အစိုးရသစ်က ရွှေပြည်ကြီး ရဲ့ ပညာရေးစနစ်ကို ပြုပြင် ပြောင်းလဲရာမှာ ကျူရှင်စနစ်ကို ပါ အမြစ်ဖြုတ်မယ်ဆိုပဲဗျ။ ကျုပ်တို့ဖြင့် ဝမ်းသာလှပါသဗျာ။ အနှီကျူရှင်ကိစ္စကို ကျကျနန ကိုင်တွယ်ရမယ်ဆိုတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကလည်း ကြားရပါရဲ့။
ကျုပ်တို့ကသာ ကြားကောင်းတာခင်ဗျ။ တကယ့်လက်တွေ့မှာ ကျူရှင်သင်ပြီး အပြင်ဝင်ငွေရှာနေ တဲ့ နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာ တွေ၊ ဆရာမတွေက ဒီအပေါ်မှာ ဘယ့်နှယ်လုပ်ရှုမြင်ကြသတုံး။ နှစ်ပေါင်းများစွာ ရေစုန်လေစုန်မှာ မျောချင်တိုင်း မျောနေတဲ့ ပညာရေးစနစ်အတွင်း ကျောင်းသားတွေကို ကျူရှင်သင်ပြီးသကာလ ဘဝရပ်တည်နေကြတဲ့ ပြင်ပဆရာတွေများလည်း ရှိသကိုးဗျ။ သူတို့ကကော ကျူရှင်ပပျောက်ရေးဆိုတဲ့ အစိုးရရဲ့ အစီအစဉ် အပေါ်မယ် ဘယ်လိုမြင်ကြသတုံးဗျာ။ ဒါလည်း စဉ်းစားစရာ။
သူတို့တင်က ရိုးလား။ကျောင်းသားမိဘတွေရဲ့ အမြင် ကလည်း ဘယ်လိုရှိတယ်ဆိုတာ စနည်းနာရဦးမယ်။ သိကြတဲ့ အတိုင်း အားလုံးမဟုတ်ပေတဲ့ ရွှေပြည်ကြီးက မိဘအတော်များများဟာ အနှာတို့ရဲ့ သားသမီး ပညာရေးနဲ့ပတ်သက်လာပြီလား ဟေ့ဆို အင်မတန်မှ ပညာရေး လောဘ ကြီးကြတာကိုးခင်ဗျ။ သူ့ထက်ငါ အပြိုင်အဆိုင်ပဲ။ တခြားအတန်းတွေမှာ မသိသာပေတဲ့ ဘဝတစ်ဆစ်ချိုးလို့ အမည်သညာညွှန်းခေါ်ကြတဲ့ ဆယ်တန်းအောင်စာရင်းများ ထွက်ပြီလားဟေ့ဆိုရင်ကြည့်။ ငါ့သားသမီးက ဘယ်နှဘာသာ ဂုဏ်ထူးဟဲ့၊ ဘာဟဲ့နဲ့ ပြိုင်ကြသေးတာကလား။ အဲဒီအုပ်စုကြားထဲမယ် ဆယ်တန်းကို ရိုးရိုးအောင်တဲ့ ကျောင်းသား မိဘကမျက်နှာဆီးစေ့လောက်ရှိတော့တာ။
ကျောင်းသားတွေဘက်က တော့ ကျူရှင်နဲ့ပတ်သက်ပြီး ကြီး ကြီးမားမား ခံစားချက်ရှိမယ် မထင်ပါဘူး။ ဘစီတို့လည်း ငယ် ရာကကြီးလာတာ။ ကျောင်းသား ဆိုသဟာမယ် အတန်းကြီးကြီး ငယ်ငယ် စာမသင်ရလေ ကောင်း လေ အောက်မေ့ကြတာ ဓမ္မတာပဲ ဟာ။
