ဘာသာတရား


ဘာသာတရားဆိုတာ လူရဲ့စိတ်ကို ပိုပြီးတော့ ကျန်းမာအောင် အားရှိအောင်၊ health ဖြစ်အောင် လုပ်ပေးရမယ်။ မှန်ကန်တဲ့ တရာအသိဥာဏ်ဟာ စိတ်ကို လုံခြုံမှု အေးချမ်းမှု ပေးရမယ်။ ကိုယ်ကျင့်သုံးနေတဲ့ ဘာသာရေးဟာ ကိုယ့်ကို မှန်ကန်တဲ့ နေနည်းထိုင်နည်း ပေးရမယ်။ ကိုယ့်ရဲ့စိတ်ကို လုံခြုံမှု အေးချမ်းမှု ပေးရမယ်။ မလုပ်ရဲ မကိုင်ရဲလောက်အောင် နေစရာ ထိုင်စရာ မရှိလောက်အောင် ကြောက်နေအောင်
လုပ်မထားသင့်ဘူး။

 ခြေတွေ လက်တွေကို တုတ်ထားသလို နှောင်ဖွဲ့ထားတဲ့ ဘာသာတရားမျိုး မဖြစ်ရဘူး။ လူရဲ့တန်ဖိုးကို
လည်း ပိုပြီးတော့မြှင့်တင်ပေးတဲ့ ဘာသာတရားမျိုး ဖြစ်ရမယ်။ တာဝန်ကိုလည်း ပိုပြီးတော သိစေတဲ့ ဘာသာတရားမျိုး ဖြစ်ရမယ်။ လွတ်လပ်မှုကိုလည်း ပိုပြီးတော့ ရှိစေတဲ့ ဘာသာတရားမျိုး ဖြစ်ရမယ်။ ဒါမှ လူပီသတဲ့လူတွေ ဖြစ်လာမယ်။ ဘာသာတရားဆိုတာ လူတွေကို ပိုပြီး လူပီသအောင် နည်းလမ်းပေးရမယ်။

ဘာသာတရားဟာ လူတစ်ယောက်ရဲ့ သူ့ပင်ကိုယ် ဂုဏ်သိက္ခာနဲ့ သူ့တန်ဖိုးကို ပိုပြီးတော့ မြင့်လာအောင် လုပ်ပေးတယ်ဆိုရင် အဲဒီဘာသာတရားဟာ constructiveဖြစ်တယ်။ အကျိုးပြုတဲ့ ဘာသာတရားဖြစ်တယ်။ သူ့ဘဝမှာ ဘယ်ဟာကို တန်ဖိုးထားရမယ်၊ ဘယ်ဟာ မှားတယ်၊ ဘယ်ဟာ မှန်တယ်၊ ဘယ်ဟာ ကောင်းတယ်၊ ဘယ်ဟာ မကောင်းဘူး၊ ဘယ်ဟာ သင့်တော်တယ်၊ ဘယ်ဟာ မသင့်တော်ဘူး ဆိုတာကို သူကိုယ်
တိုင်က ဆုံးဖြတ်ချက် ချရဲတဲ့သတ္တိ ရှိလာအောင်လုပ်ပေးနေတဲ့ ဘာသာတရားဟာ အကျိုးပြုတဲ့ ဘာသာတရားဖြစ်တယ်။ သူ့ရဲ့ ethical awareness လို့ခေါ်တဲ့ တရားတယ်၊ မတရားဘူး ဆိုတာကို ပိုပြီးတော့ ထိုး
ထွင်းပြီးတော့ သိနိုင်တဲ့ အသိဥာဏ်မျိုးဖြစ်ပေါ်လာအောင် သူ့ကို အကူအညီပေးတယ်ဆိုရင်၊ လွတ်လပ်မှုနဲ့ ကိုယ့်ကိုယ်ကို တာဝန်ယူမှု၊ ကိုယ်လုပ်တဲ့ကိစ္စကို တာဝန်ယူမှု ဆိုတာကို ပိုပြီးတော့ တာဝန်ယူနိုင်တဲ့လူ ဖြစ်လာအောင် ပိုပြီးတော့ သတ္တိရှိတဲ့လူ ဖြစ်လာအောင် လုပ်ပေးတယ်ဆိုရင်
အဲဒီဘာသာတရားက အကျိုးပြုတဲ့ဘာသာတရား ဖြစ်တယ်။

