ဒီနေ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ကိုယ့်လိုမျိုး မဖြစ်ရအောင် သူငယ်ချင်းတွေကို သတိပေးချင်လို့ ပြောပြချင်ပါတယ်…..
ဒီနေ့ သင်တန်းက စာမေးပွဲစောစောဖြေပြီးလို့ သူငယ်ချင်းတွေနဲ့ မုန့်တီသွားသောက်ပြီး စောနေလို့ ယောက္ခမအိမ်သွားမလို့ဆို ရေကျော်ဘက်ကို ထွက်လာခဲ့တာ ဇာတ်လမ်းက အဲ့မှာစတာပါပဲ….
၄၇ လမ်းထိပ်က Excellent မှာ အိမ်က သမီးအတွက်ရော၊ ယောက္ခမအိမ်က ကလေးတွေအတွက်ရော အသားချောင်းဝယ်မလို့ဆို ကားလမ်းကူးအပြီး ပလက်ဖောင်းပေါ်အတက် အရှေ့တည့်တည့်ကနေ ကောင်မလေး ၂ ယောက် လာနေတာတွေ့လိုက်ပေမယ့် ကိုယ့်အာရုံနဲ့ကိုယ်မို့ အမှတ်တမဲ့ဖြစ်နေတဲ့အချိန် “ဟာ သူငယ်ချင်း မတွေ့တာကြာပီ နေကောင်းလား”ဆို ခုနက ရှေ့တည့်တည့်က ကောင်မလေး ၂ ယောက်က မျက်နှာချင်းဆိုင်ကနေ ကျွန်မလက် တစ်ဖက်တစ်ချက်ကိုလှမ်းချိတ်ပြီး နှုတ်ဆက်လိုက်တော့ မြတ်ဆုမွန်ဆိုတဲ့ ကျွန်မကလေ သိတဲ့အတိုင်း ရုတ်တရက်ဆို ကြောင်တောင်တောင်နဲ့ “အေး မကောင်းဘူး အံဆုံးပေါက်နေတာ ခုထိနှုတ်မရသေးလို့ဟယ်”ဆို ပြန်ပြောလိုက်သေးတယ်….
(ဘယ်လောက်တောင် ကြောင်တောင်တောင် ဂေါက်တောက်တောက် နိုင်လိုက်လဲ ဆိုတာလေ၊ ဒီလောက် ကိုယ့်လက်ကြီးကို ဖမ်းချိတ်ထားတာကို)
ပြီးတော့မှ “အေးဟယ် စိတ်မရှိနဲ့နော် ငါမမှတ်မိလို့ လသာ ၂ ကလား” တဲ့ မေးမိလိုက်သေးတယ်(အခု ပြန်စဉ်းစားမှ ကိုယ့်ဟာကို ပါးတောင်ရိုက်ပလိုက်ချင်တယ်)….အဲဒီမှာ ဆံပင်အတိုအကောက်နဲ့ ကောင်မလေးက “သူငယ်ချင်း ငါတို့နေ့လည်ထဲက ဘာမှမစားရသေးလို့ ပိုက်ဆံပေးစမ်းဘာ”တဲ့….
“ဟမ်” ဆို ရုတ်တရက် ထွက်လိုက်တဲ့အသံက ကျယ်သွားတော့ ကျွန်မရဲ့ ဘယ်ဘက်က ဂျာစီအနွေးထည်ဝတ်ထားတဲ့ ကောင်မလေးက ကျွန်မနား ပိုအတင်းကပ်ပီး အိတ်ထဲထည့်ထားတဲ့ လက်တစ်ဖက်က “ဂျောက် ဂျောက် ဂျောက်” ဆိုတဲ့အသံထွက်လာပီး ကျွန်မခါးနေရာနားကနေ စူးကနဲခံစားလိုက်ရတယ်….သေချာပီလေ ခဲတံချွန်တဲ့ဓားလိုဟာမျိုးနဲ့ ထောက်ပီး နေ့ခင်းကြောင်တောင် မိန်းကလေးတန်မယ့် ဓားပြတိုက်နေတာပဲ….
