နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို လာအိုနိုင်ငံက ကော်ဇောနီခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့စဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ) |
ခရီးစဉ်၌ သမ္မတနှင့် ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နိုင်ငံခြားရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးတို့ ပါဝင်သည်။ သို့သော် စွမ်းအင်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးတို့ ပါဝင်ခြင်းမရှိပေ။ အကယ်၍ လာအိုထံမှ လျှပ်စစ်ဓာတ်အား ၀ယ်ယူရေးဆွေးနွေးမည်ဆိုလျှင် သက်ဆိုင်ရာဝန်ကြီးများ ခရီးစဉ်၌ ပါဝင်မည်ဖြစ်သည်။
မကြာသေးမီက ပြုလုပ်ခဲ့သော လာအို၏ (၁၀) ကြိမ်မြောက် ကွန်မြူနစ်ပါတီကွန်ဂရက်ညီလာခံ၌ လာအိုစွမ်းအင်နှင့် သတ္တုဝန်ကြီးဌာန၏ မိန့်ခွန်းတွင် ယခု ၂၀၁၆ ၌ မြန်မာသို့ ကနဦးလျှပ် စစ်ဓာတ်အားတင်ပို့မှု စတင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ မြန်မာနှင့် လာအိုသည် နယ်စပ်နယ်နိမိတ် ၂၃၀ ကီလိုမီတာ (၁၄၂ မိုင်ကျော်) ထိစပ်နေပြီး ကနဦးလျှပ်စစ်တင်ပို့မှုကို လာအို၏ လူအန်နမ်သာပြည်နယ်နှင့်နီးသော မြန်မာဘက်ကျေးရွာများသို့ ပို့လွှတ်ခြင်းဖြင့် စတင်မည်ဟု ဆိုထားသည်။
၂၀၁၅ နှစ်ကုန်ပိုင်းက မြန်မာအစိုးရသည် လာအိုထံမှ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၃၀၀ တင်သွင်းမည့်စီမံကိန်းကို လာအိုအစိုးရထံ ကမ်းလှမ်းအဆိုတင်ခဲ့ကြောင်း လာအိုစွမ်းအင်နှင့် သတ္ထုတွင်းဝန်ကြီးက ပြောကြားကြောင်း ဗီယန်ကျင်း သတင်းဌာနကို ၂၀၁၆ ဖေဖော်ဝါရီတွင် သတင်းဖော်ပြခဲ့သည်။ လာအိုအနေဖြင့် စီမံကိန်းနှင့် ပတ်သက်၍ အသေးစိတ်အချက်များ၊ တစ်ဆင့်ထုတ်လွှတ် ပေးပို့မည့်လိုင်းများ၊ လျှပ်စစ်ကို အသုံးပြုမည့်နေရာ အစရှိသည်တို့ကို လေ့လာနေသည်။
လာအိုသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ကုန်ကျခံ၍ လျှပ်စစ်ဓာတ်အားစက်ရုံပေါင်း ၃၈ ရုံ တည်ဆောက်ထားပြီး ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ၂၀၁၇ တွင် လာအိုတောင်ပိုင်းဒေသ၌ ရေအားလျှပ်စစ် စက်ရုံလေးရုံ ထပ်မံတည်ဆောက်ရန် ရှိနေသည်။ မဲခေါင်မြစ်ပေါ်တွင် လာအိုက ရေအားလျှပ်စစ်ထုတ်လုပ်ရေးဆည်များ တည်ဆောက်မည့် အစီအစဉ်ရှိနေပြီး ယင်းကို မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့က ကန့်ကွက်လျက်ရှိသည်။