ကိုယ့်ရဲ့ လူ့ဘဝကို၊ လူအဖြစ်ကို တကယ် အလေးထားတဲ့သူ၊ serious ဖြစ်တဲ့လူဆိုရင်တော့ အကျိုးပြုတဲ့ ဘာသာတရားဆိုတာ ဘယ်လို ဘာသာတရားလဲ ဆိုတာကိုမစဉ်းစားပဲနေမှာ မဟုတ်တော့ဘူး။ ဒါတွေကို တကယ်လေးလေးနက်နက် စဉ်းစားတဲ့လူဆိုရင်တော့ အဲဒီလူဟာ သူ့ရင်ထဲက ဘာသာတရားကို သူ တကယ်တန်ဖိုးထားတဲ့လူလို့ ပြောလို့ရတယ်။ ကိုယ့်ရဲ့လူ့ဘဝ၊ ကိုယ့်ရဲ့ လူအဖြစ်ကို ကိုယ် ဘယ်လိုသဘောထားနဲ့ မြင်နေသလဲ၊ ဘယ်လိုသဘောထားနဲ့ ခံယူနေသလဲဆိုတာဟာ psychologically အဲဒါဟာဘာသာတရားပဲ။ ကိုယ့်ဘဝကို ကိုယ် ဘယ်လိုသဘောထားသလဲ ဆိုတာဟာ ကိုယ့်ဘာသာတရားပဲ။ ကိုယ့်ဘဝပေါ်မှာ ကိုယ်ထားတဲ့ သဘောထားက ကိုယ့်ဘာသာတရားပဲ။

ကိုယ်လုပ်တဲ့ကိစ္စကို ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားပြီးတော့ သင့်တော်သလား၊မသင့်တော်ဘူးလား၊ မှားသလား၊ မှန်သလား၊ ကောင်းသလား၊ မကောင်းဘူးလား၊ရိုးသားသလား၊ မရိုးသားဘူးလား ဆိုတာကို ethically ဒီလို့ seriously မစဉ်းစားလို့ရှိရင် ကိုယ့်ဘဝကိုကိုယ် တန်ဖိုးထားတယ်လို့ မဆိုနိုင်သလို၊ ကိုယ်ကိုးကွယ်ပါတယ်၊ ယုံကြည့်ပါတယ်ဆိုတဲ့ ဘာသာတရားကိုလည်းတကယ်ယုံကြည်တယ်၊ တန်ဖိုးထားတယ်လို့ မပြောနိုင်ဘူး။ တစ်နည်းအားဖြင့်ဆိုရင်တော့ ဘာသာတရား မရှိသေးဘူးလို့ ပြောလို့ရတယ်။ ဘာသာတရားဆိုတာ ပုံစံစာရွက်ဖြည့်တဲ့အခါ ဘယ်ဘာသာ ကိုးကွယ်ပါတယ်လို့ဖြည့်လိုက်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ဘူး။

သိချင်စိတ် လုပ်ချင်စိတ်ဟာ ပင်ကိုယ်သဘာဝ ဖြစ်တယ်။ စမ်းသပ်ချင်တဲ့စိတ်၊ စူးစမ်းချင်တဲ့စိတ် ရှိတယ်။ ဒီစိတ်ကို အပျက်မခံနဲ့။ ဒီလို သိချင်တဲ့စိတ် စူးစမ်းချင်တဲ့စိတ်က သိပ္ပံပညာမှာလည်းပဲ အခြေခံအကျဆုံး စိတ်ထားဖြစ်သလို ဘာသာတရားမှာလည်း အခြေခံအကျဆုံး စိတ်ထားဖြစ်တယ်။ ဒီနှစ်ခုက အတူတူပဲ။ သိပ္ပံပညာရှင်ကြီးတွေက ရုပ်ရဲ့ သဘာဝ အကြောင်းအကျိုး အမှန်ကို ရှာတယ်။
ဘာသာတရားက ဘဝအဓိပ္ပါယ်နဲ့ ဘဝသံသရာရဲ့ အကြောင်းမှန် အကျိုးမှန်ကို ရှာတယ်။
ရှာဖွေတွေ့ရှိတဲ့ အချက်အလက်တော့ မတူပေမယ့် သဘောထား တူတယ်။

ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ဘယ်လောက် ဝေးလံခေါင်တဲ့နေရာ၊ ချောင်ကျတဲ့နေရာမှာပဲ နေနေ၊ ဘာသာတရား တစ်ခုခု ရှိနေတယ်။ အဲဒီ ဘာသာတရားဟာ မှားချင်မှားမယ်နော်။ မှားတာတွေတော့ တော်တော် များပါတယ်။ မှားပင်မှားသော်လည်းပဲ ဘာသာတရားတစ်ခုရှိနေတာ တွေ့ရတယ်။ ဘာဖြစ်လို့လဲ.. ဘာမှ မကိုးကွယ်ပဲနဲ့ဘာဖြစ်လို့ မနေကြတာလဲ?။ “ဘာသာတရားဟာ ကြောက်စိတ်မှာ အခြေခံတယ်” ဆိုတာကို ပြည့်စုံတဲ့အကြောင်းလို့ ဒီဘုန်းကြီးက မယူဆဘူး။ သိချင်တဲ့စိတ်မှာ အများကြီး အခြေခံတယ်။ သိချင်တဲ့စိတ်ကို အခြေခံပြီးတော့ ဘာသာတရား ဖြစ်လာတာ။ 

