သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၀န်းကျင်ခန့်က ရန်ကုန်မြို့ လသာမြို့နယ် အနော် ရထာလမ်းမပေါ်ရှိ SKY NET သင်္ကြန်မဏ္ဍပ်ရှေ့တွင် သင်္ကြန်ရေကစားသူထံမှ ရွှေဆွဲကြိုးတစ်ကုံး ဖြတ်၍ လုယက်မှု တခုဖြစ်ပွားခဲ့သည်။
သင်္ကြန်ကာလရေကစားသူများ၏ ပျော်ရွှင်မြူးထူးချိန်အား အခွင့်ကောင်းယူကာ တယ်လီဖုန်းများ၊ ပိုက်ဆီ အိပ်များ၊ တန်ဖိုးကြီးလက်ဝတ်ရတနာများကို အလစ်သုတ် လုယက်ကြနေခြင်းဖြစ်သည်။
" အဲဒီလူက ကျွန်တော်တို့ အဖွဲ့ထဲကို အတင်းတိုးဝင်လာတာ။ ကျွန်တော်တို့နဲ့ အတူတူကမယ်ထင်တာ။ ကျွန်တော်တို့က ရှေ့ကို မဲပြီးကနေတဲ့အချိန်မှာအဲဒီလူက ဆွဲကြိုးဖြုတ်တာ မြင်လိုက်တော့ သူ့ အင်္ကျီကို လှမ်းဆွဲဖမ်းထားလိုက်တာ။သူတို့ နဲ့အတူ နောက်ထပ်နှစ်ယောက်ပါတာတွေ့ရတယ်။ ဆွဲကြိုးလည်းပါ သွားတယ်။နောက်တစ်ယောက်က ပိုက်ဆံအိပ် ပါသွားတယ်။ အဲဒီလူကို မိတော့ ဘယ်မှာလဲ ဆွဲကြိုးလို့ မေးတော့ သူလက်ကို ဖြန့်ပြပြီး မရှိဘူးကွာလို့ပြန်ပြောတယ် "ဟု ဆွဲကြိုးအဖြတ်ခံရသည့် လူငယ်အဖွဲ့မှ ကိုမျိုးကိုလတ်ကပြောသည်။
SKY NET သင်္ကြန်မဏ္ဍပ် တွင် လုံခြုံရေး စီစီတီဗွီ ကင်မရာများတပ်ဆင်၍ အချိန်နှင့် တပြေးညီ စောင့်ကြပ် ကြည့်ရှုနေလျက်ရှိပြီး သင်္ကြန် အကြို၊အကျ နေ့ရက်များတွင် ယင်းကဲ့သို့ လုယက်မှုများတစ်ကြိမ်မှ မဖြစ်ပွါး ခဲ့ကြောင်း၊ ယခုလုယက်သူသည် ဒလမြို့နယ်တွင် နေထိုင်သူဟု သိရကြောင်း နှင့် လက်ရှိမိထားသူအပါ အ၀င် လုယက်မှုတွင်ပါဝင်သူ သုံးဦးဟု သိရှိရကြောင်း SKY NET သင်္ကြန်မဏ္ဍပ် လုံခြုံရေးတာ ၀န်ခံ ဦးအောင်လှ ကပြောသည်။
" ကိုယ်တို့က စီစီတီဗွီရှေ့မှာရှိတယ်။ အဲဒီကနေ စက်နဲ့ လှမ်းပြောတယ်။ဒီလုယက်မဲ့ သူက ဒီကလေးတွေနဲ့ အတူဝင်ကတာ။ကပြီးတော့ တစ်ယောက်က အနီရောင်ဝတ်ထားတဲ့ လူငယ်ရဲ့ နောက်မှာ။နောက် တစ်ယောက်က ဆွဲကြိုးဖြတ်ပြီးပြေးတာ။အဲဒီလုယူတဲ့ကောင်ကို မိလည်းမိရော သူက ဆွဲကြိုးကို လှမ်းပစ်ပေးလိုက်တော့ နောက်ထပ် ပါလာတဲ့ နှစ်ယောက်ဆီရောက်သွားတယ်။ပြီးတော့ အဲဒီ နှစ်ယောက်က ထွက်ပြေးသွားတယ်။စီစီတီဗွီမှာက ဖြတ်လိုက်တဲ့ ပုံပါပေါ်နေတယ်။" ၄င်းကပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍့  ယင်းနေ့ ၁ နာခွဲဝန်းကျင်အချိန်တွင် လသာမြို့မ ရဲစခန်းသိုနှစ်ကြိမ်တိုင် တိုင်သွားရောက်စုံစမ်းကြည့်ရာ စိစစ်ဆဲ ဖြစ်ကြောင်းနှင့် မည်သည့်ပုဒ်မနှင့်မည်သို့မည်ပုံ အရေးယူဆောင် ရွက်သွားမည်ကို ပြောဆို၍ မရကြောင်းသိရသည်။
လင်းလင်းအောင် - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Sign up here with your email
ConversionConversion EmoticonEmoticon