ဂျပန်တွင် တစ်နှစ်အတွင်း ကလေးမွေးဖွားမှု အရေအတွက် စံချိန်တင် ကျဆင်း

၂၀၁၄ ခုနှစ်အတွင်း ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း စံချိန်တင် လျော့ကျခဲ့သည့် အခြေအနေအပေါ် စိုးရိမ်မိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဂျပန်နိုင်ငံတွင် ၂၀၁၄ ခုနှစ်၊ တစ်နှစ်လုံး စုစုပေါင်း ကလေးမွေးဖွားမှု (၁)သန်း ကျော်မျှသာ ရှိခဲ့သည်။ ကျန်း မာရေး ဝန်ကြီးဌာန၏ မှတ်တမ်းများအရ ၂၀၁၄ တွင် ကလေးမွေးဖွားမှု (၁၀၀၁၀၀၀)မျှသာ ရှိခဲ့ကြောင်း သိ ရသည်။

ယင်းပမာဏသည် ၂၀၁၃ ခုနှစ်ကထက် ကလေးမွေးဖွားမှု အရေအတွက် (၉၀၀၀)မျှ လျော့နည်းသွားခြင်း
ဖြစ်သည်။ ထို့အပြင် ဂျပန်နိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်းသည် (၄)နှစ်ဆက်တိုက် ကျဆင်းနေခြင်းမျိုးလည်း ကြုံလာသည်။ ထိုအတောအတွင်း နိုင်ငံ၏ တစ်နှစ်တာ လူအသေအပျောက် အရေအတွက်မှာ ဆက်လက်
မြင့်တက်လာပြီး ၂၀၁၄ ခုနှစ်အတွင်း လူပေါင်း (၁.၃)သန်းမျှ သေဆုံးခဲ့သည်။

ယခုနှုန်းအတိုင်း သွားနေပါက ၂၀၅၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၏ လူဦးရေသည် (၉၇)သန်းမျှသာ ရှိနိုင်တော့ မည်ဟု လေ့လာသူ အချို့က ခန့်မှန်းသည်။ အဆိုပါ ပမာဏသည် လက်ရှိ နိုင်ငံလူဦးရေအောက် သန်း(၃၀) မျှ လျော့ကျသွားသည့် သဘောဖြစ်သည်။

ကျွမ်းကျင်သူများက လူဦးရေ ယုတ်လျော့ ကျဆင်းနေမှုသည် ဂျပန်နိုင်ငံကို နည်းလမ်း အတော်များများဖြင့် ထိခိုက်မှု ရှိလာစေနိုင်ကြောင်း သတိပေးထားသည်။ အထူးသဖြင့် အသက်(၁၅)နှစ်မှ (၆၄)နှစ်ကြား အလုပ် လုပ်နိုင်စွမ်း မြင့်မားသည့်အရွယ် လူဦးရေ ကျဆင်းလာခြင်းက ဂျပန်၏ GDPကို ကျဆင်းလာစေနိုင်သည်။

ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာသည့် အဓိက အကြောင်းရင်းများတွင်
မွေးဖွားမှုစရိတ် မြင့်မားခြင်း၊ ကလေးငယ်ကို ပျိုးထောင်ပေးရသည့် စရိတ်စက ကြီးမြင့်ခြင်း၊ လုပ်ငန်းခွင်တွင် အမျိုးသမီးများ ပိုမိုဝင်ရောက် လုပ်ကိုင်လာခြင်း၊ လက်ထပ်သည့် စုံတွဲများ၏ ပျမ်းမျှသက်တမ်း မြင့်မားလာ
ခြင်း၊ လက်မထပ်ဘဲ အတူနေသူ အရေအတွက် များပြားလာခြင်း၊ အိမ်တွင်းပတ်ဝန်းကျင်နှင့် လူမှုရေး စံနှုန်း များ ပြောင်းလဲလာခြင်းတို့ကြောင့်ဟု မှတ်ချက်ပြုထားသည်။

7day


Previous
Next Post »
Powered by Blogger.