The Ladies News Journal ၏ Facebook စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သော ကရင်ကလေးငယ်များ ရန်ကုန်တိုင်းဝန်ကြီးချုပ်အား ကန်တော့နေသည့် ဓာတ်ပုံနှင့် ပတ်သက်၍ လာရောက်ဖြေရှင်းခြင်း မရှိပါက ကလေးငယ်များကို ခေါ်ဆောင်လာသည့် ဆရာတော်က တရားစွဲဆိုမည်ဟု တိုင်းရင်းသားရေးရာဝန်ကြီး


The Ladies News Journal ၏ Facebook စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သော ကရင်ကလေးငယ်များ ရန်ကုန်တိုင်းဝန်ကြီးချုပ်အား ကန်တော့နေသည့် ဓာတ်ပုံနှင့် ပတ်သက်၍ လာရောက်ဖြေရှင်းခြင်း မရှိပါက ကလေးငယ်များကို ခေါ်ဆောင်လာသည့် ဆရာတော်က တရားစွဲဆိုမည်ဟု တိုင်းရင်းသားရေးရာဝန်ကြီး ပြောကြား

ွှ့The Ladies News Journal ၏ Facebook စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သော ကရင်ကလေးငယ်များက ရန်ကုန်တိုင်းဝန်ကြီးချုပ်အား ကန်တော့နေသည့် ဓာတ်ပုံနှင့် ပတ်သက်၍ လာရောက်ဖြေရှင်းခြင်းမရှိပါက ကလေးငယ်များကို ခေါ်ဆောင်လာသည့် ဆရာတော်က တရားစွဲဆိုမည်ဟု ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ပြောကြားသည်။

လက်ရှိတွင် ဂျာနယ်တိုက်သို့ ဧပြီ ၁၈ ရက် နောက်ဆုံးထား၍ ပြန်လည်ဖြေရှင်းပေးရန် အကြောင်းကြားစာ ပေးပို့ထားကြောင်း ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

“အမှန်မှာကကျတော့ ကျွန်မအနေနဲ့က The Ladies News ဂျာနယ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းတွေနဲ့ ဒါကို မှားယွင်းသွားပါတယ်ဆိုတဲ့အကြောင်း ပြန်ပြီးတော့ ဖော်ပြစေချင်တယ်။ ဂျာနယ်လစ် တစ်ယောက်ရေးလိုက်တဲ့ အရေးအသားမှာပေါ့ သူတို့တာဝန်ယူမှု၊ တာဝန်ခံမှု၊ အပိုင်းတွေနဲ့ပတ်သက်လို့ပေါ့။ ဒီကလေးတွေကို ခေါ်ခဲ့တဲ့ ဆရာတော်တို့ အပိုင်းအနေနဲ့ကတော့ တအားစိတ်ဆိုးတာပေါ့။ အဲဒါကို တာဝန်ခံမှု၊ တာဝန်ယူမှုလည်းမရှိဘူး။ လာလည်း မတွေ့ဘူးဆိုရင် ဆရာတော်က သူတို့ကို အရေးယူပေးဖို့ ကျွန်မတို့ကို ပြောပါတယ်။ အဲဒီအခါကျရင်တော့ သူတို့ တရားဥပဒေအတိုင်း ဆောင်ရွက်ခြင်း ခံရမှာပေါ့။ အမှန်မှာတော့ ဆရာတော်ကလည်း သူတို့ကို တွေ့ ချင်တယ်။ 