နို့ပေတဲ့ မိဘက တိုက်တွန်း လို့သော်လည်းကောင်း၊ ဆရာက ငါ့ကျူရှင် လာတက်ဆိုလို့သော် လည်းကောင်း အကြောင်းကြောင်းများကို ထောက်ရလို့သာ ကျူရှင် တက်ရတာ။ ကျူရှင်မရှိတော့လို့ ကျူရှင်မတက်ရဘူးဆိုရင်လည်း သူ့အတွက်ကတော့ ထူးခြားမယ် မထင်ဘူး။ ဒါပေသိ ဘယ်လို အမြင်မျိုးမှာမဆို ခြွင်းချက်ရှိစမြဲ ဆိုတော့ ကျူရှင်တက်မှ စာတော်မယ်လို့ အထင်ရှိတဲ့ ကျောင်းသားများလည်း အနည်းအများ ရှိကောင်းရှိမှာပဲ။
အဓိက ပြောချင်တာကတော့ အစိုးရက ကျူရှင်စနစ်ကို ပပျောက်ချင်တယ်ဆိုပေတဲ့ကျူရှင်ဆိုတဲ့ အပင်ကြီး အခက်အလက် ဝေဆာအောင် အထောက်အပံ့ပြုနေကြတဲ့၊ ရေသောက်မြစ်ဖြစ်တဲ့ဆရာ၊ မိဘနဲ့ ကျောင်းသားဆိုတဲ့ အင်အားစု သုံးဦးသုံးဖလှယ်က တကယ်ကော ပပျောက်ချင်ကြရဲ့လားဆိုတာ မေးစရာရှိတာပေါ့ဗျာ။
ဘစီတို့ကပညာရေး ကျွမ်းကျင်သူတွေတော့ မဟုတ်ပါဘူး။ နို့ပေတဲ့ ကိုယ်တိုင်လည်း ကျောင်းသားဘဝ တစ်လျှောက်လုံးမှာ ကျူရှင်နဲ့ မကင်းရာမကင်းကြောင်း ဖြစ်ခဲ့တာကတစ်ကြောင်း၊ ကျောင်းကထွက် ပြီးသကာလ အရပ်ထဲရောက်တော့လည်း ကျူရှင်နဲ့ လုံးထွေး ရစ်ပတ်နေတဲ့ကျောင်းသားနဲ့ မိဘတွေကို မမြင်ချင်မှအဆုံး ဖြစ် နေတော့ကာ နည်းနည်းပါးပါး ဝင်ပြောမိတာပါ။
ဘစီတို့အမြင်မယ် ကျူရှင် ပပျောက်ချင်တယ်ဆိုရင် ကျူရှင် သင်တာကို ပိတ်ပင်တာထက် ကျူရှင်ယူစရာ မလိုတဲ့ ပညာရေး စနစ်ကို ဖန်တီးတာက ရေရှည် အလုပ်ဖြစ်မယ်ထင်သဗျ။ ဒါက လည်း အထင်ပါ။ ပညာရေးစနစ် ကို ဘယ်လောက်ပြင်ပြင် ကျူရှင် သင်မှ စာတတ်တယ်ဆိုတဲ့ အမြင် က နှစ်ပေါင်းများစွာ ကျောင်းသား ရော ကျောင်းသားမိဘတွေကြား မှာပါ စွဲမြဲနေတော့ကာ အနှီအယူ အစွဲကို တော်တော်နဲ့တော့ ချွတ် နိုင်မယ်မထင်ဘူးဗျ။ ပြီးတော့ လည်း ဆရာတွေပေါ့လေ။ အပြင် ကျူရှင်ဆရာကိုထား၊ နိုင်ငံ့ဝန် ထမ်း ဆရာတွေ၊ ဆရာမတွေ ကိုယ့်ကျောင်းသားကိုယ် ကျူရှင် ပြန်သင်တဲ့ကိစ္စကိုတင် မနည်းပြင် မှရမယ်။
နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမတွေ ကျူရှင်မသင်ရဘူးလို့ ညွှန်ကြားတာလည်း အတော်ကြာ နေပြီပဲ။ ဒါပေသိ လက်တွေ့မှာ ဘာဖြစ်လဲ။ သင်မြဲသင်ဆဲပါပဲ။ သူ့အရပ်နဲ့ သူ့ဇာတ် အဆင်ကိုပြေ လို့။
