မီးလောင်သေဆုံးခဲ့သည့် အမျိုးသားရုပ်သံဗွီဒီယိုဖိုင်အပေါ် ငြင်းခုံမှုမြင့်တက် (ရုပ်သံ)


တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းခရိုင်၊ ဂွမ်ကျိုးမြို့မှာ အမျိုးသားတဦးဟာ အဆောက်အအုံ တခုတွင်းမှာ မီးတောက်တွေကြား ပိတ်မိနေခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို လူတဦးကရိုက်ကူးခဲ့ပြီး အင်တာနက်ပေါ်တင်ခဲ့ပြီးနောက် အဲဒီအမျိုးသား သေဆုံးခဲ့တဲ့အတွက် အင်တာ နက်အသုံးပြုသူတွေကြားမှာ ငြင်းခုံမှုတွေ မြင့်တက်လာခဲ့ပါတယ်။

အဲဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ လီအမည်ရတဲ့ အမျိုးသားဟာ အဆောက်အုံဝရံတာအ နောက်ဘက်မှာရှိနေခဲ့ပြီး မီးတောက်တွေကြားထဲက အော်ဟစ်အကူအညီတောင်းနေခဲ့တာကို တွေ့ရပြီး နောက်ပိုင်းမှာ သူဟာ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့တာပါ။

ခုလိုမီးတောက်တွေကြားမှာ အော်ဟစ်အကူအညီတောင်းနေချိန်မှာ မီးသတ်ဌာန ဒါမှမဟုတ် ကူညီကယ်ဆယ်မှုတခုခုလုပ်ရမယ့်အစား ခုလိုမှတ်တမ်းတင်ရိုက်ယူနေခဲ့တဲ့အတွက် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိနိုင်ပဲ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။

ဂွမ်ဒေါင်းခရိုင်မီးသတ်ဦးစီးဌာနက သူတို့ရဲ့ ဝေဘိုအင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်မှာ လှုပ်ရှားမှုဓာတ်ပုံတွေကို တင်ထားခဲ့ပြီး ခုလိုဝေဖန်ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ ခုလိုရုပ်သံဗွီဒီယိုဖိုင်ကို သွေးအေးအေးနဲ့ ရိုက်နိုင်ခဲ့တဲ့သူအစား ရှက် မိပါတယ်။ ခုလိုအသက်ဘေးနဲ့ ရင်ဆိုင်နေရချိန်မှာ ခင်ဗျားတို့အနေနဲ့ စူပါမန်းလိုမျိုး ကယ်တင်ရမယ်လို့ ကျနော်တို့မမျှော်လင့်ပါဘူး။ ဒါပေမယ့် ခုလိုအော်ဟစ်အကူအညီ တောင်းနေချိန်မှာတော့ ဒီလိုမလုပ်သင့်ပါဘူး။”

အဲဒီနောက်မှာတော့ မီးသတ်ဦးစီးဌာနအနေနဲ့ ခုလိုအခြေအနေမျိုးကြုံခဲ့ရရင် အကူအညီတောင်းနိုင်ဖို့ တိုက်တွန်းကာ လုပ်သင့်တဲ့ အချက်အလက်တွေကို မျှဝေခဲ့ပါတယ်။

အွန်လိုင်းပေါ်က ရုပ်သံဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဆွေးနွေးမှုတွေ မြင့်တက်လာခဲ့ပြီး ဒုက္ခရောက်သူကို အကူအညီပေးရမယ့်အစား ခုလို ရုပ်သံဗွီဒီယိုဖိုင်နဲ့ မှတ်တမ်းတင်ခဲ့တာကို မေးခွန်းထုတ်သူတွေရှိခဲ့ပါတယ်။

တချို့ကတော့ ရုပ်သံဗွီဒီယိုရိုက်သူအနေနဲ့ သွားရောက်ကယ်တင်ဖို့ဆိုတာ ကျွမ်းကျင်သူမဟုတ်ခဲ့ရင် ဒါဟာ မဖြစ်နိုင်ဘူးလို့ တချို့က ပြောပါတယ်။

ကန်နိုင်အမည်နဲ့ ဝေဘိုအသုံးပြုသူကတော့ “ဗွီဒီယိုရိုက်တဲ့သူဟာ တခြားသူတွေ ရဲကို သွားခေါ်နေတာ မြင်တဲ့အတွက် ခုလိုရိုက်ကူးခဲ့တာဖြစ်မှာပါ။ ခုလို မတော်တဆမှုမှာ သာမန်လူတယောက်အနေနဲ့ ဘာမှလုပ်ပေးလို့မရဘူးလေ”လို့ ရေးခဲ့ပါတယ်။

ဗင်းဆင့်အမည်နဲ့ ဝေဘိုအသုံးပြုသူကတော့ “တချို့လူတွေက ဗွီဒီယိုရိုက်တဲ့သူအနေနဲ့ သွားကယ်လို့မရဘူးလို့ ပြောပေမယ့် လူသားချင်းစာနာထောက်ထားသူဆိုရင်တော့ ခုလိုသွေးအေးအေးနဲ့ သေမှုသေခင်းနဲ့ ရင်ဆိုင်နေရချိန်မှာ ရပ်နေနိုင်လိမ့်မှာ မဟုတ်ဘူးလို့ ကျနော်ယုံကြည်ပါတယ်။ ဒါဟာ လူ့ကျင့်ဝတ်ကို မသိတာ၊ လူတယောက်ရဲ့အသက်ကို လျစ်လျူရှုရလောက်အောင် အသိဉာဏ်မဲ့တာပါ” လို့ ရေးခဲ့ပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး တဦးတယောက်ချင်းအမြင်နဲ့ ဝေဖန်မှုတွေဟာ မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပြီး ဘာကမှန်တယ်၊ ဘာကမှားတယ်ဆိုတာကို ညှိနှိုင်းလို့ မရနိုင်အောင် အင်တာနက်စာမျက်နှာတွေပေါ်မှာ ငြင်းခုံမှုတွေဖြစ်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

DVB


Previous
Next Post »
Powered by Blogger.