ဘာကြောင့် ဒီကလေးက ဘာရည်ရွယ်ချက်နဲ့ရေးလဲဆိုတာ ဆရာတော်ကလည်း သူ့ကျောင်းတိုက်ကို ဖိတ်ထားတယ်။ တနလာင်္နေ့ နောက်ဆုံးထား လာတွေ့ပါလို့ ပြောထားတယ်။ အခု ဘယ်ဂျာနယ်လစ် တာဝန်ခံတစ်ယောက်မှ လာမတွေ့သလို အယ်ဒီတာလည်း လာမတွေ့ဘူး။ အကုန်လုံးက ရန်ကုန်မှာမရှိဘူးပဲ ပြောတယ်။ အမှန်မှာကတော့ ရန်ကုန်မှာ တစ်ယောက်တော့ အနည်းဆုံးရှိရမှာလေ။ အမှန်ကတော့ ကျွန်မတို့ကို တာဝန်ခံမှုအပိုင်းနဲ့လာရှင်းပြ၊ အကျိုးသင့်အကြောင်း လာရှင်းပြ၊ ဘာရည်ရွယ်ချက်နဲ့ ရေးတာလဲဆိုတာကိုပေါ့နော်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ချင်လို့ ရည်ရွယ်တာဆိုရင်တော့ ကျွန်မတို့ဘာမှ ပြောမနေတော့ဘူး။ ဒါပုဂ္ဂိုလ်ရေးတိုက်တာက ဘာမှမဟုတ်ဘူး။ တကယ်လို့ တည်ငြိမ်နေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြိုကွဲစေမယ့် ပုံစံမျိုးဖြစ်နေတယ်ဆိုရင်တော့ ဒါကို သူတို့အနေနဲ့ တိတိကျကျ ပြန်တောင်းပန်ရမယ်။

ကရင်တိုင်းရင်းသားတွေကို ပြန်တောင်းပန်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါ တိုင်းရင်းသားတွေအနေနဲ့ ကန်တော့တာ။ ဗုဒ္ဓဘာသာ ကရင်တိုင်းရင်းသားတွေအနေနဲ့ ကန်တော့တာ ထုံးတမ်းအစဉ်အလာပဲ။ နောက် လူလူချင်း မရှိခိုးရဘူးဆိုတဲ့ ပုံစံနဲ့ပြောတာကတော့ ကရင်လူမျိုးတွေထဲမှာ တော်တော်လေး ရိုက်ခတ်သွားတယ်။ ဖြစ်သွားတဲ့ အတွက်ကြောင့် ဆရာတော်ကိုပြန် သွားတောင်းပန်။ ဆရာတော်က တော့ကြေအေးပေးမှာပါ။ ဗုဒ္ဓဘာသာဝင်တွေပဲ။ တစ်ယောက်မှ လာမတောင်းပန်ဘူးဆိုရင်တော့ ဆရာတော်က ဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့ ကျွန်မတို့ကို ပြောထားတယ်။ ဆရာတော့်အနေနဲ့ တရားစွဲမှာပါ။ တရားဥပဒေအတိုင်းပေါ့။ အစိုးရအဖွဲ့အနေနဲ့ကတော့ ဆရာတော် တရားစွဲပြီးပြီဆိုတော့ မစွဲတော့ပါဘူး”ဟု နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

ကရင်ကလေးငယ်များအနေဖြင့် ဧပြီ ၁၃ ရက်က သမ္မတဟောင်း ကရင်တိုင်းရင်းသား မန်းဝင်းမောင်၏ နေအိမ်ဖြစ်ခဲ့သော ရန်ကုန်တိုင်းဝန်ကြီးချုပ်နေအိမ်သို့ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်စဉ် ကလေးငယ်များက ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ကန်တော့ကြသည့်ပုံကို အသုံးပြု၍ The Ladies News Journal က ဖေ့ဘွတ်စာမျက်နှာတွင် “လူအချင်းချင်းရှိခိုးရခြင်း ကင်းဝေးပါစေ” ဟူသည့် ခေါင်းစဉ်ဖြင့် ဧပြီ ၁၅ ရက်က ဆောင်းပါးရှင် ငြိမ်းချမ်းအေး၏ ဆောင်းပါးဖော်ပြခဲ့သည်။

အဆိုပါဆောင်းပါးတွင် “ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အသစ် ဦးဖြိုးမင်းသိန်းရဲ့ တရားဝင်လူမှု ကွန်ရက်စာမျက်နှာက ဓာတ်ပုံတပုံ တွေ့မိရင်း အုပ်ချုပ်သူလူတန်းစားကို လက်အုပ်ချီကန်တော့ရတဲ့ အကျင့်ဆိုးကြီး မျက်မှောက်ဒီမိုကရေစီ ခေတ်သစ်၊ စနစ်သစ်၊အစိုးရသစ်ထိတောင် အမြစ်တွယ်နေတုန်းပါလား တွေးမိတယ်”ဟု ထည့်သွင်းဖော်ပြထားသည်။ ထိုသို့ဖော်ပြချက်များသည် ကရင်တိုင်းရင်းသားအချင်းချင်းနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သည့်အတွက် ဖြေရှင်း ရန် အကြောင်းကြားစာပေးပို့ထားခြင်းဖြစ်ကြောင်း နော်ပန်းသဉ္ဇာမျိုး က ပြောကြားသည်။

