၁၉၃၇ ခုနှစ်ရောက်ခဲ့ပြီး တစ်နိုင်ငံလုံးဖြစ်ပွားခဲ့သော သပိတ်များအရှိန်ကြောင့် ကျောင်းသားများပြောင်းလဲသွားကြသည်။ ခေတ်မီ ဘိုဆန်သော မင်းသားဂိုက်မှ အမျိုးကိုချစ်သော စိတ်ဖြင့် တိုင်းရင်းဖြစ်အထည်များကို ပြောင်းလဲဝတ်ဆင်လာကြသည်။ ခေတ်ပြောင်းတော်လှန်ရေးသမားများ စုဝေးရာနေရာသည် တက္ကသိုလ် သမဂ္ဂဖြစ်လာသည်။ ကိုအောင်ဆန်းကား ဝိဇ္ဇာအထက်တန်းကျောင်းတွင် ကျောင်းပြန်နေလျက် တစ်နှစ်လုံး သမဂ္ဂအလုပ်ဖြင့် အချိန်ကုန်လျှက်ရှိ၏။
ကိုအောင်ဆန်း၏ အမှုအရာ အသွင်အပြင်ကား အရင်အတိုင်းပင် ဘာမှမပြောင်းလဲ။ သို့သော် အပေါင်းအသင်းများ ၊ ကျောင်းသားများ ၊ ဆရာများက ကိုအောင်ဆန်းအပေါ်ထားသည့် အမြင်ပြောင်းလဲလာကြသည်။ အရင်က ဘိုသီဘတ်သီနေပြီး လုပ်ချင်ရာကိုလုပ် နေချင်သလိုနေတတ်သောကြောင့် ကိုအောင်ဆန်းအား အားလုံးက “အောင်ဆန်းအရူး” ဟုခေါ်ကြသည်။ ခုတော့ ကိုအောင်ဆန်း၏ ခေါင်းဆောင်မှု၊ ထက်မြက်မှု ၊ ကျောင်းသားတို့အကျိုးကိုသာ ရှေးရှုဆောင်ရွက်နေမှုများကြောင့် “အောင်ဆန်းအရူး” ဟူသောနာမည်ပျောက်ကာ “ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်း” ၊ “အိုးဝေတာဝန်ခံ ကိုအောင်ဆန်း” ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်လာကြသည်။ ဘယ်သူဘယ်လို ခေါ်ခေါ် ကိုအောင်ဆန်းကတော့ သူ့ပုံစံအတိုင်း နေမြဲစားမြဲ ၊ လုပ်စရာရှိတာကိုသာ လုပ်မြဲပင်။
ကိုအောင်ဆန်းအား ပဲခူးဆောင်မှ ကိုယ်စားလှယ်အဖြစ် Mess Committee ခေါ် စားရေးသောက်ရေး ကော်မတီတွင် တင်မြှောက်လိုက်ကြသည်။ ကော်မတီတိုင်း ကျောင်းဆောင်အတွက် တစ်ကြိမ်လျှင် နှစ်ရက် ဆက်၍ (Menu) ခေါ် ဟင်းလျာစာရင်းရေးပေးရသည်။ Menu တွင် အဓိကဟင်း တစ်ခွက်ပါရသည်။ ကောင်းပေ့ညွှန်းပေ့ဆိုသော အသား၊ ငါး ဟင်းများကို ထိုဟင်းနေရာတွင် မှာလေ့ရှိသည်။ ကိုအောင်ဆန်းရေးရမည့် အလှည့်ရောက်သော် ထိုညအတွက် အဓိကဟင်းအဖြစ် ဝက်ခြေထောက်စွပ်ပြုတ် ဟူ၍ရေးပေးလိုက်သည်။ ထမင်းချက်တို့ကလည်း ရေးပေးသည့်အတိုင်း ချက်ရလေသည်။
ညစာထမင်းစားချိန်တွင် အဓိကဟင်း ကိုကြည့်ကာ ကျောင်းသားတိုင်း ဒေါပွကြကုန်သည်။
“ဟေ့ ဒီနေ့ည ဘယ်သူရေးတဲ့ဟင်းလဲကွ ။ ဟင်းနဲ့မှ ထမင်းစားဖူးရဲ့လားဟေ့။ ဒါ တောလက် ဇနပုဒ်မဟုတ်ဘူးကွ” နှင့် ကျောင်းသားတိုင်းစားပွဲမှ ကျွတ်စီကျွတ်စီ ဖြစ်လာကြသည်။ ဝက်ခြေထောက်ဟင်းနှင့် မစားနိုင်ပဲ ဆူဆူပူပူ ဖြစ်ကုန်ကြ၏။ အချို့ကျောင်းသားကြီးများက စားဖိုမှူးကိုခေါ်ကာ မီနူးစာအုပ်ကိုကြည့်သော် တရားခံသည် ကိုအောင်ဆန်း ဖြစ်မှန်း သိသွားကြသည်။
ကိုအောင်ဆန်းအား ဝိုင်းအုံကြည့်ကြသောအခါ သူကတော့ ဖြစ်သမျှသူနှင့် မဆိုင်သည့်နှယ် အေးဆေးစွာ သူမှာထားသည့် ဝက်ခြေထောက်ဟင်းနှင့်ပင် စားနေလေ၏။ အားလုံးဒေါသထွက်နေကြသော်လည်း ကိုအောင်ဆန်းအကြောင်းသိပြီးဖြစ်၍ တေ့တေ့ဆိုင်ဆိုင်ကား မပြောရဲကြ။ သို့ဖြစ်၍ ဒေါသထွက်သည့်ပုံစံများဖြင့် ကိုအောင်ဆန်းကား စူးစူးစိုက်စိုက်ဝိုင်းကြည့်ကာ နေကြသည်။ ကိုအောင်ဆန်းကား စား၍ ဝသွားသောအခါ ထမင်းစားခန်းထဲမှ ခပ်တည်တည်နှင့်ပင်ထွက်သွား၏။ ထိုအခါမှသာ ကျန်ကျောင်းသားများက မခံချိမခံသာဖြစ်လျက် “ဒါကြောင့်လူ့ခွစာပါလို့ မပြောဘူးလား” ဟု၍ မှတ်ချက်ချကာ ဝက်ခြေထောက်ဟင်းနှင့်ပင် စားလိုက်ကြရပါတော့သည်။
Ref:
ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတ္တိစာအုပ် – ဆရာကြီးသခင်ကိုယ်တော်မှိုင်း
Ref:
ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတ္တိစာအုပ် – ဆရာကြီးသခင်ကိုယ်တော်မှိုင်း
Sign up here with your email
ConversionConversion EmoticonEmoticon