ခရီးသွားစဉ် ပျို့-အန်ခြင်း (Motion Sickness)


ဆရာ မင်္ဂလာပါရှင်။ သမီးမှာ Motion Sickness ရှိပါတယ်။ လူမှန်းသိတတ်စအရွယ်တည်းက အိမ်ကကားနဲ့ ခရီးသွားပါတယ်။ အဲ့တုန်းက မမူးတတ်သေးပါ။ နှစ်အတော်ကြာအိမ်ကားမစီးဘဲနေရင်း ကျောင်း အလယ်တန်း လောက်မှစ၍ ကားမူးတတ်လာပါတယ်။ ကျောင်းက လေ့လာရေးခရီးထွက်ရင်လည်း ရုပ်အပျက်ဆုံးက ကိုယ်ပါပဲ။ ဟိုနားဒီနားသွားလည်း bus ကားရော taxi ရော စီးတဲ့အချိန်တိုင်းမူးပါတယ်။ သူများတွေ ပြောတဲ့ချက်ကပ်တာ နားနောက်ကပ်တာ B6 လားဘာလား သောက်တာလည်း မရပါဘူးဆရာ။ 

သူများတွေက အဲ့ဒါဆို အရက်သောက်ပြီး ကားစီးတို့ ကားတာယာကိုက်ပြီးလိုက်လို့တောင် နောက်ပါတယ်ဆရာ။ နေ့တိုင်းလည်း သွားလာလှုပ်ရှားနေတာပဲဆရာ။ bus ကားတတန် ရထား တတန် taxi တတန် လူအရမ်းများရင် အန်တောင်ထွက်ပါတယ်။ သမီး မသထီစရာ တွေ့ရင်တောင် မရွံတတ်ပါဘူး။ လူတွေအများကြီးကျပ်နေရင် ဘာလို့မူးနေမှန်း မသိပါဘူးဆရာ။ အခုအချိန်ထိပါပဲ။ လေယာဉ်စီးလည်း မူးတယ် ရထားစီးလည်း မူးတယ် ဒီလောက် တိုးတက်နေတဲ့ခေတ်ကြီးမှာ ဟိုနား ဒီနားသွားတာနဲ့ မူးတတ် အန်တတ်တဲ့သူ မဖြစ်ချင်တော့ပါဘူး။ လူကြားထဲဆို ဟန်ဆောင်နေရတယ်။ 

လွန်ခဲ့တဲ့တစ်နှစ်စီလောက်ကမှ ဆေးဆိုင်မှာ မေးရင်း ဒရာမာမိုင်းဆိုတဲ့ဆေး နဲ့တည့်ခဲ့ပါတယ်။ ဆေးက ကြိုသောက်ရင် အဆင်ပြေပေမဲ့ ငါးနာရီ ခြောက်နာရီလောက်ပဲ ခံတယ်ထင်ပါတယ်။ ဆေးအရှိန်ပျယ်တာနဲ့ ပြန်မူးပါတယ်။ သမီးက ခရီးသွားရတာ နှစ်သက်ပါတယ်။ ခရီးသွားတိုင်း အဲ့ဆေးကို ကတ်လိုက်ထည့်သွားပါတယ်။ ခရီးသွားနေရင်းဆို တစ်နေ့ သုံးလုံး လောက်သောက်ပါတယ်။ သမီး သိချင်တာက ဒီလိုရောဂါက တကယ်ကုဖို့လိုမလားဆရာ။ လွယ်ကူတဲ့နည်းလမ်းနဲ့ စိတ်ကို ဖျောက်ထားလို့ရလားဆရာ။ အဆင်ပြေရင် သမီးကို ပြန်ဖြေပေးပါ။

ခရီးသွားစဉ် မူးဝေအော့အန်ခြင်းဖြစ်ရတာက မျက်စိကမြင်သိပြီး ဦးနှောက်ဆီပို့လွှတ်တဲ့ အာရုံကြောစနစ်ရဲ့ပေးပို့ချက်နဲ့ ကိုယ်ခန္ဓာ အတတ်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ဖြစ်တဲ့အခါ နားအတွင်းထဲရှိတဲ့ အင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ ပေးပို့ချက်တွေ သဟဇတမဖြစ်လို့ မူးဝေအော့အန်ဖြစ်စေခြင်းဖြစ်တယ်။ ဒါကြောင့် နားအတွင်းကလာမဲ့ ပေးပို့ချက်ကို ဦးနှောက်က အန်ခြင်းကို ဖြစ်စေတဲ့နေရာဆီ မရောက်စေအောင် တားဆီးမဲ့ဆေးကိုပေးရတယ်။ Hyoscine, Cyclizine, Cinnarizine, Promethazine တို့ကိုပေးနိုင်တယ်။

