(Photo_uefa) |
အုပ်စု D ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဂျာမနီက အဝေးကွင်းမှာ အိုင်ယာလန်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့လို့ ပွဲစဉ်မကုန်ခင် ခြေစစ်ပွဲ အောင်မြင်မယ့် အခွင့်အရေးကို
လက်လွှတ်ခဲ့ရတာပါ။ သူတို့ အနေနဲ့ သရေတစ်မှတ် ရရင်တောင် ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။
အုပ်စု Dမှာ ထိပ်ဆုံး ၂နေရာအတွက် ဂျာမနီ၊ ပိုလန်နဲ့ အိုင်ယာလန်တို့ အပြိုင်အဆိုင် ဖြစ်နေပြီး စကော့တလန်က အုပ်စုတတိယ နေရာ မျှော်လင့်ချက် ရှိနေခဲ့ပေမယ့် မနေ့ညက ပွဲစဉ်အဖြစ် ပိုလန်နဲ့ အိမ်ကွင်း ကစားခဲ့ရာမှာ ၂-၂ သရေကျခဲ့လို့ မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပါတယ်။
အုပ်စုအလိုက် ရလဒ်နဲ့ အနေအထားတွေကို တင်ပြလိုက်ပါတယ်။
အုပ်စု D
အိုင်ယာလန်နဲ့ ဂျာမနီတို့ရဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမား ရှိန်းလောင်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အိုင်ယာလန်က ဂျာမနီကို ၁-၀နဲ့ အနိုင်ရပြီး အနိမ့်ဆုံး အုပ်စု တတိယနေရာ ရရှိနိုင်ကာ ခြေစစ်ပွဲ အောင်မြင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
မနေ့ညပွဲစဉ် မတိုင်မီအထိ အိုင်ယာလန်က ဂျာမနီကို အနိုင်ရဖုးခြင်း မရှိခဲ့ကြောင်း သိရပါတယ်။
ဂျာမနီက ဘိုတန်း၊ ဂန်ဒိုဂန်နဲ့ အိုဇေးလ်တို့ အခွင့်အရေးတွေ ရရှိပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။
လူစားဝင် ကစားသမား ရှိန်းလောင်းက မိနစ် ၇၀မှာ သွင်းယူခဲ့တာပါ။
ပွဲပြီးခါနီးမှာ မူလာ ဂိုးသွင်းခွင့် တစ်ကြိမ် ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။
အုပ်စု Dမှာ ဂျာမနီက ရမှတ် ၁၉မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရပ်တည်နေပြီး ၁၈မှတ်စီ ရရှိထားတဲ့ ပိုလန်နဲ့ အိုင်ယာလန်တို့ လာမယ့် တနင်္ဂနွေ ပိုလန် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။
ပိုလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး လီဝမ်ဒိုစကီးရဲ့ စကော့တလန်နဲ့ ၂-၂ သရေကျခဲ့ပြီး စကော့တလန်ရဲ့ play-off ပွဲစဉ်က တစ်ဆင့် ခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပါတယ်။
တနင်္ဂနွေညမှာ ကစားမယ့် ပိုလန်နဲ့ အိုင်ယာလန်တို့ရဲ့ ပွဲစဉ်မှာ သရေတစ်မှတ် ရရှိရင်တောင် ဂိုးကွခြားချက် အသာစီး ရှိနေတဲ့ ပိုလန် ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်မှာပါ။
အိုင်ယာလန်ကတော့ တိုက်ရိုက် ခြေစစ်ပွဲ အောင်ချင်ရင် ပိုလန်ကို အဝေးကွင်းမှာ အနိုင်ရဖို့ ကြိုးစားရမှာပါ။