ဘာသာတရားဟာလည်း အမှန်တရားကို ရှာနေတာပဲ။ သိပ္ပံပညာရှင်ကလည်း (ပညာရှင်မှန်ရင်) အမှန်ကိုပဲ ရှာနေတာပဲ။ သိပ္ပံပညာရှင်ကြီးတွေဆိုရင် ငယ်တဲ့လူကပြောလည်း လက်ခံတယ်။ ကိုယ့်အယူအဆ လွဲနေတာကို နောက်တစ်ယောက်က ထောက်ပြတဲ့အခါ အဲဒါကို ကျေကျေနပ်နပ် လက်ခံတယ်။ ကိုယ့်အယူအဆ လွဲတာကို ထောက်ပြတာကို အင်မတန် ကျေနပ်တယ်။ စိတ်လည်း မဆိုးဘူး၊ ရှက်လည်း မရှက်ဘူး။ မရှက်လို့ သူ့အယူအဆကို သူ ပေါ့ပေါ့တန်တန် သဘောထားသလား ဆိုတော့၊ ဒီလိုလည်း
မဟုတ်ဘူးနော်။ 

ဘာဖြစ်လို့ မရှက်လဲဆိုတော့  အစကတည်းက ငါသိတာသာလျှင် အမှန်၊ ငါပြောတာပဲ အမှန်၊ သူများပြောတာတွေက မမှန်ဘူးလို့ သူ ယူဆမထားဘူး။ အမှန်ကိုသိအောင်ငါတတ်နိုင်သလောက် ကြိုးစားမယ်။ ငါ သိသလောက်ကို ပြောမယ်။ နောက်လူတွေက ငါ့ထက်ပိုသိရင် ငါ့အမှားကို မြင်လိမ့်မယ်။ ပြင်လိမ့်မယ်။ ဒီလို သဘောထား ရှိနေတယ်။ ပြင်လိမ့်မယ်ဆိုတဲ့ စိတ်ဟာ ဘယ်လောက်သဘောထားကြီးနေသလဲဆိုတာ စဉ်းစားကြည့်နော်။ လောကမှာ ဒုက္ခရောက်နေကြတာတွေဟာ အဲသလို သဘောထား မကြီးကြလို့ပဲ။ ငါသာ
လျှင်သိ၊ ငါသာလျှင် တတ်၊ ငါလုပ်တာပဲ မှန်တယ်၊ ဘယ်သူမှ ဝင်မပြောနဲ့၊ ပြောဖို့မလိုဘူး။ မင်းတို့ ဘယ်
လောက် သိလို့တုန်း။ မင်းတို့ ဘယ်လောက်တတ်လို့တုန်း ဆိုတဲ့ အပြောဟာ မတိုးတက်တဲ့ သဘောထား
 ဖြစ်နေတယ်။ 

အမှန်တရားကို ပိတ်ပင်တဲ့ သဘောထား ဖြစ်နေတယ်။ ဒီလို သဘောထားတွေကြောင့် ဒီလောက် ဒုက္ခဖြစ်တာ။ အဲဒီလို သဘောထားဟာ မှားပြီးရင်း မှားအုံးမည့်သဘောထားဖြစ်တယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ စစ်ဖြစ်နေတာတွေ ရှိတယ်နော်။ ဘာဖြစ်လို့တုန်းဆိုတော့ငါတို့ မှန်တယ်၊ ကျန်တဲ့လူတွေ မှားတယ်လို့ ယူဆတယ်။ ငါတို့ ဘာသာတရားကောင်းတယ်၊ ကျန်တဲ့ဘာသာတရားတွေ မမှန်ဘူး၊ မကောင်းဘူး။ ဒါကြောင့် ကျန်တဲ့ဘာသာဝင်တွေကို မျိုးဖြုတ်လိုက်ကြ။ သူတို့မရှိရင် ကောင်းမယ်။ အဲဒီလို သဘောထားကြောင့် လောကကြီး ပျက်စီးတာနော်။ အမှန်တရားကိုမူပိုင်လုပ်ထားတယ်။ အမှန်တရားဟာ တစ်ဦးတစ်ယောက် မူပိုင် မဟုတ်ဘူး။

အဖွဲ့အစည်းတစ်ခုရဲ့ မူပိုင် မဟုတ်ဘူး။ အမှန်တရားကို တန်ဖိုးထားတဲ့သူဟာ ကိုယ့်အမှားကို ပြင်ဖို့ ဝန်မ
လေးဘူး။

သူများ အယူအဆ မှန်နေရင် တန်ဖိုးထားတယ်၊ လက်ခံတယ်။ ကိုယ့်အယူအဆကို သူများလက်ခံဖို့က အဓိကမဟုတ်ဘူး။ သူများ အယူအဆ မှားနေရင်လည်း စိတ်ရှည်ရှည်နဲ့ ရှင်းပြတယ်။ ဒေါသကြီးကြီး မာန
ကြီးကြီးနဲ့ အနိုင်မယူဘူး။ ကိုယ်လည်း မှားတဲ့အခါ ရှိတယ်ဆိုတာကို မမေ့ဘူး။ ကိုယ်က မှန်နေတာကို
သူများက လက်မခံချင်ရင်လည်း ဒေါသဖြစ်နေစရာ မလိုပါဘူးနော်။ သဘောထားကြီးကြီး ထားရမယ်။ မျက်ကန်းယုံကြည်မှုဟာ ဘယ်တော့မှ စိတ်ကို တကယ်ကြည်လင်မှု၊ အေးချမ်းမှု၊ လေးနက်မှု၊ မဖြစ်စေနိုင်ဘူး။ စိတ်ကို တကယ်လွတ်လပ်မှု မပေးနိုင်ဘူး။ တကယ့်သတ္တိ၊ တကယ့်အင်အားကိုလည်း မပေးနိုင်ဘူး။

