သခင်တင်မြ ကွယ်လွန်ပြီတဲ့...




ပထမအရွယ်ကနေ နောက်ဆုံးအရွယ်အထိ နိုင်ငံကို လွတ်လပ်လိုဇော၊ တိုးတက်လိုဇော၊ ကြီးပွားလိုဇောနဲ့ ကြိုးပမ်းခဲ့သူ နိုင်ငံရေးသမားတစ်ယောက်၊ မြန်မာပြည်ကနေ တိတိတ်လေးကွယ်ပျောက်သွားခဲ့ရပြီ။
သူစာအုပ်တွေဖြစ်တဲ့ ဘုံဘ၀မှာဖြင့်၊ ထပ်ချပ်မကွာ၊ တိုင်း ၇တိုင်းဖက်ဆစ်တော်လှန်ရေး စတာတွေထဲက ဖေါ်ပြချက်အရ သူဟာ ပထမဆုံးနီးစပ်ခဲ့တာ သခင်မြ၊ နောက်တော့ ထောင်ကျတော့ သခင်နု၊ သခင်စိုး၊ သခင်သန်းထွန်း နဲ့ သခင်ဗဟိန်းတို့နဲ့ တော်တော်လေး နီးစပ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ် ထောင်က လွတ်တော့ သခင်ဗဟိန်းနဲ့ တွဲပြီး မြေအောက်လှုပ်ရှားမှုကိုစခဲ့တယ်။ နောက်တော့ ဂျပန်ဝင်လာတော့ သခင်စိုးနဲ့ ပြန်တွေ့တယ် အဲဒီကတည်းက သူဟာ သခင်စိုးရဲ့ တပည့်ရင်းဖြစ်ခဲ့တယ်။

ဗိုလ်ချုပ်နဲ့ သူထိတွေ့တာက ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလ သခင်စိုးနဲ့ ဗိုလ်ချုပ်ကြား ဆက်သွယ်ရေး အဖြစ် တာဝန်ယူခဲ့ရတဲ့အချိန်။ ဒီကနေ တိုင်း ၇ တိုင်း ဖက်ဆစ်တော်လှန်ရေးလုပ်တော့ ဗိုလ်မှူးအောင်က စစ်ရေးခေါင်းဆောင်၊ သူက နိုင်ငံရေးခေါင်းဆောင်အဖြစ် မြန်မာပြည်အလယ်ပိုင်း တိုင်းတစ်တိုင်းကို တာဝန်ယူခဲ့ရတယ်။ အသက်အငယ်ဆုံး နိုင်ငံရေးခေါင်းဆောင်။

လွတ်လပ်ရေးခေတ်မှာ ဗိုလ်ချုပ်ကို အပြင်းအထန်ဝေဖန် ပုပ်ခပ်တဲ့ ကွန်မြူနစ် ပြည်သူ့အာဏာ ဂျာနယ်ကို တာဝန်ခံထုတ်ဝေတဲ့သူ။ ထပ်ခြပ်မကွာ ထဲမှာ ဗိုလ်ချုပ်ကို စော်ကားခဲ့တဲ့ ဒီအမှားတွေအတွက် သူနောင်တရပြီး ဗိုလ်ချုပ်အတ္တုပတိပြုစုပြီး ကန့်တော့ချင်လို့ ဆိုထားတယ်။ ဒါပေမဲ့ ဆရာမောင်စူးစမ်းနဲ့ပေါင်း ပြီး ၂၀၀၈ ခြေဥကို အရောင်တင်ပေးပြီး နောက်ဆုံးကာလမှာ အမှားထပ်ကျူးလွန်ပြန်တယ်။

ကွန်မြူနစ်တွေကြား အလံနီ-အလံအဖြူအကွဲ ဟာ သူနဲ့ပတ်သက်တဲ့ ပယောဂအချို့ပါဝင်ခဲ့သလို တော်လှန်ရေးကောင်စီနဲ့ ဗ-က-ပ တို့ ဆွေးနွေးပွဲပျက်တဲ့အကြောင်းတွေထဲမှာလည်း သူကဏ္ဍက ပါနေပြန်တယ်။