ညွှန်ကြားချက် ဖောက်ဖျက် လို့ ဘယ်ကျောင်းက ဆရာတွေ၊ ဆရာမတွေကိုတော့ဖြင့် အရေး ယူတယ်လို့လည်း ဘစီတို့ တစ်ခါ ဖူးမှ ယောင်လို့တောင် မကြားခဲ့မိ ပေါင်။ သဟာလို အရေးယူရမှာဖြင့်လည်း တစ်နိုင်ငံလုံးက ကျောင်းတွေ ဆရာမရှိလို့ ပိတ်ပစ်ရမယ့်ကိန်းပဲ။
ဆရာတွေ၊ ဆရာမတွေ ဘက်ကကျတော့လည်း ကျူရှင် သင်ရတယ်ဆိုတာ သူ့အကြောင်း ပြချက်နဲ့သူတော့ ဟုတ်နေတာ ခင်ဗျ။ အဓိကအကြောင်းကတော့ ရတဲ့လစာနဲ့ မလောက်ငတဲ့ ပြဿနာပဲ။ လစာနဲ့မလောက် ငလို့ အပြင် ဝင်ငွေရှာမယ်ဆိုတော့ ကျူရှင်သင်တာက အစဉ်အလာ အလုပ်အကိုင်လို့တောင် ဖြစ်နေ မင့်ဟာကိုး။ ဒါနဲ့ ကျူရှင်သင်တာ ပဲ။ အစိုးရလစာရယ်၊ ကျူရှင်သင် လို့ရတဲ့ ဝင်ငွေရယ်နဲ့ပေါင်းတော့ စားလောက် သောက်လောက် တော့ ရှိတာပေါ့။ နို့ပေတဲ့ ရွှေ ပြည်ကြီးမှာက ကုန်ဈေးနှုန်းဆို သဟာ အတက်ပဲရှိတာဆိုတော့ မြင့်မားလာတဲ့ ကုန်ဈေးနှုန်းကို အမီလိုက်ဖို့ ကျူရှင်တွေ တစ်ဝိုင်း ပြီးတစ်ဝိုင်း ဆက်ရတော့တာပေါ့။
ဒီမှာ မေးစရာက နိုင်ငံ့ဝန် ထမ်းကျောင်းဆရာ၊ ဆရာမတွေ ကို အစိုးရက လစာတိုးပေးမယ် ဆိုရင် ကျူရှင်မသင်ကြတော့ဘူး လား။ ငွေဆိုတဲ့အမျိုးကလည်း ဘယ်လောက်ရှာလို့ရရ လူ့စိတ် မယ် လောက်ငတယ်လို့မှ မရှိတဲ့ ဟာပဲ။
ဆိုတော့ အစိုးရက ကျူရှင်ပပျောက်ချင်လို့မို့ သူ့ရဲ့ဝန်ထမ်းကျောင်းဆရာ၊ ဆရာမ တွေကို ကျူရှင်မသင်နဲ့ လစာတိုးပေးမဟဲ့ဆိုလည်း သင်တဲ့သူကတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့သင်ကြမှာပါပဲ။ ကျူရှင်သင်တဲ့ သူရှိလို့ ကျူရှင်ထားတဲ့ ကျောင်းသားရှိရတယ်။ အနှီကျူရှင်သင်တဲ့ ကျောင်းသားရှိလို့ကိုပဲ ကျူရှင်သင်တဲ့ ဆရာကလည်း ရှိနေရတယ်။ အဲသဟာနဲ့ပဲ ဂျာအေးသူ့ အမေရိုက် လုံးချာလိုက်နေတယ် ဆိုရမှာပေါ့လေ။ ဘယ့်နှယ်လုပ်ကြမတုံး။
ရွှေပြည်ကြီးမှာ ကျူရှင်စနစ် အမြစ်တွယ်ရတဲ့ ပင်မတရားခံက တော့ ပညာရေးစနစ် ပျက်စီးသွား ခြင်းပဲ။ ပညာရေးတင်လားဆို တော့ မဟုတ်ဘူး။ စီးပွားရေး မ ကောင်းခြင်းကလည်း တရားခံရဲ့ အပေါင်းအပါပဲခင်ဗျ။ အဲဒါတွေရဲ့ လက်သည်တရားခံ အမှန်ကတော့ စစ်အာဏာရှင်စနစ်ပဲ။ ဘစီတို့ဟာ ကျူရှင်ပညာရေးနဲ့ ယဉ်ပါးပြီး ကြီးပြင်းရတဲ့ မျိုးဆက်ပဲ။ ဘစီတို့ မိဘတွေဖြစ်လာတော့လည်း ကလေးတစ်ယောက် အရွယ်ရောက်လို့ရှိရင် ကျောင်းထားရမယ်။ ကျူရှင်ထားရမယ်ဆိုတဲ့ ပုံသေ အတွေးအမြင်ကြီးနဲ့ အသားကျ နေကြပြန်ရောဗျ။