အကြံပြုချက်များ

• မိုးကုပ်စက်ဝိုင်းဆီကိုသာကြည့်ပါ။ အဝေးကိုကြည့်ပါ။ စာမဖတ်ပါနဲ့။ ခေါင်းကိုငြိမ်ငြိမ်ထားပါ။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်သူနဲ့တွဲမထိုင်ပါနဲ့။ ခရီးမထွက်မီ အဆီ-အစပ်များတာမစားပါနဲ့။ အရက်မသောက်ပါနဲ့။ အပြင်ကို မမြင်ရချိန်မှာဆိုရင် မျက်စိတဖက်တည်းသာဖွင့်နေပါ။ အိပ်နိုင်အောင်ကြိုးစားပါ။ ပီကေ (ခြူယင်းဂမ်း) ဝါးနေပါ။ လေအေး လေသန့်ရတာသက်သာစေတယ်။
• Meclizine (Antivert) ခရီးမထွက်မီ နာရီဝက် တနာရီကြိုသောက်ပါ။ ဆေးက အိပ်ချင်မှာကိုသတိပြုပါ။
• Scopolamine transdermal patches (1.5 mg) ဆေးကပ်ခွါ၊ Scopolamine tablet form (0.4 mg) ဆေးပြား သုံးနိုင်တယ်။ ခရီးမထွက်ခင် စောနိုင်သမျှစောစောကြိုကပ်ထားပါ။ တခါကပ်ရင် ၇၂ နာရီခံတယ်။ ပန်းနာ၊ မျက်စိရေတိမ်၊ ဆီးအသွားခက်သူတွေနဲ့မသင့်ပါ။
• Metoclopramide နဲ့ Prochlorperazine ဆေးလဲ သုံးနိုင်တယ်။
• Head-worn computer device ခေါင်းတပ် ကွန်ပြူတာသုံးကိရိယာလဲ သုံးကြတယ်။
• ViBAN မျက်စိတပ် ကိရိယာလဲ သုံးတယ်။
• Wristband လက်ကောက်ဝတ်တပ်စရာလဲ သုံးတယ်။
• Ginger root ချင်း (ဂျင်း) မြစ်ကိုလဲ သုံးကြတယ်။

အသုံးအများဆုံးဆေး Dramamine (Dimenhydrinate) ကို အသက် ၂ နှစ် အထက်ပေးနိုင်သည်။ ကိုယ်တိုင် ကားမောင်သူအား မပေးရ။ အရက်နှင့်မတွဲရ။ အခြားအိပ်ချင်စေသည့်ဆေးများ (အအေးမိသက်သာဆေး၊ ဘိန်းပါသည့်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ အတက်သက်သာဆေး၊) များနှင့် တွဲမပေးသင့်ပါ။ ခရီးမထွက်မီ နာရီဝက်၊ ၁ နာရီကြိုတင်သောက်ရမယ်။ အချို့ဆေးက ၄ နာရီခံပြီး အချို့က ၂၄ နာရီခံတယ်။ ဆေးကို ရေတဖန်ခွက်အပြည့်ဖြင့် သောက်ပါ။ တခြားအအန်သက်သာဆေးတွေက မထိရောက်ပါ။ နားကြောင့်ဖြစ်ရသည့် ခေါင်းမူးရောဂါအတွက် တနေ့ ၄-၆ ကြိမ်။ အိပ်ချင်မယ်။ အိပ်ပျော်နေမယ်။

- ၂-၆ နှစ် = 12.5 to 25 mg ၆-၈ နာရီတကြိမ်၊ ၂၄ နာရီတွင်းမှာ 75 mg
- ၆-၁၂ နှစ် = 25 to 50 mg ၆-၈ နာရီတကြိမ်၊ ၂၄ နာရီတွင်းမှာ 150 mg
- ၁၂ နှစ် = 25 to 100 mg ၃ဝ-၆ဝ မိနစ်၊ ၆-၈ နာရီတကြိမ်၊ ၂၄ နာရီတွင်းမှာ 400 mg/day ထက်မပိုရ။

ဒေါက်တာတင့်ဆွေ
Previous
Next Post »
Powered by Blogger.