ကင်ဆာရောဂါ ခံစားနေရတာချင်းအတူတူ တစ်ယောက်စာ ဆေးဖိုးပဲ တတ်နိုင်လို့ သမီးကို ဦးစားပေး ဆေးကုစေခဲ့တဲ့ ဖခင်




ငွေကြေး ကြပ်တည်းတဲ့ မိသားစုက သားအဖနှစ်ဦး ကင်ဆာရောဂါ ဖြစ်ခဲ့ချိန်မှာ ဖခင်ဖြစ်သူက သူ့ရောဂါကိုကုဖို့ ငြင်းဆန်ခဲ့ပြီး သမီးဖြစ်သူကိုပဲ ဦးစားပေး ကုသစေခဲ့ပါတယ်။ အသက်(၃၇)နှစ်ပဲ ရှိသေးတဲ့ ကျန်းလင်းဟာ ပျော်ပျော်နေတတ်သူဖြစ်ပြီး အသက်(၁၃)နှစ်နဲ့ အသက်(၆)နှစ်အရွယ်ရှိတဲ့ ချစ်စရာကောင်းတဲ့ သမီးနှစ်ယောက်ရှိပါတယ်။ ကုန်တင်ကားမောင်းတဲ့ ကျန်းလင်းရဲ့ ၀င်ငွေနဲ့ သူတို့မိသားစု ချောင်ချောင်လည်လည်ရှိခဲ့ပြီး မိသားစုဘ၀ စိုပြေခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ မေလမှာ ကျန်းလင်းတို့ မိသားစုဘ၀ တစ်ဆစ်ချိုး အလှည့် အပြောင်းဖြစ်ခဲ့ပြီး ကျန်းလင်းနဲ့ သူ့သမီး အကြီးမှာ ကင်ဆာရှိနေတာ တွေ့ရှိခဲ့ပါတယ်။ ကျန်းလင်းရဲ့ သည်းခြေအိတ်ကင်ဆာက
ကျွမ်းတဲ့အဆင့် ရောက်နေပြီးအသက်ရှင်ဖို့ မျှော်လင့်ချက်မရှိတော့တာကြောင့်
နောက်ဆုံးနေ့ရက်တွေ ရေတွက်ရမယ့်အချိန် ရောက်လာခဲ့ပါတယ်။ ဒီအချိန်မှာ သူ့သမီးအကြီးကလည်း သွေးကင်ဆာရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရပါပြီ။

ကျန်းလင်းမှာ ကင်ဆာရှိနေမှန်း သိခဲ့တဲ့ အချိန်ကတည်းက ကုန်ကျခဲ့တဲ့
ဆေးဖိုးငွေကြောင့် သူတို့မိသားစု ငွေကြေးအတွက် ရတက်ပွေခဲ့ရပြီး မတတ်နိုင်တဲ့အဆုံး အွန်လိုင်းပေါ်ကတစ်ဆင့် အကူအညီတောင်းခဲ့ရာမှာ ခဏချင်းအတွင်း အလှူငွေ အမေရိကန်ဒေါ်လာ ၃ ထောင်ကျော် ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီငွေက သူတို့သားအဖနှစ်ယောက်လုံးရဲ့ ဆေးကုစရိတ်အတွက် မကာမိနိုင်ပါဘူး။ ဒါကြောင့် ကျန်းလင်းက သူ့ရောဂါကို မကုတော့ဖို့ ဆုံးဖြတ်ခဲ့ပြီး သမီးငယ်ကိုပဲ ရောဂါကုစေခဲ့ပါတယ်။

''သမီးက အသက်ငယ်ငယ်လေးရှိသေးတယ်။ ဘ၀ခရီးရှည်ကြီးကို ဆက်လျှောက်ရဦးမယ့်သူပါ။ အကောင်အထည်ဖော်ရမယ့် အိပ်မက်တွေလည်း အများကြီးရှိပါသေးတယ်။ ကျန်းမာပျော်ရွှင်တဲ့ မိန်းကလေးတစ်ယောက်အဖြစ် သူ လူလားမြောက်ဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်''လို့ ကျန်းလင်းက
ပြောပါတယ်။

သူတို့မိသားစု အကူအညီလိုချိန်မှာ အလှူငွေထည့်ခဲ့ကြတဲ့အပေါ် တစ်ခုခု ပြန်လုပ်ပေးချင်တဲ့ ကျန်းလင်းဟာ သူ့ခန္ဓာကိုယ်က သန်စွမ်းတဲ့ အစိတ်အပိုင်းတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။'' တခြားလူတွေဆီကနေ ကျွန်တော်တို့ အကူအညီအများကြီးရခဲ့တယ်။ အခုချိန်မှာ သူတို့ကို ကျွန်တော် ပြန်မပေးဆပ်နိုင်ပေမယ့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေတော့ ပေးလှူလို့ရပါတယ်။ စစ်မှူထမ်းဟောင်း တစ်ယောက်အနေနဲ့ အခုလို လှူဒါန်းခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ''လို့ ကျန်းလင်းက ပြောပါတယ်။

ကျန်းလင်းဟာ သူသေသွားရင်တောင် အခြားသူတစ်ဦး မျက်စိအလင်းရဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့မှာ သူ့ရဲ့ မျက်ကြည်လွှာကို လှူဒါန်းဖို့ သဘောတူညီခဲ့ပါတယ်။ အရမ်းအားနည်းနေတဲ့ ကျန်းလင်းဟာ စာရွက်ပေါ်က လက်ဗွေရာ နေရာမှာ လက်ဗွေမနှိပ်နိုင်လို့ သူ့အမေက ကျန်းလင်းရဲ့ လက်ကို ဆွဲယူပြီး လက်ဗွေရာ နေရာမှာ ဖိပေးခဲ့ရပါတယ်။

နောက်ဆုံးနေ့စွဲတွေကို ရေတွက်ခံနေရတဲ့ ကျန်းလင်းရဲ့ တစ်ခုတည်းသော အိပ်မက်ကတော့ သူနေထိုင်တဲ့ ဟူနန်ခရိုင်၊ ကျူကျိုးမြို့ကနေ အရမ်းဝေးလွန်းတဲ့ ရှန်ဟိုင်းမြို့မှာ ဆေးသွားကုတဲ့ သူ့သမီးနဲ့ သူ့ဇနီးကို မသေခင် နောက်တစ်ကြိမ်တွေ့သွားချင်တာပါ။

Ref : CCTV
Nz
Previous
Next Post »
Powered by Blogger.