ဘုရားဟောတဲ့တရားကို ယုံကြည်ပါတယ်ဆိုတဲ့ လူက ယုံကြည်ပါတယ်ဆိုတဲ့ နေရာတင်
ရပ်နေလို့မဖြစ်ဘူး။ သိအောင်ကို လုပ်ရအုံးမယ်။ သိတာက ယုံကြည်တာထက် ပိုပြီး အဆင့်မြင့်တယ်။ ယုံ
ကြည့်ပါတယ်ဆိုပြီး ဘာမှ မလုပ်တဲ့ လူဟာ တာဝန်မဲ့တယ်လို့ပြောလို့ရတယ်။ တာဝန်မယူရဲတဲ့လူလို့ ပြောလို့ရတယ်။ တစ်နည်းအားဖြင့်တကယ်ယုံတာ မဟုတ်ဘူးလို့တောင် ပြောလို့ရတယ်။

လွတ်လွတ်လပ်လပ် အမှန်တရားကို ရှာမှ ဗုဒ္ဓဘာသာဝင် ပီသမယ်နော်။
ကြားရသမျှကို ယုံနေရင် ဗုဒ္ဓဘာသာဝင် မပီသဘူး။ ယုံရတာ လွယ်တယ်။ ကိုယ်တိုင်
သိအောင် လုပ်ရတာ မလွယ်ဘူး။ ဗုဒ္ဓဘာသာတရားမှာ ယုံတာဟာ အရေးအကြီးဆုံးအချက် မဟုတ်ဘူး။ ကိုယ်တိုင်သိတာက အရေးကြီးတဲ့အချက် ဖြစ်တယ်။ ဗုဒ္ဓဘာသာတရားဟာ အမှန်တရားကို လွတ်လွတ်လပ်လပ် ရှာဖွေဖို့၊ လက်တွေ့စမ်းသပ်ဖို့ အားပေးတဲ့ တရားဖြစ်တယ်။

 ဒါကြောင့်
Buddhism is The Religion of Freedom လို့ ဆိုနိုင်တယ်။ ဗုဒ္ဓဘာသာတရားဟာ အဆင့်အမြင့်ဆုံး 
လွတ်လပ်မှုကို ရောက်အောင်လမ်းဖွင့်ပေးတဲ့ ဘာသာတရားဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတရားဟာ The Religion of Freedom ဖြစ်တယ်။

အခုခေတ်မှာတော့ ဆင်းတုတော်ကိုတောင် ပုဂ္ဂိုလ်စွဲကိုးကွယ်နေကြတယ်။
ဒီဆင်းတုတော်ကို ကိုးကွယ်ရင် ဘယ်လိုအကျိုးများတယ်။ “ဒီ ဆင်းတုတော်က
တန်ခိုးကြီးတယ်”လို့ ပြောနေကြတာဟာ ဘုရားဟောနဲ့ ဘယ်လောက် ဝေးကွာသွားပြီလဲ။
“ဒီဆင်းတုတော်က ဟိုဆင်းတုတော်ထက် တန်ခိုးကြီးတယ်” လို့ ပြောတာဟာ
ဗုဒ္ဓဘာသာတရားကို ဘာမှ မသိတဲ့သူတွေရဲ့ အတွေးအခေါ်ပါ။ အမှန်တရားကို သိပြီး မြင်ပြီး လွတ်လပ်တဲ့အခါမှာမှ ဘုရားကိုကြည်ညိုတတ်လာတယ်။ ထူးထူးဆန်းဆန်း ပုံတော်ထုထားတဲ့ ဆင်းတုတော်ကို ကြည်ညိုရုံနဲ့ ဘုရားကို ကြည်ညိုတတ်ပြီလို့ မဆိုနိုင်သေးဘူး။

တချို့က ဘုရားရှိခိုးရင် မေတ္တာပို့ရင် ရာထူးတိုးလိမ့်မယ်လို့ မျှော်လင့်နေတယ်။ ဘာသာတရားကိုးကွယ်တာ စိတ်အေးချမ်းဖို့နဲ့ အသိအမြင် မှန်ကန်ဖို့၊ ဘဝမှာ လူပီပီနေတတ်ဖို့။ ဘုရားရှိခိုးတာ လမ်းမှန်ကိုညွှန်ပြတဲ့
 ကျေးဇူးရှင်ဖြစ်လို့ ရိုသေလေးစားလို့ ဂုဏ်တွေကိုအာရုံပြုပြီး ရှိခိုးတာ၊ ဘာမှ လိုချင်လို့ မဟုတ်ဘူး။

