IPCC အကြီးအကဲသစ်အဖြစ် တောင်ကိုရီးယား ပညာရှင်ကို ခန့်အပ်


ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ သိပ္ပံအဖွဲ့အစည်း (IPCC) ဥက္ကဋ္ဌအဖြစ် တောင်ကိုရီးယား နိုင်ငံသား ရာသီဥတု ဆိုင်ရာ ဘောဂဗေဒ ပညာရှင် ဟိုဆန်လီကို ရွေးချယ် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယခင် ဥက္ကဋ္ဌဟောင်း အိန္ဒိယနိုင်ငံသား ရာဂျန်ဒရာ ပတ်ချောရီသည် လိင်ကိစ္စ စွပ်စွဲချက်များကြောင့် ဖေဖော်ဝါရီလက ရာထူးမှ နုတ်ထွက်သွားသဖြင့် အသစ်ရွေးချယ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

လီသည် ၂၀၀၈ ခုနှစ်ကတည်းက IPCC ဒုဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ ဥက္ကဋ္ဌအဖြစ် အမည်စာရင်း တင်သွင်းခံရသူ ခြောက်ဦးအနက်မှ လီကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ အမည်စာရင်းထဲတွင် ဘယ်ဂျီယံမှ ယန်း-ပါစကယ် ဗန်ပါဆီလီ၊ ဆီရာရာ လီယွန်မှ အိုဂန်လာဒီ ဒေဗစ်ဆန်၊ စတန်းဖို့ဒ် တက္ကသိုလ်မှ ခရစ်ဖီးလ်ဒ်တို့လည်း ပါဝင်သည်။

လီသည် အသက် (၆၉) နှစ်အရွယ် ဖြစ်ပြီး ဘောဂဗေဒ ဒေါက်တာဘွဲ့ ရရှိထားသူလည်း ဖြစ်သည်။ ကိုရီးယား တက္ကသိုလ်တွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဘောဂဗေဒ၊ စွမ်းအင်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ ပါမောက္ခအဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သည်။ ဥက္ကဋ္ဌ ရွေးချယ်ပွဲကို ခရိုအေးရှားနိုင်ငံ ဒူဘရိုနစ်ခ်မြို့တွင် ကျင်းပသော IPCC အစည်းအဝေးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လီသည် ကိုရီးယား ဟွန်ဒိုင်း ကားကုမ္ပဏီနှင့် ကိုရီးယား စွမ်းအင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း တို့တွင်လည်း ဘုတ်အဖွဲ့ လူကြီးအဖြစ် ပါဝင်သည်။IPCC က နိုင်ငံတကာ အစိုးရများအတွက် ရာသီဥတုဆိုင်ရာ ပေါ်လစီများ ချမှတ်နိုင်အောင် သိပ္ပံနည်းကျ စစ်ဆေး အကဲဖြတ်ချက်များ ထုတ်ပြန်ပေးရာတွင်လည်း မစ္စတာလီသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

IPCC သည် ၂၀၀၇ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့သည်။

messenger
Previous
Next Post »
Powered by Blogger.