The Ladies News Journal ၏ Facebook တွင် ကရင်ကလေးငယ်များ ၀န်ကြီးချုပ်အား ကန်တော့နေသည့် ပုံအား အသုံးပြု၍ ဆောင်းပါးဖော်ပြခဲ့မှုနှင့် ပတ်သတ်၍ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ဧပြီ ၁၆ ရက်တွင် ရန်ကုန်မြို့တော်ခန်းမတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ The Ladies News Journal အား မေးမြန်းရန် ဂျာနယ်တိုက်၏ ဖုန်းနံပါတ်အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။ ဆောင်းပါးရှင် ငြိမ်းချမ်းအေး ၏ “လူအချင်းချင်းရှိခိုးရခြင်း ကင်းဝေးပါစေ” ဆောင်းပါးကို မိုးမခမီဒီယာက ဧပြီ ၁၄ ရက်တွင် ဦးစွာ ဖော်ပြခဲ့ပြီးဖြစ်သည်။

"လူအချင်းချင်း ရှိခိုးရခြင်း ကင်းဝေးပါစေ" ဆောင်းပါးကို ရေးသားခဲ့သည့် ကိုငြိမ်းချမ်းအေးက ဆောင်းပါးအပေါ် စွပ်စွဲပြောဆိုမှုမှာ အကျိုးအကြောင်း မညီသဖြင့် လက်မခံနိုင်ကြောင်းနှင့် ဖြေရှင်းရန် မရှိကြောင်း အချက်ခြောက်ချက်ဖြင့် ဧပြီ ၁၇ ရက်က ၎င်း၏ Facebook စာမျက်နှာ၌ ရေးသားခဲ့သည်။

ထိုသို့ ရေးသားမှု၏ ဒုတိယအချက်တွင်"ယခု ဆောင်းပါး မူရင်းက မိုးမခ ဆောင်းပါး ဖြစ်တယ်၊ မိုးမခ မှာ အခုရက်ပိုင်း အွန်လိုင်းပေါ်ရောက်လာတဲ့ အစိုးရအဖွဲ့ဝင် လူကြီးများနဲ့ လက်အုပ်ချီ ဆက်စပ် ပုံအားလုံး ထည့်ထားတယ်။ ဦးဖြိုးမင်းသိန်း ဖြစ်စဉ် တခုတည်းမဟုတ်" ဟု ရေးသားခဲ့ပြီး တတိယအချက်၌ "ဆောင်းပါး တခုလုံးက အစိုးရစနစ် ယန္တရား မှာ အသက်ဝင်နေတဲ့ လက်အုပ်ချီနဲ့ မင်္ဂလာပါ လုပ်ကြတဲ့ စစ်အစိုးရ အဆက်ဆက် လုပ် ယဉ်ကျေးမှုကိုသာ ဖျောက်ဖို့ ထောက်ပြထားခြင်းဖြစ်တယ်။ “တိုင်းရင်းသား အချင်းချင်း သွေးကွဲ စေတယ်” ဆိုတဲ့ သဘောနဲ့ အနက်သက်ရောက်တဲ့ စကားလုံး တလုံးမပါ၊ ပါရင် အကျိုးသင့် အကြောင်းသင့် ထောက်ပြနိုင်တယ်။ အခု စွပ်စွဲမှုကိုတော့ အကျိုးအကြောင်းမညီလို့ လက်မခံနိုင်ပါ" ဟု ရေးသားခဲ့ပါသည်။