အိမ်နီးချင်းလာအိုသည် ရေအားလျှပ်စစ်ကဏ္ဍကို ၁၉၉၅ ကတည်းက မြှင့်တင်ခဲ့သည်။ ထိုနှစ်မှာပင် မြန်မာနှင့်လာအိုကြား ကုန်သွယ်ရေးသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး မြန်မာမှ လာအိုသို့ ပို့ကုန်များအနက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးပစ္စည်းများ ပါဝင်ခဲ့သည်ကို တွေ့ရသည်။ လာအိုအစိုးရသည် လွတ်လပ်သော စွမ်းအင်ထုတ်လုပ်သူများနှင့်တွဲ၍ စီမံကိန်း ၂၀ ခန့်လုပ်ဆောင်ခဲ့ပြီး ပြည်တွင်းသို့ ရေအားလျှပ်စစ်ဖြန့်ဖြူးရန်နှင့် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရန်အတွက် ရေအားလျှပ်စစ်ထုတ်လုပ်မည့်ကုမ္ပဏီငယ်လေးများနှင့် နားလည်မှုစာချွန်လွှာပေါင်း ၂၀၀ ခန့် လက်မှတ်ထိုးခဲ့သည်။ သို့သော်လာအိုအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုအဆင့်အတန်းဆိုင်ရာနှင့် ရေရှည်ရေအားလျှပ် စစ်ထုတ်လုပ်ရေးဆိုင်ရာတို့တွင် ဝေဖန်ခံရမှုများရှိခဲ့၍ မြန်မာအနေဖြင့် ထိုသင်ခန်းစာများကိုယူ၍ အရည်အသွေးမြင့် စီမံကိန်းများကိုသာ ရွေးချယ်လုပ်ဆောင်သင့်ကြောင်း နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်းကြီးက သတိပေးထားသည်။
မြန်မာ့လျှပ်စစ်ကဏ္ဍ လေ့လာဆန်းစစ်သူအချို့ကလည်း မြန်မာအနေဖြင့် ‘အာရှ၏ ဘက်ထရီအိုး’ဟု တင်စားခံနေရသော လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား ၀ယ်ယူရန် ဖြစ်နိုင်ခြေရှိကြောင်း အကြံပြုနေကြသည်။ ပြီးခဲ့သည့် အစိုးရသက်တမ်းအတွင်း ရန်ကုန်မြို့အတွက် အရန်ဓာတ်အားလိုအပ်ချက် ၃၀၀ မဂ္ဂါဝပ်ကို လာအိုနိုင်ငံမှ ၀ယ်ယူရန် Plan B,Plan C ရှိခဲ့ဖူးကြောင်း သိရသည်။ မြန်မာအနေဖြင့် လာအိုမှနေ၍ ရန်ကုန်အထိ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်း၍ ရယူမည်ဆိုပါက ခရီးဝေးကွာမှုကြောင့် လမ်းခရီးတွင် လျှပ်စစ်ယူနစ်ပျောက်ဆုံး ပမာဏများနိုင်ကြောင်း ထောက်ပြမှုများရှိသည်။
မေလ ၆ ရက် မြန်မာအကြီးအကဲများ၏ လာအိုခရီးစဉ်အပြီး နှစ်ဖက်ထုတ်ပြန်ချက်များအရ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍတို့တွင် ပူးပေါင်းမှုမြှင့်တင်ရန် သဘောတူညီခဲ့ကြပြီး နှစ်နိုင်ငံမြို့တော်များအကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းရန်လည်း လုပ်ဆောင်ကြမည်ဟု သိရှိရသည်။ ထိုတရားဝင်ထုတ်ပြန် ချက်များအရဆိုလျှင်မူ လာအိုမှ လျှပ်စစ်ဓာတ်အားဝယ်ယူရေး ကိစ္စကို ထည့်သွင်းမဆွေးနွေးရ သေးကြောင်း တွေ့ရသည်။
နိုင်ငံ့အကြီးအကဲများအနေနှင့် အစိုးရရုံးများစိုက်ရာ နေပြည်တော်တွင်သာ လုပ်ငန်းများ ဆောင်ရွက်နေပြီး လတ်တလောကာလအတွင်း ရန်ကုန်သို့ပင် လာရောက်မှုမရှိခြင်း၊ ပြည်ပခရီးစဉ်သွားရာတွင်လည်း နေ့ချင်းပြန်သာ သွားရောက်ခဲ့ခြင်းတို့သည် လုံခြုံရေးအရ စိုးရိမ်မှုရှိ၍ဖြစ်သည်ဟု အတွင်းသတင်းရင်းမြစ်အချို့က ဆိုသည်။ သို့သော် နိုင်ငံတော်သမ္မတရုံးလုံခြုံရေးအရာရှိချုပ် ရဲမှူးချုပ်ကမူ လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာ အခြေအနေမရှိကြောင်း၊ လာအိုသို့ နေ့ချင်းပြန် သွားရောက်ရခြင်း အကြောင်းရင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အတိုင်းသာဖြစ်ကြောင်း ပြောသည်။