ကျူရှင်နဲ့ စာမေးပွဲအောင်၊ တက္ကသိုလ်ရောက်၊ ဘွဲ့ရ၊ ကျောင်းဆရာဖြစ်လာတဲ့ သူတွေကလည်း အချိန်တန်ရင် အစိုးရကျောင်းမှာလည်း စာသင်၊ အပြင်မှာလည်း ကျူရှင်သင်၊ ဒါဟာလုပ်ရိုးလုပ်စဉ်လုပ်ရမယ့် သူ့ အလုပ်လို့ မြင်နေတယ်။ ကျောင်းသားကလည်း ကျောင်းမှာစာသင်ရုံနဲ့ မလုံလောက်ဘဲ အပြင်မှာ ကျူရှင်လေးတက် လိုက်ရတော့မှ စာတတ်တယ်၊ စာမေးပွဲအောင်မယ်ဆိုတဲ့ အထင်လည်း သွေးထဲမှာ အရိုးစွဲသလိုတောင်ဖြစ်နေပြီ။ ဒီမှာတင်ကျောင်းသား၊ မိဘ၊ ဆရာဆိုတဲ့ သုံးဦးသုံးဖလှယ်ဟာ စစ်အာဏာရှင်စနစ်ရဲ့ မှားယွင်းချွတ်ချော်မှုထဲမှာ စနစ်တကျ အသားကျလည်ပတ်နေရတဲ့ ခွေးသွားစိပ်လေးတွေလို ဖြစ်နေရတာပဲဗျာ။ ဒါကိုလည်းဘယ်လို လုပ်ကြမတုံး။
သဟာကြောင့် ကျူရှင်စနစ် ပပျောက်ဖို့ အစိုးရက လုပ်မယ်ဆို တာ ဘစီတို့ လက်ခုပ်သြဘာတီး ပါရဲ့။ နို့ပေတဲ့ အမယ်ဘုတ်ရဲ့ ချည်ခင်လို ရှုပ်ရှုပ်ထွေးထွေးဆို တော့ကာ ဒါကို ရှင်းလင်းဖို့ကျ တော့ အတော်ခက်မယ့် အလုပ် လို့ မြင်မိပါတယ်။ နိုင်ငံ့ဝန်ထမ်း ဆရာတွေကို အပြင်ကျူရှင် မသင်ဖို့ ညွှန်ကြားရမှာဖြစ်သလို ကျောင်းသားနဲ့ မိဘတွေကိုလည်း မလိုအပ်ရင် ကျူရှင်မသင်ကြဖို့ နှိုးဆော်ရမယ်။ ပြီးတော့ ကျူရှင် သင်ဖို့မလိုတဲ့ ပညာရေးစနစ်ကို လည်း ပြုပြင်ပြောင်းလဲရမှာပဲ။ ဆိုင်ရာ ကျောင်းသား၊ မိဘနဲ့ ဆရာများရဲ့ အတွေးအမြင်ကို လည်း ပြင်ဆင်ရမှာပဲ။ လွယ်တော့မလွယ်ဘူး။ စိတ်ရှည်ရမယ်။ သည်းခံရမယ်။ဘာကြောင့် မလွယ်ဘူးလဲ ဆိုတော့ ပြောပြမယ်ဗျ။ မကြာ သေးမီ တစ်မနက်က ဘစီ မနက် စာအတွက် မုန့်ဟင်းခါးထွက်ဝယ် တော့ မုန့်ဟင်းခါးဆိုင်မှာ ရပ် ကွက်ထဲက မျက်နှာသိတွေ အချင်းချင်း စကားဝိုင်းဖွဲ့နေတာ အမှုမဲ့အမှတ်မဲ့ ကြားရသဗျာ။ ဘာကြားရသတုံးဆိုတော့ တစ်ယောက်ကပြောတယ်။ သူ့သား အခု ဒီနှစ်မှသူငယ်တန်းတဲ့။ အစိုးရသစ်က ပြုပြင်စီစဉ်ထားတဲ့ ပညာရေးစနစ်မှာ သူငယ်တန်းကလေးတွေကို လေးလံတဲ့စာတွေ မသင်ရဘူး ဆိုတာလည်း သူတို့သိပါသတဲ့။ ကလေးတွေကို ပုံပြင်ပြောပြ၊ သီချင်းဆိုပြ၊ ကဗျာရွတ်ပြနဲ့ကျောင်းနေပျော်ဖို့ လုပ်ပေးတာ ကလေးမိဘတွေအနေနဲ့ လွှတ်ကြိုက်သတဲ့။
အေးလေ။ အဲသဟာ ဘာ ဖြစ်သတုံး။ ဒါများ စကားမရှိ စကားရှာ မုန့်ဟင်းခါးဆိုင်မှာ စကားဝိုင်းဖွဲ့ရတယ်လို့။ ဘစီ စဉ်းစားတာပါ။ မုန့်ဟင်းခါးသည် ကလည်း ဟုတ်တယ်လေ ဘာ ညာနဲ့ စကားရော ဖောရောလုပ် ပြီး ကျုပ်မှာထားတဲ့ မုန့်ဟင်းခါး ပါဆယ်နှစ်ထုပ်ကျ အခုထိမလုပ် ရသေးဘူး။ ဘစီလည်း နည်းနည်း တော့ စိတ်တိုလာပြီ။ နို့ပေတဲ့ သူတို့ဆက်ပြောတဲ့ စကားကြောင့် ဘစီမှာ ပါးစပ်အဟောင်းသား ဖြစ်ကရော။ ခုနင်က ကျောင်း သားမိဘကပဲ ဆက်ပြောလိုက် တာ ဟောသလိုပါတဲ့ဗျာ။
အနှာလို စာမသင်ဘဲ ပုံပြင် ပြော၊ ကဗျာရွတ်၊ သီချင်းဆိုနဲ့ မူကြိုသာသာရှိတဲ့ သူ့သားသူငယ် တန်းကျောင်းသားကြီးဟာ အခုအခါ ကျူရှင်တက်နေရပါသတဲ့။ အခု ကလေးတင် ကျူရှင်ကအပြန် မုန့် ဟင်းခါးဝင်စားတာ ဖြစ်ပါတယ် တဲ့လေ။ သူ့စိတ်ထဲမှာ သဟာလို ဘာစာမှ မည်မည်ရရ အသင်မခံ ရတဲ့၊ သင်ဖို့လည်း မလိုသေးတဲ့ သူငယ်တန်းကျောင်းသားခမျာ ကျူရှင်တက်နေရတယ်ဆိုတာကို နည်းနည်းမှ ဘဝင်မကျဘူးတဲ့။ ဒါပေတဲ့ မတတ်နိုင်ဘူး။ သူရို့အတန်းပိုင်ဆရာက သူ့ဆီမှာ ကျူရှင်တက်ရမယ်လို့ ဆိုလေတာ ကြောင့် အခုဆိုရင် ကျူရှင်ကို မနက်စောစောထ ပြေးနေရပါပြီ တဲ့။
ကိုင်း . . .ကောင်းကြသေးရဲ့ လား အယ်ဒီတာရေ့။ ကျောင်း ဆရာတွေ ကျူရှင်မသင်ရဘူး ပြောပြော၊ ပညာရေးမူဝါဒ ပြင်မဟလို့ပဲဆိုဆို မည်သို့ပင်ဖြစ်စေကာမူ ဘစီတို့ အရပ်ထဲမှာတော့ကျူရှင်ဟာ သူ့အရပ်နဲ့သူ့ဇာတ် ပန်းပန်လျက် ရှိတယ်ဆိုတာ ဘစီနားနဲ့ဆတ်ဆတ် ကြားရလို့ကျူရှင်ကင်းစင်တဲ့ အနာဂတ် ပညာရေး လောကကြီးကို အမျှော်ကြီးမျှော်လင့်နေတဲ့ ဟောဒီဘစီခမျာ ရင်တလှပ်လှပ် ဖတ်သိုးဖတ်သတ် ဖြစ်ရပါတဲ့အကြောင်း အဲ့သဟာအယ်ဒီတာတို့ကို လာပြောတာ။ တော်သေး ပြီ။။
ဘစီ - 7day
Sign up here with your email
ConversionConversion EmoticonEmoticon