ယခု သီဟသူရသက်ပြင်းလို့ အမည်ပေးထားတဲ့ ဖိုးသက်ပြင်းလေးကို မိတ်ဆွေတို့ မှတ်မိကြမယ်ထင်ပါတယ်။ လွန်ခဲ့တဲ့လေးလခန့်က မကွေးတိုင်းဆိပ်ဖြူမြို့နယ်မှာ ချက်ကြိုးတန်းလန်းလေးနဲ့ တစ်ရက်ကျော်ကြာအောင် သဲပြင်ထဲမှာ စွန့်ပစ်ခံခဲ့ရပြီး ပုရွက်ဆိတ်တွေ အုံခဲကိုက်ခံခဲ့ရတဲ့ သနားစရာ သားငယ်လေးဖြစ်ပါတယ်။
အခုတော့ စေတနာမေတ္တာရှင်တွေရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ အသက် ၄ လတိတိပြည့်ခဲ့ပြီဖြစ်ပြီး ကျန်းမာပျော် ရွှင်စွာ နေထိုင် လျှက်ရှိပါတယ်။ မကွေးဆေးရုံမှာ အနီးကပ်ပြုစုကုသမှုကို တောက်လျှောက်ခံယူခဲ့ရတဲ့ ကလေး ငယ်လေးကို အစအဆုံးကူညီစောင့်ရှောက်ပြီး အလှူငွေများ ဆော်သြကောက်ခံပေးခဲ့သူ မကွေးတိုင်း ဆိပ်ဖြူမြို့မှ ကိုကိုလွင်ကို ရိုးရာလေးမှ ဖုန်းဆက်မေးမြန်းအင်တာဗျူးခဲ့ပါတယ်။
၎ လတိတိရင်တမမဖြင့် စိတ်ပူခဲ့ရတဲ့ ဖိုးသက်ပြင်းလေးကို ယခု မကွေးတိုင်းလူမှုဝန်ထမ်းဦးစီးဌာနထံ စိတ်ချလက်ချ လွှဲအပ်ပေးလိုက်ရ တဲ့အတွက် ပီတိဖြစ်မိကြောင်း၊ ကလေးငယ်လေးအတွက် မွေးစားမိဘ များ ပေါ်ပေါက်လာပြီး နွေးထွေးတဲ့ရင်ခွင်တစ်စုံအောက်မှာ တစ်သက်တာ ကံကောင်းစေဖို့ မျှော်လင့်ကြောင်း ကိုကိုလွင်က ပြောကြား ခဲ့ပါတယ်။ ကိုကိုလွင်ရဲ့ ပြောကြားချက်အရ ကလေးငယ်ကို စတင်တွေ့ရှိခဲ့သူမှာ ကိုဝင်းကျော်ဆန်းဆိုသူ ဖြစ်ပြီး ဆိပ်ဖြူသတင်းမီဒီယာမှ တင်တဲ့သတင်း ကိုတွေ့မိရာမှ ကူညီဖို့စတင် လုပ်ဖြစ်ခဲ့ကြောင်း၊ ရန်ကုန်မှ မိုးညချမ်းဆိုတဲ့ ညီမလေးက စတင်ဆက်သွယ်လှူဒါန်းလာပြီး နောက်မှာ အလှူရှင်များ စွာပေါ်ပေါက်လာပြီး အလှူရှင်များတွင် သရုပ်ဆောင်မင်းမော်ကွန်းလည်း ပါဝင်ခဲ့ ပါတယ်။
ကိုကိုလွင်ရဲ့ ပြောကြားချက်အရ “မွေးကင်းစ ကလေးရဲ့ ဒဏ်ရာအနာတွေ ဟာ အရွယ်နဲ့တောင်မမျှဘူးဗျာ၊ ငိုသံလေးကြားတော့ တအားကို သနားမိပြီး အခုလိုပဲ ကူညီဖြစ်ခဲ့ကြတာပါ၊ ကျွန်တော်ရဲ့အင်အား တစ်ခုတည်းကြောင့်မဟုတ်ပဲ အလှူရှင်တွေရော၊ ဆေးရုံဝန်ထမ်းတွေရော၊ ဓမ္မအလင်းမှ အစ်ကိုကြီးတွေရော အားလုံးရဲ့ ပူးပေါင်းကူညီမှုကြောင့် ဖိုးသက်ပြင်းလေး အခုလိုကျန်းမာလာတာပါ၊ အဲဒီတုန်းက နိုင်ငံရပ်ခြား ကနေတောင် ဖုန်းဆက်မေးမြန်းပြီး လှူဒါန်းကူညီကြတဲ့သူများ၊ မွေးစားဖို့ စုံစမ်းခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်၊ အခု ဖိုးသက်ပြင်းက အရမ်းကိုကျန်းမာလာပြီဖြစ်လို့ မွေးစားလိုတဲ့ မိဘများပေါ်ပေါက်လာ ဖို့မျှော်လင့်မိပါတယ်၊ ဘ၀အစမှာ ကံမကောင်းရှာတဲ့ သားလေး နွေးထွေး တဲ့ရင်ခွင်တစ်စုံ အောက်မှာ ထာဝရကံကောင်းသွားစေ ချင်ပါတယ်” လို့ဆိုပါတယ်။ ဓမ္မအလင်းကတော့ ကိုကိုလွင် လက်ရှိလုပ်နေတဲ့ ပရဟိတအသင်းဖြစ်ပြီး အဓိကအနေနဲ့ တရားပွဲများကို ရပ်ရွာကိုယ်စား စီစဉ်ပေးတဲ့အသင်းလို့ဆိုပါတယ်။
ဖိုးသက်ပြင်းလေးဟာ မွေးကင်းစအရွယ်မှာ လေဒဏ်၊ ရာသီဥတုဒဏ်နဲ့ ပုရွက်ဆိတ်များရဲ့ကိုက်ခဲခြင်းဒဏ်ကို တစ်ရက်ကြာမျှ ခံခဲ့ရပေမဲ့ အခုတော့ ကျန်းမာဝဖြိုးပြီး ချစ်စရာကောင်းတဲ့ လေးလသားလေးဖြစ်လာပါပြီ။ လူမှုဝန်ထမ်းဦးစီးဌာန မှာ အပ်နှံလိုက်ပြီးနောက်မှာတော့ ကလေးအတွက် လက်ခံရရှိထားတဲ့ အလှူငွေ သိန်းသုံးဆယ်ကိုပါ တပါတည်း အပ်နှံခဲ့ပါတယ်။ ဒါ့အပြင် ကလေးအတွက်နို့မှုန့်တစ်နှစ်စာဖိုးကို ကိုကိုလွင်က ထပ်မံလှူဒါန်းပေးခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဘ၀တူကလေးငယ်တစ်ဦးကိုလည်း နို့မှုန့်ဖိုးတစ်လစာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ကိုကိုလွင်က “ဒီလိုအဖြစ်မျိုး ကလေးတွေ ထပ်မဖြစ်ကြဖို့မျှော်လင့်ပေမဲ့ နောက်ထပ်ကူညီစရာတွေရှိပါကလည်း ထပ်ကူညီဖို့အမြဲအဆင်သင့်ရှိကြောင်း” ပြောကြားခဲ့ပါတယ်။ မကွေးလူမှုဝန်ထမ်းဦးစီဌာနမှာ နေထိုင်လျှက်ရှိတဲ့ ဖိုးသက်ပြင်းလေး အတွက်ရော တခြားကလေးငယ်များ အတွက်ပါ စေတနာရှင်များ စွာ ပေါ်ပေါက်ပြီး နွေးထွေးတဲ့ရင်ခွင်တစ်စုံလည်းရကြပါစေလို့ ရိုးရာလေးက ဆုတောင်းပေးလိုက်ပါတယ်။
Photo – ကိုကိုလွင်၊ မနတ်သမီး
ရိုးရာလေး
Sign up here with your email
ConversionConversion EmoticonEmoticon