ဆုတောင်းတာတွေ သိပ်များနေတဲ့သူဟာ ဘာသာတရားဆိုတာရဲ့ သဘာဝကို မသိလို့ပါ၊၊ ဆုတောင်းတယ်ဆိုတာ ကိုယ့်ဆန္ဒကို ကိုယ် အတည်ပြုတာပဲ။ confirm လုပ်တာပဲ။
ကိုယ့်စိတ်ကို ဦးတည့် ပေးလိုက်တာပဲ။ လေးထဲမှာ မျှားကို ထည့်ပြီး လေးကိုတင် ပစ်မှတ်ကိုချိန်ပြီး လွှတ်လိုက်တာပဲ။ လေးနဲ့မျှားကကိုယ်လုပ်တဲ့အလုပ်ပဲ။ ပစ်မှတ်ကို ချိန်ပြီး ပစ်လွှတ်လိုက်တာက ဆုတောင်းလိုက်တာပဲ။ အလုပ်မပါဘဲ ဆုတောင်းနေလို့ အလကားပဲ။ကိုယ်လိုချင်တာရဖို့ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ယူရမယ်။ အရာရာတိုင်းဟာ ကိုယ့်တာဝန်ပဲ။ ကိုယ့်တာဝန်ကို ကိုယ် အပြည့်အဝ ယူနိုင်တဲ့သူမှသာ ဘာသာတရားကိုနားလည်တဲ့သူ ဖြစ်မယ်။ ကိုယ့်စိတ်က လွတ်လပ်လာမှ ဘုရားကို ကိုးကွယ်တတ်မယ်။

တန်အောင်လုပ်ပြီးမှ ဆုတောင်းပါ။ အမှန်တော့ တကယ်တန်အောင် လုပ်တဲ့သူဟာဆုတောင်းနေစရာ မလိုတော့ပါဘူး။ သဘာဝတရားဟာ ဆုတောင်းနေတာကိုစောင့်မနေပါဘူး။ သူ့သဘာဝ အကြောင်းအကျိုးအတိုင်း လုပ်သင့်တာကို လုပ်ရင် ရသင့်တာကို ရပါတယ်။ ဆုတောင်းတာ သိပ်များနေတဲ့သူဟာ ဆုတောင်း
ပြည့်တဲ့သူ မဖြစ်နိုင်ဘူး။

စီးပွားဥစ္စာ တိုးတက်ဖို့၊ ရာထူးတိုးဖို့ ဘာသာတရားကို ကိုးကွယ်တဲ့သူဟာဘာသာတရားအစစ်ဟာ ဘာလဲ ဆိုတာကို လုံးလုံး မသိတဲ့သူပဲ။ လွတ်လပ်မှုကို လိုချင်လို့ ဘာသာတရားကို ကိုးကွယ်တဲ့သူမှသဘာသာတရားအစစ်ဆိုတာ ဘာလဲဆိုတာကို သိနိုင်မယ်။

ကိုယ့်တာဝန်ကိုကိုယ် အပြည့်အဝယူနိုင်တဲ့သူမှာပဲ စစ်မှန်တဲ့ ဘာသာတရားရှိတယ်၊၊ ဘာသာတရားဆိုတာ အားကိုးရာကို ရှာတာလို့ ပြောကြတယ်။ အဲဒါဟာ အားငယ်တတ်သူတို့ရဲ့ ဘာသာတရားဖြစ်တယ်။ အားငယ်တတ်တဲ့သူဟာ သူ့ရဲ့မပြည့်စုံမှု ချို့တဲ့မှုကို အကြောင်းခံပြီးတော့ ဘာသာတရားကို ကိုးကွယ်တယ်။
သူလိုချင်တာတွေ ရဖို့ ဘာသာတရားကို ကိုးကွယ်တယ်။ အားမငယ်တတ်တဲ့ သူဟာမပြည့်စုံမှု ချို့တဲ့မှု ကို အကြောင်းမခံဘူး။ လိုချင်တာ ရဖို့ မကိုးကွယ်ဘူး။ လွတ်လပ်ဖို့ နည်းလမ်းကိုပဲ ရှာတယ်။ ချို့တဲ့နေသူရဲ့ ဘာသာတရားဟာ ပြည့်စုံမှုကို ရည်မှန်းချက် ထားတယ်။

 ပြည့်စုံနေသူရဲ့ ဘာသာတရားဟာ လွတ်လပ်မှုကို ရည်မှန်းချက် ထားတယ်။ ကြောက်တဲ့သူ စိုးရိမ်တဲ့သူရဲ့ ဘာသာတရားဟာ လုံခြုံမှုကိုရှာတဲ့ ဘာသာတရား။မကြောက်တတ်သူ၊ မစိုးရိမ်တဲ့သူရဲ့ ဘာသာတရားဟာ လွတ်မြောက်မှုကိုရှာတဲ့ဘာသာတရား၊၊ အားငယ်တတ်သူဟာ ချိုင်းထောက်နဲ့တူတဲ့ ဘာသာတရားကို ရှာ
တယ်။