ဘဝမှာ တစ်ခါမှ အဲလိုမကြုံဖူးတော့ ရုတ်တရက်လေ ခေါင်းမွှေးတွေတောင် ထောင်သွားသလားထင်ရတယ်
အဲဒီအချိန်အထိ အဲ့ကောင်မလေး ၂ ယောက်မျက်နှာ လုံးဝအရယ်အပြုံး မပျက်ဘူးနော်….ရယ်နေရင်းနဲ့ ကျွန်မနားတိုးတိုးလေး ကပ်ပြောတယ်…. “အော်လိုက်တာနဲ့ ဓားနဲ့ထိုးပီးသားနော်”တဲ့….
သူ အဲလိုလဲပြောလိုက်ရော ခုနက ခေါင်းမွှေးထောင်အောင် ကြောက်သွားတဲ့စိတ်ကနေ ဒေါသတွေထွက်လာလိုက်တာဆိုတာ…ကျွန်မကို ခြိမ်းခြောက်တာလောက် သေအောင်မုန်းတာမရှိဘူး…
“အဟား” ဆို တစ်ချက်အသံထွက်သွားတော့ အိတ်ထဲနှိုက်ထားတဲ့ လက်တစ်ဖက်စီကဓားက ခါးနေရာကို ပိုထောက်လာတယ်….၄၇ လမ်းထိပ် ဟိုဘက်ကားလမ်းက လူနဲနဲပြတ်တဲ့အပြင် မိန်းကလေး ၃ ယောက်စကားပြောနေတော့ ဘယ်သူကမှလဲ အရေးတယူကြည့်မနေကြဘူးလေ…
“မြန်မြန်ပေးဟာ ကြာတယ်”တဲ့….ကျွန်မဆိုတဲ့ မိန်းမကလဲ (သရဲကလွဲရင်)ကိုယ်မဟုတ်တာ မလုပ်လို့ကတော့ သမ္မတလိုလူကိုတောင် တစ်စက်ကလေးမှ မကြောက်တတ်တဲ့ လူစားဆိုတော့ ကြောက်စိတ်အစား နေ့ခင်းကြောင်တောင် ဓားပြလာတိုက်နေတော့ ဒေါသတွေကပိုထွက်….
“နင်တို့ ၂ ယောက်က ငါ့လက် ၂ ဖက်လုံး ချပ်ထားတာ ငါက ဘယ်လက်နဲ့ ပိုက်ဆံအိတ်နှိုက်မလဲဟဲ့ ကောင်မတွေရဲ့” လို့ ပြောပီး အိတ်ထဲကနေ ဓားနဲ့ထောက်ထားတဲ့ တစ်ယောက်လက်ကို ဇတ်ဆို ရုန်းလိုက်တော့ သူက ပြန်ဖမ်းဆွဲပီး “အော်ရင် နင်အသေပဲနော်” တဲ့…”အေး မအော်ဘူး မအော်ဘူး ပေးမယ် လွှတ်မှာသာ လွှတ်စမ်း”ဆို ပြောလဲပြော ဆောင့်လဲရုန်းပလိုက်တော့ ဂျာစီဝတ်ထားတဲ့ ကောင်မလေးက လွှတ်ပေးလိုက်ပေမယ့် လူကိုတော့ ဘေးကနေ အတင်းကပ်ပီး ဓားနဲ့ထောက်ထားတုန်း
အဲဒါနဲ့ ပိုက်ဆံအိတ်ဖွင့် ပိုက်ဆံနှိုက်နေတုန်း ဓားနဲ့ထောက်ထားတဲ့လက်က အားနည်းနည်းပျော့သွားပီး ပိုက်ဆံအိတ်ထဲကို ပြူးပြဲကြည့်နေတာ….ဖြစ်ချင်တော့ ပိုက်ဆံထည့်ထားတဲ့ ပိုက်ဆံအိတ်အသေးက အလယ်ဇစ်ထဲမှာဆိုတော့ ပိုက်ဆံအိတ်ကြီးကို လွယ်ထားတဲ့ပခုံးပေါ်က ဖြုတ်နှိုက်နေတာဆိုတော့ သူတို့ ၂ ယောက် အာရုံက ပိုက်ဆံအိတ်ကို အရမ်းရောက်နေကြတာ… ဓားကိုင်ထားတဲ့ ကောင်မလေး ရပ်နေတာက ပလက်ဖောင်းအစွန်နားမှာ…၄၇ လမ်းထိပ်က ပလက်ဖောင်းတွေက အသစ်ပြန်လုပ်ထားတာ တော်တော်လေးကို မြင့်တယ်….
