ဝန်ကြီးဌာနများက ဖြေဆိုရာတွင် အမေးနှင့်အဖြေ လွဲမှားသည့်အတွက် ကိုယ်စားလှယ်များကို တိကျစွာမေးရန် ဥက္ကဋ္ဌ သတိပေး


အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် ကြယ်ပွင့်ပြမေးမြန်းရာတွင် အဖြေနှင့်အမေးများ လွှဲမှားနေ သည့်အတွက် မေးခွန်းနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနကို လေ့လာပြီး မေးမြန်းကြရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယနေ့ အစည်းအဝေးတွင် သတိပေးပြောကြားလိုက်သည်။

“မေးခွန်းတွေ မေးတာက သက်ဆိုင်တာ တစ်ဌာန လာဖြေတာ တစ်ဌာန၊ အဲဒီလို ဖြစ်ဖြစ်နေတာလေး တွေ့ရတယ်။ အားလုံးပါ ဥပမာနဲ့ပြောတာ ကိုယ်မေးတဲ့မေးခွန်းက ဘယ်ဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ ဘာသာရပ် ဆိုတာ လေ့လာလိုက်၊ အဲဒီဝန်ကြီးဌာနကို မေးမြန်းပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ သက်ဆိုင်တယ် ဆိုရင် နှစ်ခုကို မေးပါ။ လာဖြေတဲ့အခါ တည့်တာပေါ့”ဟု ၎င်းက ပြောသည်။

ပထမအကြိမ်အမျိုးသားလွှတ်တော်၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့က လွှတ်တော် ကိုယ်စားလှယ်ငါးဦး၏ မေးမြန်းမှုအပြီးတွင် အထက်ပါအတိုင်း သတိပေးပြောကြားလိုက်ခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းသည့်အခါတွင် လာရောက်ဖြေဆိုသော ဝန်ကြီး ဌာနများက လွှတ်တော်ကိုယ်စားလှယ်များ၏ ဒုတိယမေးခွန်းများ မေးမြန်းသည့်အခါများတွင် ဖြေဆိုနိုင်ခြင်း မရှိသည့်အတွက် သတိပေးခြင်းလည်း ဖြစ်သည်။

“မေးခွန်းကို ခေါင်းစဉ်နဲ့ တစ်ထပ်တည်းဖြစ်အောင် မေးကြပါ အားလုံးကို ပြောတာပါ” ဟု အမျိုးသားလွှတ်
တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

ထို့အပြင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုအစိုးရ တစ်ခုထဲနှင့် သက်ဆိုင်သည့် မေးခွန်းမဟုက်လျှင်လည်း အခြားသက်ဆိုင်သည့် ဝန်ကြီးဌာနများကိုပါ တိတိကျကျဖော်ပြပြီး မေးမြန်းရန် ပြောဆိုခြင်း ဖြစ်သည်။

မောင်သင်တုန်း - mizzima
Previous
Next Post »
Powered by Blogger.