"ဒီဆောင်းပါး ကျောရိုး အစပိုင်းကလွဲလို့ “အခြေခံသဘောအားလုံးက” အရင် ရေးခဲ့ဖူးတဲ့ ဆောင်းပါးဟောင်း ဖြစ်တယ်။ ဒါကိုလည်း The Ladies မှာပဲ ဒေါ်အောင်ဆန်းစုကြည် သူ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲ မှာ လက်အုပ်မချီဖို့ ပြောချိန် ၂၀၁၅ ဒီဇင်ဘာ တုန်းက ရေးထုတ်ခဲ့တယ်။ ဒီတုန်းက ဘာပြဿနာမှ မရှိခဲ့"ဟု စတုထ္ထအချက်တွင် ဖော်ပြခဲ့ပြီး၊ "လက်အုပ်ချီ မနှုတ်ဆက်ဖို့၊ မင်္ဂလာမဆိုဖို့ ကျနော် အခုမှ ပြောခဲ့တာလည်းမဟုတ်၊ ၂၀၁၂ အိုဘားမား ပထမအကြိမ်လာကတည်းက ဆောင်းပါးရေးပြောခဲ့တယ်။ 

အစဉ်တစိုက် စစ်အစိုးရအဆက်ဆက်ရဲ့ လုပ်ယဉ်ကျေးမှု အကြောင်းကို ထောက်ပြခဲ့တယ်။ အခြား ဂျာနယ် ပုံနှိပ်၊ အွန်လိုင်း နှစ်မျိုးစလုံးမှာလည်း ဒီအကြောင်းဆက်စပ် ခဏခဏ ရေးဖူးခဲ့တယ်။ ဘီဘီစီ ရေဒီယို ဆွေးနွေးပွဲ တခုမှာလည်း ဒီအတိုင်းပဲ ဆိုခဲ့တယ်"၊ "နောင်လည်း ဒီအတိုင်းပဲ တသဘောတည်း ဆိုဦးမယ်။ ဘာကြောင့်ဆိုရသလဲ ဆိုတာ ကျနော့်ဆောင်းပါးတွေမှာ အကျိုးအကြောင်း ရှင်းပြီးဖြစ်တယ်" ဟု ပဉ္စမအချက်၌ ရေးသားခဲ့ပါသည်။

နောက်ဆုံးအချက်တွင်မူ "တကိုယ်ရေ သဘောအနေနဲ့ ဘာသာရေးထုံးစံအရ ဖြစ်စေ၊ ပုဂ္ဂိုလ်အရ ကြည်ညို လေးစားလို့ ဖြစ်စေ ကြိုက်တဲ့ အကြောင်းပြချက်နဲ့ ထိုင်ရှိခိုးလို့ရတယ်။ ဒါဟာ ဒေသဆိုင်ရာ အစိုးရအဖွဲ့ အကြီးအကဲ တယောက်ရဲ့ တရားဝင် အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာနဲ့ အလုပ် သဘောပါတဲ့ ခရီးစဉ်နဲ့ မဆိုင်ရပါ။ ဒီသဘောကို ရှင်းရှင်းလင်းလင်း မပြုဘဲနဲ့ တရားဝင် အစိုးရအဖွဲ့လူကြီး အွန်လိုင်းစာမျက်နှာမှာ လက်အုပ်ချီ ကန်တော့ခံနေတဲ့ပုံကို တင်ထားခဲ့လို့ အုပ်စိုးသူ လူတန်းစား၊ ပူဇော်ခံ လူတန်းစား၊ အခွင့်ထူးခံ လူတန်းစား ပပျောက်ရေး အစဉ်တစိုက် ရေးသားဆော်သြနေသူ ကျနော့်အနေနဲ့ အစိုးရစနစ် အဖွဲ့အစည်း နေရာ၊ လူ ဆက်စပ် အားလုံးမှာ လက်အုပ်ချီ ထုံး ပပျောက်ရေး ထပ်မံ ရေးသားခဲ့ခြင်းသာ ဖြစ်တယ်။ ဒါ့အပြင် ကျနော့်ဘက်က ဖြေရှင်းစရာ မရှိပါ"ဟု ကိုငြိမ်းချမ်းအေးက ၎င်း၏ Facebook ၌ ရေးသားခဲ့ပါသည်။

news-eleven
Previous
Next Post »
Powered by Blogger.