အခြားသော လုံခြုံရေးဆိုင်ရာအခြေအနေမှာ လာအိုနိုင်ငံ၏ အနေအထားနှင့် သက်ဆိုင်သည်။ လာအိုတွင် မကြာသေးမီက ပေါက်ကွဲမှုအချို့ ဖြစ်ပေါ်ခဲ့သည်။ အနောက်နိုင်ငံများက ၎င်းတို့၏ ကမ္ဘာလှည့်ခရီးသွားမည့် နိုင်ငံသားများကို လာအိုသို့ခရီးသွားလျှင် လုံခြုံရေးသတိထားရန် အသိပေးထားသည်အထိပင်။ မြန်မာအကြီးအကဲများ လာအိုသို့မသွားမီရက်က လာအိုသမ္မတနှင့် တရုတ်သမ္မတ တွေ့ဆုံရာ၌လည်း လုံခြုံရေးကဏ္ဍ အသားပေးဆွေး နွေးမှုရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဇူလိုင်တွင် လာအို၌ပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန်ရှိသကဲ့သို့ မြန်မာသမ္မတအနေဖြင့် ယခုနှစ်အတွင်း အာဆီယံထိပ်သီး ညီလာခံတက်ရောက်ရန်လည်းရှိနေသည်။
ပထမဆုံးပြည်ပခရီးစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ရာတွင် ‘‘လာအိုနိုင်ငံသည် လက်ရှိတွင် အလှည့်ကျ အာဆီယံအဖွဲ့ဥက္ကဋ္ဌ တာဝန်ယူထားသည့်အတွက် မိမိတို့အနေဖြင့် အာဆီယံနှင့်ဆက်ဆံရေးကို အလေးထားကြောင်းလည်း ပြသခြင်းဖြစ်ပါတယ်’’ဟု ဖော်ပြခဲ့သည်။
‘‘အာဆီယံအိမ်ရှင်နိုင်ငံကို ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ရွေးချယ်ခဲ့တာ သင့်လည်းသင့်တော်ပါတယ်လို့ မြင်တယ်။ သံတမန်ဆက်ဆံရေးထဲမှာ မြန်မာနိုင်ငံက အာဆီယံကို အလေးထားတာကိုလည်း ပြသနိုင်ခဲ့တယ်’’ ဟု အာရှအင်အားကြီးနိုင်ငံတစ်ခုမှ သံတမန်က ပြောသည်။
မြန်မာနှင့် လာအိုနှစ်နိုင်ငံသည် ၁၉၉၇ ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ခဲ့ကြသည်။ ယခုနှစ်တွင် အိမ်ရှင်လာအိုဦးဆောင်သည့် အာဆီယံအဖွဲ့သည် ကမ္ဘာ့အင်အားကြီးသုံးနိုင်ငံဖြစ်သည့် အမေရိကန်၊ ရုရှား၊ တရုတ်နိုင်ငံများနှင့် အမြင့်ဆုံးအဆင့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရမည်ဖြစ်သည်။ အာဆီယံနိုင်ငံ့ခေါင်းဆောင်များ နှင့် နိုင်ငံခြားရေးဝန်ကြီးများအနက် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ခေါင်းဆောင်များနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသူ၊ အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးဖူးသူဖြစ်၍ ၎င်း၏နိုင်ငံတကာအမြင် များသည် အာဆီယံအတွက် အကျိုးရှိစေလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ မေလ ၆ ရက် လာအိုခရီးစဉ်အတွင်းတွင်လည်း ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေများအပေါ် အမြင်များဆွေးနွေးဖလှယ်မှုများရှိခဲ့သည်။
အာဆီယံအစည်းအဝေးများ တက်ရောက်ရာတွင် အငြင်းပွားမှုများ ပြည့်နှက်နေသော တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နက်နက်ရှိုင်းရှိုင်း ပါဝင်ပြောကြားဖွယ်မရှိသော်လည်း ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက်မူ ပြောကြားဖွယ်ရှိကြောင်း ဒေသတွင်းနိုင်ငံရေး လေ့လာသူများကသုံးသပ်သည်။
