လက်ထပ်ခွင့်တောင်းမှုကို ငြင်းဆိုသည့် ပါကစ္စတန် မိန်းကလေးငယ်တစ်ဦး မီးရှို့သတ်ဖြတ်ခံရ


ပါကစ္စတန် နိုင်ငံတွင် လက်ထပ်ခွင့် တောင်းဆိုမှုကို ငြင်းပယ်မိသဖြင့် အသက် ၁၈ နှစ်အရွယ် ကျောင်းသူ မိန်းကလေးငယ်တစ်ဦး မီးရှို့သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

မေ ၃၀ ရက်က မာရီယာ အက်ဘာဆီသည် နေအိမ်တွင် ရှိနေစဉ် သူမကို ရန်ငြှိုးထားသည့် အမျိုးသား တစ်ဦးက ယခုလို ရက်စက်စွာ တိုက်ခိုက်ခဲ့ခြင်းဟု မိသားစုများက ပြောကြားခဲ့သည်။ ထိုသူသည် မာရီယာကို ရိုက်နှက်ကာ ဓာတ်ဆီလောင်းပြီး မီးရှို့ကာ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ မိန်းကလေးသည် မီးလောင်ဒဏ်ရာများ ဆိုးရွားစွာ ရရှိသွားခဲ့သည်။

“အဲဒီတုန်းက ကျွန်တော့် တူမက သူ့ရဲ့ ၅ နှစ်အရွယ် ညီမလေးကို ထိန်းနေတာပါ။ မိသားစုကလည်း ဈာပန တစ်ခု လိုက်ပို့နေတယ်လေ”ဟု မာရီယာ၏ ဦးလေးတော်စပ်သူ ရာဖာကတ် အက်ဘာဆီက ဆိုသည်။ “ဈာပန လိုက်ပို့နေတုန်း အိမ်နီးချင်းတွေက မိသားစုကို လှမ်းအကြောင်းကြားလာတယ်။ မာရီယာ မီးလောင်ခံရတယ် ဆိုတာကိုပါ။ ပထမတော့ မတော်တဆမှု တစ်ခုခုလို့ ထင်နေကြတာ”ဟုလည်း ရာဖာကတ်က ဖွင့်ဟခဲ့သည်။ သို့သော် မိသားစုဝင်များသည် ပါကစ္စတန် အရှေ့မြောက်ပိုင်း မာရီးမြို့ပြင်ရှိ ဒါဗဲလ်ကျေးရွာ နေအိမ်သို့ ပြန်ရောက်လာချိန်တွင် ချောက်ချားစရာ သတင်းဆိုးကို ကြားသိလာရသည်။

“မာရီယာက ကြမ်းပြင်ပေါ် လဲနေတုန်းပဲ။ သူ့ခန္ဓာကိုယ် ၈၅ ရာခိုင်နှုန်းလောက် မီးတွေလောင်ထားတယ်”ဟု ရာဖာကတ်က ဆိုသည်။ မိသားစု ပြန်ရောက်မလာမီ နေအိမ်ထဲသို့ ဆွေမျိုးတော်စပ်ခြင်း မရှိသူ အမျိုးသား ၄ ဦး ဝင်ရောက်ကာ မာရီယာ၏ အခြေအနေကို ကြည့်ရှုခဲ့ပြီး မိသားစုများထံ အကြောင်းကြားခဲ့သည်။ “ကျွန်တော်တို့ ရွာက ကားလမ်းမပေါက်ဘူး။ ဒီတော့ အနီးဆုံး ကားလမ်းထိ မာရီယာကို ထိုင်ခုံပေါ် တင်ခေါ်သွားရတယ်။ အဲဒီကနေ လူနာတင်ယာဉ်ပေါ် ပြောင်းသယ်ရတာ”ဟုလည်း ဦးလေးဖြစ်သူက ပြောကြားခဲ့သည်။

မာရီယာကို မိုင် ၃၀ အကွာရှိ အစ္စလာမ်မာဘတ်မြို့တော်မှ ပါကစ္စတန် ဆေးသိပ္ပံဌာနတွင် တင်ပို့ ကုသခဲ့သော်လည်း မကြာမီတွင်ပင် ကွယ်လွန်ခဲ့သည်။ ဇွန် ၁ ရက်တွင်မူ ရဲများက မာရီယာကို သတ်ဖြတ်မှုနှင့် ဆက်နွှယ်သူ ၃ ဦးကို ဖမ်းဆီးခဲ့သည်။

မာရီးမြို့ ရဲတပ်ဖွဲ့က နောက်ထပ်သံသယရှိသူ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဝရမ်း ထုတ်ပြန်ထားသည်။ ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်က အဆိုပါအမှုကို စုံစမ်းစစ်ဆေးရန်အတွက် အဖွဲ့ဝင်သုံးဦးပါ အထူးကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်ခဲ့သည်။

ပါကစ္စတန်တွင် အမျိုးသမီးများအပေါ် ကြမ်းတမ်းရက်စက်စွာ ဆက်ဆံမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲဟု ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင်က ဆိုသည်။ ၂၀၁၅ ခုနှစ်က ရဲတပ်ဖွဲ့၏ အကြိုစစ်ဆေးမှုများအရ မိန်းကလေးများ မီးရှို့ခံရသည့်အမှု ၇၆ ခုထိ ရှိခဲ့ကြောင်း သိရသည်။

Ref: CNN
7day
Previous
Next Post »
Powered by Blogger.