ဂျာမနီက အုပ်စုနောက်ဆုံး ပွဲစဉ်မှာ မျှော်လင့်ချက် မရှိတော့တဲ့ ဂျီဘရော်တာကို အိမ်ကွင်း ကစားရမှာဖြစ်ပြီး သရေတစ်မှတ် ရရှိရုံနဲ့ ခြေစစ်ပွဲ အောင်မြင်မှာပါ။
မနေ့ညက အခြားပွဲစဉ် တစ်ပွဲမှာ ဂျော်ဂျီယာက ဂျီဘရော်တာကို ၄-၀နဲ့ အိမ်ကွင်း အနိုင်ရခဲ့ပါတယ်။
အုပ်စု F
အုပ်စု F ပွဲစဉ်တွေမှာတော့ မြောက်အိုင်ယာလန်က ဂရိကို အိမ်ကွင်းမှာ ၃-၁နဲ့ အနိုင်ရလိုက်လို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။
ပွဲချိန် ၃၅မိနစ်မှာ အသင်းခေါင်းဆောင် စတီဗင် ဒေးဗစ်က အနီးကပ် ပိတ်သွင်းပြီး အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။
သိပ်မကြာခင် မက်ဂင်က ဒုတိယဂိုး သွင်းယူခဲံလို့ ပထမပိုင်း အပြီးမှာ မြောက်အိုင်ယာလန် ၂-၀နဲ့ ဦးဆောင်နေခဲ့တယ်။
တတိယဂိုးကို ပွဲချိန် ၅၈မိနစ်မှာ ဒေးဗစ်ကပဲ သွင်းယူခဲ့ပြိး ဂရိအတွက် နှစ်သိမ့်ဂိုးကို ၈၆မိနစ်မှာ အာရာဗီဒစ်က သွင်းယူခဲ့တာပါ။
အဆိုပါ ပွဲစဉ်မှာ အနိုင်ရလိုက်လို့ မြောက်အိုင်ယာလန် ရမှတ် ၂၀ ရရှိပြီး ဖင်လန်နဲ့ ၁-၁ သရေကျခဲ့တဲ့ ရိုမေးနီးယားကို ၃မှတ် အသာစီး ရရှိသွားခဲ့ပါတယ်။
ဟန်ဂေရီက နောက်ကလိုက်ကစားပြီး ၂-၁နဲ့ အနိုင်ရရှိခဲ့ပြီး ရိုမေးနီးယားနဲ့ ၁မှတ်ပဲ ကွာတော့ကာ အနိမ့်ဆုံး အုပ်စု တတိယနေရာကိုတော့ ရရှိနိုင်မှာပါ။
အုပ်စု I
အုပ်စု I ပွဲစဉ်တွေမှာတော့ ပေါ်တူဂီက ဒိန်းမတ်ကို ၁-၀နဲ့ အနိုင်ရခဲ့ပြီး အယ်ဘေးနီးယားက ဆားဘီးယားကို ၂-၀နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။
ပေါ်တူဂီက ဒိန်းမတ်ကို မော်တင်ဟိုရဲ့ ပွဲချိန် ၆၆မိနစ်မှာ သွင်းယူတဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
ဒုတိယနေရာမှာ ရှိနေတဲ့ ဒိန်းမတ်က ရမှတ် ၁၂မှတ် ရရှိထားပြီး ပေါ်တူဂီနဲ့ ၆မှတ် ကွာဟနေပါတယ်။
ဒိန်းမတ်က ခြေစစ်ပွဲ အောင်မြင်ဖို့ မျှော်လင့်ချက် ရှိနေသေးပြီး တတိယနေရာမှာ ရှိနေတဲ့ အယ်ဘေးနီးယားက ရမှတ် ၁၁မှတ် ရရှိထားပါတယ်။
ဒိန်းမတ်က ခြေစစ်ပွဲ ပွဲစဉ်အားလုံး ကုန်ဆုံးသွားပြီး အယ်ဘေးနီးယားက ၁ပွဲ ကျန်ရှိနေပါသေးတယ်။
အုပ်စု နောက်ဆုံး ပွဲစဉ်တွေ အဖြစ် လာမယ့် တနင်္ဂနွေညမှာ အာမေးနီးယား - အယ်ဘေးနီးယား၊ ဆားဘီးယား - ပေါ်တူဂီ ပွဲစဉ်တွေ အသီးသီး ယှဉ်ပြိုင်ကြမှာပါ။
အယ်ဘေးနီးယားနဲ့ ဆားဘီးယားတို့ရဲ့ ပွဲစဉ်မှာ ဆားဘီးယားက ကိုလာရော့ဗ်နဲ့ အယ်ဂျာဂျစ်တို့ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရ သွားခဲ့တာပါ။
aung sann moe - Planet Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon