မြန်မာ့သမိုင်းကြောင်းများကို လေ့လာလိုသူများအတွက် ပထမဆုံးသော မြန်မာ့သမိုင်း လေ့လာရေး စင်တာ ကို ရန်ကုန်မြို့၊ လှည်းတန်းရှိ အနော်ရထာအိမ်ရာ၊ တိုက် (D)၊ အမှတ် (၅၀၁) တွင် မတ်လ ၁၈ ရက်က ဖွင့်လှစ်လိုက်သည်။
အသိပညာဆိုင်ရာလှုပ်ရှားမှုအဖြစ် နိုင်ငံကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်စေရန် ရည်ရွယ်၍ ယင်းစင်တာ ကို ဖွင့်လှစ်ခြင်းဖြစ်ပြီး မီဒီယာသမားများနှင့် မြန်မာအကြောင်း လေ့လာလိုသူများအတွက် အကိုးအကားပြုစ ရာ သတင်းရင်းမြစ် အများဆုံးရရှိသောစင်တာဖြစ်အောင် လာမည့်နှစ်နှစ်အတွင်း အကောင်အထည်ဖော်
ဆောင်ရွက်သွားမည်ဟု ယင်းစင်တာ တည်ထောင်သူတစ်ဦးဖြစ်သည့် ဦးရဲမျိုးဟိန်းက ဆိုသည်။
ယင်းစင်တာ တည်ထောင်ရခြင်းနှင့်ပတ်သက်ပြီး ဦးရဲမျိုးဟိန်းက ''၁၉၃၀ ပြည့်နှစ်မှာ မြန်မာပြည် အသိပညာ ပြန့်ပွားရေးအသင်းမှာ လူငယ်တွေက စာတွေဖတ်တယ်၊ စာတမ်းတွေ ပြုစုတယ်။ ဒီလူငယ်တွေက ၁၉၄၀ ကနေ ၁၉၆၀ ပတ်ဝန်းကျင်မှာ မြန်မာနိုင်ငံ တည်ဆောက်သူတွေ ဖြစ်လာတယ်။ ၁၉၆၀ နောက်ပိုင်းကျတော့ တဖြည်းဖြည်း လူငယ်တွေ ကျလာကြတယ်။ ဒါကို တစ်ထောင့်တစ်နေရာကနေ ပြန်လုပ်ပေးချင်လို့ပါ''ဟု ဆိုသည်။
အဆိုပါစင်တာတွင် မြန်မာ့သမိုင်းသာမက မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွာရေး စသဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သမျှ အကြောင်းအရာ အလုံးစုံကို လေ့လာနိုင်သော စင်တာဖြစ်စေရန် ရင်းမြစ်များ စုဆောင်း ထားကာ လာရောက်လေ့လာသူများ စာရေးဖတ်နိုင်ရန် နေရာများပြုလုပ်ပေးထားပြီး ပြည်တွင်းနှင့် နိုင်ငံခြား မှ ပညာရှင်များ၏ စာတမ်းဖတ်ပွဲများလည်း ကျင်းပ ပေးသွားမည်ဖြစ်သည်။
မြန်မာ့အရေးနှင့် မြန်မာ့သမိုင်းကို စာတမ်းပြုစုသူများအတွက်လည်း လိုအပ်သောအချက်အလက်များ ကူညီပေး သွားမည်ဟု ဦးရဲမျိုးဟိန်းက ပြောသည်။
ယင်းစင်တာသို့ လာရောက်လေ့လာသူ တစ်ဦးဖြစ်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး

ကောင်စီ ဥက္ကဋ္ဌရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးသွင်ဝင်း “ဦးတို့ငယ်စဉ်က မြန်မာ့သမိုင်းစင်တာ ဆိုတာ မရှိတော့ မြန်မာနိုင်ငံ အကြောင်း သိချင်ရင် စာကြည့်တိုက်ပေါင်းစုံ သွားလေ့လာရတယ်။ အခုလို မြန်မာ့သမိုင်းစင်တာ ဖွင့်တယ်။ စာတမ်းဖတ်ပွဲတွေ လုပ်ပေးမယ်ဆိုတော့ မြန်မာနိုင်ငံအကြောင်းကို မြန်မာ ကရေးတဲ့ လေ့လာဆန်းစစ်ချက်တွေ၊ ဝေဖန်သုံးသပ်ချက်တွေ ပေါ်ထွက်လာမယ်လို့ ထင်ပါတယ်'' ဟု ဆိုသည်။
နိုင်ငံတကာ တက္ကသိုလ်များတွင် မြန်မာအကြောင်း လေ့လာရေးသားထားသော စာအုပ်စာတမ်းများဖြင့် မြန်မာ့သမိုင်း လေ့လာရေး စင်တာများ ရှိသော်လည်း မြန်မာနိုင်ငံတွင် မရှိသေးကြောင်း၊ ယခုကဲ့သို့ စင်တာပေါ်ထွက်လာပြီး တစ်ဦးချင်းထက် စုပေါင်းသုတေသနများလုပ်ကာ မြန်မာ့အရေးကို ဆန်းစစ်လေ့ လာသင့်သည်ဟု ၎င်းက သုံးသပ်ပြောကြားသည်။
ထက်ထက်အောင် - mizzima

Sign up here with your email
ConversionConversion EmoticonEmoticon