အားမငယ်တတ်တဲ့သူ၊ သတ္တိရှိတဲ့သူ၊ လွတ်လပ်မှုကို ချစ်တဲ့သူဟာ အတောင်ပံနဲ့တူတဲ့ ဘာသာတရားကို ရှာတယ်။ ဗုဒ္ဓဘာသာတရားဟာ အားငယ်သူတို့ရဲ့ ဘာသာတရား မဟုတ်ဘူး။ စိတ်ဓာတ်အင်အား ကြီးသူတို့ရဲ့ ဘာသာတရား ဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်ပီသတဲ့သူဟာ ကိုယ့်အားကိုယ်ကိုးတယ်။ ကိုယ့်အားကိုယ်ကိုးတယ်ဆိုတာ ကိုယ့်ဥာဏ်ကို ကိုယ် အားကိုးတယ်လို့ ဆိုလိုတယ်။ ဗုဒ္ဓဘာသာဝင် ပီသတဲ့သူဟာ သတ္တိရှိတယ်။ သတ္တိမရှိရင် ကိုယ့်အားကိုယ် မကိုးနိုင်ဘူး။
ကြောက်တတ်တဲ့သူဟာ အားကိုးစရာကို တခြားမှာ ရှာတယ်။ မြတ်စွာဘုရားဟာ လမ်းကိုပဲ ညွှန်ပြတယ်။ တွဲမခေါ်ဘူး။ သူ့တာဝန် မဟုတ်တာကို သူ တာဝန် မယူဘူး။ ကိုယ့်တာဝန်ကို ကိုယ် ယူခိုင်းတာဟာ ကိုယ့်ကို
လွတ်လပ်တဲ့သူ ဖြစ်စေချင်လို့။ ဘုရားဟာ လွတ်လပ်တဲ့သူ။ ဒါကြောင့် လွတ်လပ်မှုကို ပေးတဲ့သူ ဖြစ်တာ။

ကိလေသာတွေ ကင်းရှင်းနေတဲ့အခါမျိုးမှာ ဘုရားကို အာရုံပြုကြည့်ပါ။ အဲဒီအခါကျမှ ဘုရားဆိုတာ ဘယ်လိုလဲဆိုတာ နည်းနည်း ရိပ်မိလိမ့်မယ်။

“ယထာ ဝါဒီ၊ တထာ ကာရီ။
ယထာ ကာရီ၊ တထာ ဝါဒီ။”
“ပြောသလို လုပ်တဲ့သူ၊
လုပ်သလို ပြောတဲ့သူ။”
သဘောက အပြောနဲ့အလုပ်က ကွာဟာမှု မရှိဘူး၊ တစ်ထပ်တည်း ဖြစ်နေတယ်တဲ့။ အဲဒါ
မြတ်စွာဘုရားနဲ့ ပတ်သက်ပြီးတော့ အင်မတန် ကြည်ညိုစရာကောင်းတဲ့ အချက်တစ်ချက်ပဲ။

မြတ်စွာဘုရားဟာ သဘာဝမကျတဲ့ မျှော်လင့်ချက်တွေကို မပေးဘူး။ false hope
မျှော်လင့်ချက်အတုတွေကို မပေးဘူး။ အဲဒါဟာ ဆရာကောင်းတို့ရဲ့ လက္ခဏာပဲ။

“ငါ့ကို အားကိုးပါ။ ငါ့ကို ယုံကြည်ပါ။ ငါ့ကို ကိုးကွယ်ပါ” လို့ပဲ ပြောကြတာ ကြားရတယ်။ ကိုယ့်ဘဝကို သူတို့လက်ထဲရောက်အောင်ပဲကိုယ့်ကိုအယုံသွင်းပြီး ကြိုးကြိုးစားစား လုပ်နေကြတယ်။ မြတ်စွာဘုရားကတော့
ကိုယ့်ဘဝကို ကိုယ့်လက်ထဲ ပြန်ထည့်ပေးလိုက်တယ်။ အဲဒီလို ကိုယ့်ဘဝကို ကိုယ့်လက်ထဲ ပြန်ထည့်ပေးလိုက်တာကို မကြိုက်တဲ့သူ ရှိနိုင်တယ်။ ဘယ်သူတွေလဲ။ ကိုယ့်ကိုယ်ကိုကိုယ် အားမကိုးချင်တဲ့သူတွေ၊
အားငယ်တဲ့သူတွေ။ အားငယ်တဲ့သူဟာ ကိုယ့်ဘဝကို သူများ တာဝန်ယူထားတာကိုလိုချင်တယ်။ အားလုံး ဆုံးဖြတ်ပေး။ ဘာလုပ်ရမယ်ဆိုတာ ပြောပေး။ ဒါကြောင့်ဗေဒင်ဆရာတွေ ထမင်းစား နေရတာပေါ့။