ဒါအပြင် တိုင်းပြည်ကို ဂျောက်ထဲ ထိုးကျစေခဲ့တဲ့ မ-ဆ-လ ရဲ့ ပြည်သူပိုင်သိမ်းတဲ့ အဓိက လက်သည်တွေဟာ ဦးဘညိမ်ရယ်၊ သူရယ် နောက် ဗိုလ်မှူးချုပ်တင်ဖေ ရယ်လို့ စွတ်စွဲသူတွေက စွတ်စွဲကြတယ်။

၉၀ NLD ထဲမှာ ထိတ်ပိုင်း ပုဂ္ဂိုလ်ထဲကတစ်ယောက်ဖြစ်ခဲ့ပြီး ၂၀၀၈ ခြေဥနဲ့ ပတ်သက်လို့ အိုင်ဒီယိုလော်ဂျီ အရ NLD ကို အဓိကထိုးနှက်တဲ့သူတွေထဲက တစ်ယောက်ဖြစ်သွားခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူဟာ ဘ၀တစ်ခုလုံးကို နိုင်ငံရေးမှာမြုတ်နှံခဲ့တဲ့သူပါ၊ သပိတ်တပ်သား၊ ထောင်ကျဖူးတယ်၊ တပ်မတော်သားဖြစ်ဖူးတယ်၊ နိုင်ငံရေးခေါင်းဆောင်၊ တော်တွင်းလက်နက်ကိုင် ပျောက်ကြားခေါင်းဆောင်၊ ယူဂျီခေါင်းဆောင်၊ မ-ဆ-လ ခေါင်းဆောင်၊ NLD ခေါင်းဆောင် နဲ့ NLD ကို ဆန့်ကျင်တဲ့ စာပေသမားများခေါင်းဆောင်တွေထဲက တစ်ယောက်။

မပြည့်စုံဘူး ကြားဖူးနားဝတွေ မော်ကွန်းတိုက်ထဲက ဟာတွေနဲ့ လိုရာဆွဲရေးတယ် ဘာညာနဲ့ ဝေဖန်သူတွေ ဝေဖန်ကြပေမဲ့ သူ့ရဲ့ “ဘုံဘ၀မှာဖြင့်” ဆိုတာနဲ့ “ထပ်ချပ်မခွာ” ဆိုတဲ့ စာအုပ် ၂ အုပ်ရယ် “တိုင်းကြီး ၇ တိုင်း ဖက်ဆစ်ဂျပန်တော်လှန်ရေး” ဆိုတဲ့ စာအုပ်ရယ်ဟာ ၁၉၃၉ ကနေ ၁၉၅၉ နှစ်ပေါင်း ၂၀ မြန်မာ့နိုင်ငံရေးသ မိုင်းကို နောင်လာနောက်သား မျိုးဆက်သစ်တွေ ကွင်းကွင်းကွက်ကွက် မြင်နိုင်အောင် ရေးသားထားတဲ့ စာအုပ်တွေအဖြစ် အထောက်အထားပြုခ့ရတဲ့ စာအုပ်တွေပါပဲ။

ဒီစာအုပ် ၃ အုပ်ထဲမှာ အဲဒီခေတ် မြန်မာနိုင်ငံရေး အခြေနေနဲ့ သမိုင်းထဲက ဇာတ်လိုက်ကျော်တွေဖြစ်တဲ့ သခင်အောင်ဆန်း၊ သခင်နု၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ဗိုလ်နေ၀င်း၊ သခင်သိန်းဖေ၊ ဗိုလ်ဇေယျ၊ ရဲဘော်ဂိုရှယ် စတဲ့သူတွေအပြင် သူတို့ရဲ့ ဇနီးသည်တွေရဲ့အကြောင်းတွေကိုပါ နီးနီးကပ်ကပ်ချယ်မှူံးးထားတာမို့ မမှီလိုက်တဲ့ ကျနော်တို့လို မျိုးဆက်သစ်တွေကို အဲဒီ ဆယ်စုနှစ်များဆီ အလည်ခေါ်သွားသလိုပါပဲ။
သခင်တင်မြဆီက ဗိုလ်ချုပ်အထ္ထုပတိကိုမျှော်လင့်ခဲ့ပေမဲ့ မဖတ်ရတော့ပါဘူး။ ကောင်းရာဘုံဘ၀ ရောက်ပါစေ ...

Aung Zin Latt
Previous
Next Post »
Powered by Blogger.