အဲဒီအချိန် ကိုယ်ကလဲ ပိုက်ဆံအိတ်ကို ခေါင်းငုံ့ရှာသလို လုပ်နေရင်းကနေ ဗြုန်းဆို ဓားကိုင်ထားတဲ့ ကောင်မလေးကို ဆောင့်တွန်းပလိုက်တာ ပလက်ဖောင်းအောက်ကို ခွေးကျကျပါရောလား….အဲဒီမှာ သူ့ဓားက သူ့ကို ပြန်စိုက်မိလား မသိဘူး….”အ” ဆို တစ်ချက်အော်ပီး သူ့ခါးနေရာကို လက်နဲ့ဖိလို့ (ခြေထောက်တစ်ဖက်လဲ တော်တော်နာသွားပုံပဲ) ဝုန်းဆို ထွက်ပြေးတာ ကံကောင်းလို့ မီးပွိုင့်လွှတ်လာတဲ့ ကားတွေနဲ့ မတိုက်မိဘဲ ၄၇ လမ်းထဲကို အသကုန်ပြေးတာ…
ဒီဖက်လက်ကို ချိတ်ထားတဲ့ ဆံပင်အကောက်နဲ့ ကောင်မလေးကလဲ ဘယ်လိုမှ မထင်ထားဘူးနဲ့တူတယ်….ကြောင်ကြည့်နေရင်း ရုတ်တရက် သတိဝင်လာလို့ပြေးမယ်အလုပ် ကျွန်မက သူ့လက်ကို အတင်းပြန်ဆွဲပီး အော်မယ်အလုပ် ကျွန်မကို ဆောင့်တွန်းပီး သိမ်ဖြူလမ်းဘက်ကို ပြေးတာများ မြန်လိုက်တာဆိုတာ….အော်တောင် အော်ဖို့ မေ့နေတယ်….ဘယ်လိုအော်ရမှန်းလဲ မသိ….သူခိုးလဲမဟုတ် ခါးပိုက်နှိုက်လဲမဟုတ် ဓားပြ ဓားပြဆို အော်တော့လဲ အထူးအဆန်းကြည့်ခံရမလားမသိ….ဘေးဘီကို တစ်ချက်ကြည့်တော့ ဖုန်းပြောနေတဲ့ ဦးလေးကြီးတစ်ယောက်ရယ် ဟိုးဘက်ကလာနေတဲ့ အကိုကြီးတစ်ယောက်ရယ် ဒါပဲရှိတယ်…သူတို့ကလဲ ဘာဖြစ်တာလဲ ရန်ဖြစ်တာလားဆို သာမန်ပဲကြည့်ကြတာ….
ရုတ်တရက်ဆိုတော့ ဘာဓါတ်ပုံမှလဲ ရိုက်ဖို့ အချိန်မရ…ရဲစခန်းသွားတိုင်ရအောင်ကလဲ ကိုယ့်ဆီက ဘာမှပါမသွား…ပြီးရင် စစ်လားဆေးလား မေးလားမြန်းလားနဲ့ ကိုယ့်ဟာကို ၁ ယောက်ထဲ ရဲစခန်းထဲ တိုင်ပတ်နေရဦးမယ်…ပြီးမှ ကြောက်ကြောက်လန့်လန့်နဲ့ ယောက္ခမအိမ်နဲ့ ကိုယ့်အိမ် တကယ့်နီးနီးလေးကို လမ်းတောင်လျှောက်မပြန်ရဲတော့လို့ ကားငှားပီးတောင် ပြန်လာလိုက်ရတယ်…
အခုခေတ်ကဘယ်လိုတွေ ဖြစ်ကုန်တယ်မသိ…မိန်းကလေးအချင်းချင်းတောင် ဓားထောက်နေ့ခင်းကြောင်တောင်လုခံရတာ….ကံကောင်းထောက်မလို့ တစ်ပြားမှ မပါသွားပေမယ့် မိန်းကလေးသူငယ်ချင်းတွေ သတိထားဖို့ပါ…မိန်းကလေးအချင်းချင်း သူငယ်ချင်းဆောင်ယောင်ပီး လာနှုတ်ဆက်ရင် လုံးဝ အနားကပ်မခံကြပါနဲ့
Credit: Pa Luu Tuu
Sign up here with your email
ConversionConversion EmoticonEmoticon