အာဂျင်တီးနား လက်ရွေးစင်နှင့် ဘာစီလိုနာ အသင်း၏ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို အခွန်လိမ်မှု စွဲချက်ဖြင့် စပိန်တရားရုံး တစ်ခုက ထောင်ဒဏ် ၂၁ လ ချမှတ်လိုက်ကြောင်း သိရှိရသည်။
၂၀၀၇ မှ ၂၀၀၉ ခုနှစ် အတောအတွင်း စပိန်အစိုးရကို အခွန်လိမ်လည်ခဲ့ကြောင်း စွပ်စွဲမှုများအတွက် တရားရင်ဆိုင်နေရသည့် မက်ဆီနှင့်အတူ ဖခင်ဖြစ်သူ ဂျော့ဂ်ျမက်ဆီလည်း ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ မက်ဆီတို့ သားအဖသည် စုစုပေါင်း ယူရို ၄.၁ သန်းဖိုးမျှ အခွန် လိမ်လည်ထားကြောင်း သတင်းများက ဆိုသည်။
တရားရုံး စစ်ဆေးမှုများအရ မက်ဆီနှင့် ဖခင်ဖြစ်သူသည် ဘီလစ်ဇီနှင့် ဥရုဂွေးတို့တွင် အမည်ခံ ကုမ္ပဏီခွဲများ ထားရှိကာ ယင်းတို့ကို အသုံးချပြီး မက်ဆီ၏ ပုံရိပ်အသုံးပြုခွင့် ငွေကြေးများကို အခွန်မဆောင်ဘဲ လိမ်လည် စာရင်းဖျောက်ထားခြင်းဟု သိရသည်။ မက်ဆီ ကိုယ်တိုင်ကမူ ငွေရေးကြေးရေး ကိစ္စများကို ၎င်းအနေဖြင့် လုံးဝ ပါဝင်စီမံခြင်း မရှိသလို စွပ်စွဲချက်များနှင့် ပတ်သက်၍ အပြစ်မရှိကြောင်း ငြင်းဆန်ထားသည်။
မက်ဆီတို့ သားအဖ အနေဖြင့် ထောင်ဒဏ် ချမှတ်ခြင်း ခံရသော်လည်း အကျဉ်းထောင်ထဲတွင် ကြာရှည်စွာ ပြစ်ဒဏ်ကျခံရဖွယ် မရှိချေ။ စပိန်၏ ဥပဒေများအရ ၂ နှစ်အောက် ထောင်ဒဏ် ပြစ်ဒဏ်များကို ခံဝန်ချက်ဖြင့် နေထိုင်ခွင့် ရှိနေသောကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ခေတ်သစ် ဘောလုံးလောက၏ အထူးချွန်ဆုံး ကစားသမား တစ်ဦးဖြစ်သည့် မက်ဆီအတွက် ယခုပြစ်ဒဏ်က ဂုဏ်သိက္ခာပိုင်းအရ အလွန်ကြီးမားသည့် ထိုးနှက်ချက် ဖြစ်လာသည်။ မက်ဆီ၏ ပြစ်ဒဏ်နှင့် ပတ်သက်၍ ဘာစီလိုနာ အသင်းက လတ်တလော မည်သည့် မှတ်ချက်မျှ မပေးသေးကြောင်းလည်း သိရှိရသည်။
Ref: Mirror
7day
Sign up here with your email
ConversionConversion EmoticonEmoticon