ကိုးကွယ်ရာ အားထားရာ အစစ်ကို ကိုယ့်စိတ်ထဲမှာပဲ ရနိုင်တယ်။
တရားအားထုတ်လို့ ဖြစ်လာတဲ့ “ပညာ ဥာဏ်” ကသာ ကိုယ့်ရဲ့ အားထားရာ ကိုးကွယ်ရာ
အစစ်ဖြစ်တယ်။ အဲဒီဥာဏ်က လွဲလို့ တခြားကိုးကွယ်ရာ အားထားရာ မရှိဘူး။
အဲဒီဥာဏ်ကပဲ လွတ်လပ်သွားစေတာ။

ဗုဒ္ဓဘာသာတရားရဲ့ အမြင့်ဆုံး ရည်မှန်းချက်ဟာ လွတ်လပ်မှု ဖြစ်ပါတယ်။ ကောင်းကင်ဘုံတို့ နတ်ပြည်တို့ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်မှုနဲ့ စပြီး လွတ်လပ်မှုနဲ့ ဆုံးတယ်လို့ ဆိုနိုင်တယ်။

မြတ်စွာဘုရားဟောတဲ့တရားကို အခုခေတ်မှာ ဗုဒ္ဓဘာသာလို့ ခေါ်နေကြတယ်။
ဒီဗုဒ္ဓဘာသာဆိုတဲ့ စကားလုံးကိုက ပေါ်ပေါက်လာတာ သိပ်မကြာသေးဘူး။ တခြားတခြား ဘာသာတရားတွေကို ဘာသာလို့ခေါ်တဲ့ ခေတ်မှာမှ အဲဒီနောက်ပိုင်းမှ ဗုဒ္ဓဘာသာလို့ ခေါ်တာ။ ဘုန်းကြီးကတော့ သမ္မာဒိဌိဝါဒီဆိုတဲ့ အသုံးအနှုန်းကို ပိုကြိုက်တယ်။

အကြောင်းအကျိုး မှန်တာကို လက်ခံတယ်။ ဘယ်ပုဂ္ဂိုလ်ကိုမှ မစွဲဘူး။ ပုဂ္ဂိုလ်စွဲ မရှိဘူး။ ဂိုဏ်းစွဲ မရှိဘူး။ ဘုန်းကြီးကို တချို့က ဘယ်ဂိုဏ်းဝင်လဲလို့ မေးကြတယ်။ အဲဒီလို မေးခွန်းကို ဘုန်းကြီး မဖြေချင်ဘူး၊၊ အသောကမင်းကြီး လက်ထပ်မှာ ရဟန်းအတုနဲ့ အစစ်ခွဲဖို့ သူတို့ စီစဉ်တဲ့အခါမှာ ရဟန်းတွေကို မေးတယ်။ သင့်ဆရာရဲ့ အယူဝါဒဟာ ဘယ်လို အယူဝါဒလဲ။ ဒီပုဂ္ဂိုလ်ဟာ ဘုရားရဲ့တရားကို ဘယ်လောက်သိသလဲဆိုတာ စမ်းတာ။ ရဟန်းအတုတွေကတော့ အမျိုးမျိုး ဖြေကြတာပေါ့လေ။ ရဟန်းအစစ်၊ ဘုရားရဲ့ အဆုံးအမသြဝါဒကို တကယ်သိတဲ့ ပုဂ္ဂိုလ်ကဘယ်လိုဖြေလဲဆိုတော့ ငါတို့ဆရာရဲ့ ဝါဒဟာ “ဝိဘဇ္ဇဝါဒ” ဖြစ်ပါတယ်တဲ့။ ဗုဒ္ဓဝါဒလို့ မပြောဘူးနော်။ ပုဂ္ဂိုလ်ကိုစွဲပြီးတော့ ဝါဒတစ်ခု တည်ထောင်တာ မဟုတ်ဘူး။ ဝိဘဇ္ဇဝါဒဆိုတာ ဝေဖန်ပိုင်းခြား စီစစ်တဲ့ ဝါဒ။ အတုံးလိုက် အခဲလိုက် ယူတဲ့ဝါဒဖြစ်တယ်၊၊ အဲဒါလေးတွေကအစ အမှတ်တမဲ့ မနေသင့်ဘူး။
ဗုဒ္ဓဘာသာတရားကို တကယ်လေးလေးစားစား တန်ဖိုးထားတယ်ဆိုရင် ဒီစကားလုံးလေး
သုံးတာကအစ စဉ်းစားသင့်တယ်။ ပေါ့ပေါ့တန်တန် မဟုတ်ဘူးနော်။ ဘုရားလက်ထက်က တချို့ ပုဂ္ဂိုလ်တွေက ဘုရားကို ဘုရားမှန်းတောင်မှ သူတို့သေသေချာချာ မသိသေးဘူး။ အင်မတန် ကြည်ညိုစရာကောင်းတဲ့၊ ဣနြေ္ဒသိက္ခာရှိတဲ့ရဟန်းတစ်ပါးလို့ပဲ မြင်တဲ့အဆင့်မှာ ရှိတယ်။ အဲဒီအဆင့်မှာကိုပဲ တရားနာတုန်းမှာ မြတ်စွာဘုရားက အကြောင်းအကျိုးကို တဖြည်းဖြည်း တဖြည်းဖြည်း ရှင်းပြလိုက်တော့ တရားကို သဘောပေါက်တဲ့ အချိန်ကျမှပဲ အဲဒီ ပုဂ္ဂိုလ်ဟာ ဘုရားပဲ ဖြစ်ရမယ်လို့ စိတ်ထဲက သူ့ဟာသူ အလိုလို သိလာတယ်၊၊ 