၁၉၇၅ မှစ၍ အာဏာချုပ်ကိုင်ခဲ့သော လာအိုကွန်မြူနစ်ပါတီသည် အတိုက်အခံများနှင့်သတင်းမီဒီယာများအပေါ် ဖိနှိပ်မှုကြောင့် နာမည်ကျော်လူသိများခဲ့သည်။ လာအိုသည် ကွန်မြူနစ်ဗီယက်နမ်နှင့် နီးစပ်သော နိုင်ငံရေးဆက်ဆံမှုရှိပြီး ဗီယက်နမ်၏ နိုင်ငံရေးစနစ်ကို ရောင်ပြန်ဟပ်ကျင့်သုံးလျက်ရှိသည်။ ကွန်မြူနစ်အိမ်နီးချင်း တရုတ်ကလည်း ချေးငွေများ၊ အကူအညီများ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးတည် ဆောက်ပေးမှုများမှတစ်ဆင့် လာအိုအပေါ် လွှမ်းမိုးနိုင်ရန် အသည်းအသန်ယှဉ်ပြိုင်လျက်ရှိသည်။ ၂၀၁၆ ဧပြီ ၂၀ ရက်ကပြုလုပ်ခဲ့သော လာအိုအမျိုးသားညီလာခံမှ ကွန်မြူနစ်ပါတီ အကြီးအကဲ ဘွန်ညံဗိုရာချစ်အား လာအိုသမ္မတအဖြစ် ခန့်အပ်တင်မြှောက်ခဲ့သည်။
မြန်မာနှင့် လာအိုတို့သည် ၁၉၅၅ ဇူလိုင်တွင် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့သည်။ ၁၉၅၆ တွင် ရန်ကုန်မြို့၌ လာအိုသံရုံးကိုစတင်ဖွင့်လှစ်ခဲ့သော်လည်း ဘဏ္ဍာရေးအခက်အခဲကြောင့် ၁၉၇၁ ၌ ခေတ္တပိတ်ခဲ့ကာ ၁၉၈၀ တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။မြန်မာသံရုံးကို ဗီယန်ကျင်းမြို့၌ ၁၉၆၇ တွင် စတင်ဖွင့်လှစ်ခဲ့သည်။
လာအိုသမ္မတဟောင်း Choummaly Sayasone သည် ၂၀၁၃ တွင် မြန်မာနိုင်ငံသို့ လာရောက်၍ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့ဒီမိုကရေစီစနစ် အသွင်ကူပြောင်းမှုနှင့် အမျိုးသားရင်ကြားစေ့ရေးအားထုတ်မှုများကို လာအိုက ထောက်ခံကြောင်း ပြောကြားခဲ့သည်။
မြန်မာအစိုးရသစ်၏ နိုင်ငံတော်အဆင့် ပထမဆုံးပြည်ပခရီးစဉ်သည် နိုင်ငံရေးအားဖြင့် ကမ္ဘာပေါ်တွင်အနည်းငယ်သာ ကျန်ရှိတော့သော ကွန်မြူနစ်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့် လာအိုသို့ ကမ္ဘာ့ဒီမိုကရေစီ ပြယုဂ်အဖြစ် သတ်မှတ်ခံထားရသူ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး သွားရောက်မှုဖြစ်သည်။ သံခင်းတမန်ခင်းအရ ယခုနှစ်၏ အာဆီယံဥက္ကဋ္ဌဖြစ်သော လာအိုသို့သွားရောက်ခြင်းသည် အာဆီယံနှင့်ပတ်သက်၍ မြန်မာ၏အလေးထားမှုကို ပြသခြင်းဖြစ်သည်။ လာအိုသတင်းဌာနအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ဖော်ပြထုတ်လွှင့်မှုမရှိခဲ့သော်လည်း ဆယ်စုနှစ်များစွာ ဖိနှိပ်ခံရပ်တည်ခဲ့ပြီးနောက် ယခုအခါအစိုးရသစ်ဖြစ်လာပြီဖြစ်သော မြန်မာ့ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင်မှာ ဒုတိယကမ္ဘာစစ်ပြီးကတည်း ကတစ်ပါတီအာဏာရှင် လက်အောက်ရှိ လာအိုပြည်သူတို့ အတွက် စိတ်ဓာတ်ရေးရာ သက်ရောက်မှုဖြစ်စေခဲ့သည်။
ငြိမ်းငြိမ်းပြည့် - 7day
Sign up here with your email
ConversionConversion EmoticonEmoticon