ဗီဒီယိုရိုက်ကူး၍ အွန်လိုင်းတွင် လွှင့်တင်ကာ အခြားသူများကို အလားတူလှုပ်ရှားရန် သို့မဟုတ် လှူဒါန်းရန် ဖိတ်ခေါ်သည့် လှုပ်ရှားမှုဖြစ်သည်။ ALS အသင်းသည် ယင်းလှုပ်ရှားမှုကြောင့် ဇူလိုင် ၂၉ မှ ဩဂုတ် ၂၁ ရက်အထိ အလှူငွေဒေါ်လာ ၄၁ ဒသမ ၈ သန်းလက်ခံရရှိပြီးဖြစ်ကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။

သို့သော် ယင်းလှုပ်ရှားမှုကို ရေဖြုန်းတီးမှုအဖြစ် ဝေဖန်မှုများရှိနေစဉ် အိန္ဒိယရှိ အသက် ၃၈ နှစ်ရှိ အမျိုးသမီး တစ်ဦးက Ice Bucket Challenge ကို Rice Bucket Challenge အဖြစ် ပြောင်းလဲလှုပ်ရှားခဲ့သည်။ ဆန်လိုအပ် သူများအား ဆန်တစ်ပုံး သို့မဟုတ် ဆန်တစ်ဇလုံ လှူဒါန်းရန် လူမှုကွန်ရက်မီဒီယာ အသုံးပြုသူများကို သူက တိုက်တွန်းခဲ့သည်။ “Facebook မှာ Ice Bucket Challenge ကိုတွေ့တော့ ကျွန်မစိတ်ကူးရသွားပါတယ်။ ဆာလောင်နေတဲ့သူကို ကျွေးလိုက်ပါ။ ရေကိုအလဟဿ မဖြုန်းတီးပါနဲ့” ဟု ဆန်သုတေသန အထူးပြု ဝက်ဘ်ဆိုက် oryza.com အတွက် အလုပ်လုပ်နေသည့် မန်ဂျူလက်ဟာကလန်နီဒီက ပြောကြားခဲ့သည်။ ဩဂုတ် ၂၂ ရက်က စတင်ခဲ့သော Rice Bucket Challenge လှုပ်ရှားမှုတွင် လူ ၁၃၈ဝဝဝ ပါ ဝင်ခဲ့ပြီးဖြစ်
ကြောင်း သိရသည်။

နီပေါတွင်လည်း ယခုလအတွင်း ရေကြီးမြေပြိုမှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သော မိသားစုများကို ကူညီ ရန်ပလတ်စတစ် ပုံးများ၌ အစားအစာနှင့် ဆေးဝါးများထည့်၍ လှူဒါန်းရန် တောင်းဆိုသည့် Fill The Bucket Challenge လှုပ်ရှားမှုကို စတင်နေပြီဖြစ်သည်။ “ကျွန်မတို့ ဒီနေ့မှာ ၂၅ ပုံး ရရှိထားပါတယ်။ မနက်ဖြန် ဒေသ တွင်းစာသင် ကျောင်းတစ်ကျောင်းမှာ ပုံး ၁ဝဝ သွားယူရပါမယ်” ဟု ပုံးစုစည်းရေးဌာနတစ်ခုအဖြစ် ဆောင် ရွက်နေသည့် ခတ္တမန္ဒူအဝတ်အထည်ဆိုင် Curves မှ ဆန်နီမနန်ဒါက ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံရေးသမား မာရှာကူမာရာတန်ဂါက ပြည်တွင်းတိရစ္ဆာန်စောင့်ရှောက်ရေး ရန်ပုံငွေအတွက် အလှူငွေကောက်ခံသည့် Ice Bucket Challenge ကို ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ “အပူပိုင်း နိုင်ငံ တစ်နိုင်ငံမှာ ဒီလိုရေဖြုန်းတီးတာဟာ မိုးခေါင်မှုကြောင့် ရေပြတ်လပ်နေတဲ့လူ ထောင်နှင့်ချီကို စော်ကား ရာရောက်ပါတယ်” ဟု သီရိလင်္ကာနိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် အတိုက်အခံပြောခွင့်ရပုဂ္ဂိုလ် မန်ဂလာ ဆမ် မရာဝီရာက ပြောကြားခဲ့သည်။

News Eleven
Previous
Next Post »
Powered by Blogger.