တရားနာတယ်ဆိုတာ သဘာဝ အကြောင်းအကျိုးကို သိအောင် နာတာ။ တရားကို သိတယ်ဆိုတာ သဘာဝ အကြောင်းအကျိုးကို သိတာ။ ဇာတ်လမ်း ဇာတ်ကွက်ကို သိရုံနဲ့ တရားကို သိတယ်လို့ မဆိုနိုင်ဘူး။ ဘုရားဟောတဲ့ တရားဟာ သက်သက် စိတ်ကူးနဲ့ ဖန်တီးထားတဲ့ အယူဝါဒ တစ်ခု မဟုတ်ဘူး။ သဘာဝတရားပဲ။ အဲဒီတော့ မြတ်စွာဘုရားဟောတဲ့ တရားတော်တွေကို တကယ်သဘောပေါက်ချင်ရင် ကိုယ်တိုင် အားထုတ်ကြည့်ရင် ရတယ်၊၊

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော့မယ်ဆိုတော့ ညီတော်အာနန္ဒာက မြတ်စွာဘုရားမရှိတော့တဲ့အခါ ဘယ်သူ့ကို အားကိုးပြီး နေရမလဲလို့ လျှောက်တော့ “ငါဘုရား၊တရားနဲ့ ဝိနည်းတော်တို့ကို ဟောထားပြီ။ ငါ မရှိတော့တဲ့အခါမှာ တရားနဲ့ ဝိနည်းဟာ သင်တို့ရဲ့ ဆရာပဲ။ အဲဒီတရားနဲ့ ဝိနည်းကိုပဲ ဆရာအဖြစ်နဲ့ ထားပြီး နေတော့။” လို့ မိန့်တော်မူတယ်။ ဘယ်သူ့ကိုမှ ဘုရားရဲ့ ကိုယ်စား နေရာမှာမထားခဲ့ဘူး။ ပုဂ္ဂိုလ်စွဲကို အားမပေးခဲ့ဘူး။ အယူအဆ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်ကို ဦးစားပေးလိုက်ရင် ချုပ်ချယ်မှု ပါသွားပြီ။ ချို့ယွင်းချက်တွေ အမှားတွေ အပြင် မခံနိုင်တော့ဘူး။ 

အမှားကို မပြင်နိုင်ရင် မှားမယ်။ ဒုက္ခရောက်သွားမယ်။ အဲဒါတွေ သဘောပေါက်စေချင်လို့ ဒီအကြောင်းကို ခဏခဏ ဒကာ ဒကာမတွေကို ပြောတာ၊၊ အခု မြန်မာပြည်မှာဆိုလည်းပဲ တရားအားထုတ်တာနဲ့ ပတ်သက်ပြီးတော့ နည်းအမျိုးမျိုး၊ နာမည်လည်း အမျိုးမျိုး တပ်ထားတာတွေ ရှိတယ်။
နာမည်တပ်တာကတော့ တပ်ပါပြီ။ ထားတော့။ ဒါပေမယ့် နာမည်နောက်ကို မျက်စိမှိတ်ပြီးတော့ မလိုက်ပါနဲ့။ လက်တွေ့လုပ်ကြည့်လို့ အကျိုးရှိရင်ဆက်လုပ်ပါ။ နာမည်တွေ တပ်လိုက်ပြီးတော့ တို့က ဒီအုပ်စု၊ သူတို့ကတော့ ဟိုဘက်အုပ်စု၊ဒါကြောင့် သူတို့နဲ့ ငါတို့ မတူဘူး။ မတူယုံတင် မကဘူး။ တို့က ပိုကောင်းတယ်၊ သူတို့က မကောင်းဘူး။ အဲဒီလိုဆိုတော့ ငါ သူတစ်ပါးဆိုတဲ့သဘော ပါလာပြီနော်။ မာနတွေ ဖြစ်လာတယ်။ အတ္တတွေ ဖြစ်လာတယ်။ ဘုရားဟောတဲ့ တရားတော်မှာ အဓိကက သက္ကာယဒိဌိ ကင်းဖို့၊ ဥပါဒါန် အစွဲအလန်းကင်းဖို့၊ ဒါကို ဦးတည်တာနော်။ 

သတိမထားမိရင် ဘာဖြစ်လာသလဲဆိုတော့ သက္ကာယ ပိုအားကြီးလာတယ်။ ဘယ်ဆရာတော်ဖြစ်ဖြစ် အကျင့်သိက္ခာ၊ ဥာဏ်ပညာကို လေးစားထိုက်ပါတယ်။ ငါ့ဆရာဆိုတဲ့ အစွဲအလန်း ငါတို့ဝါဒ၊ ငါတို့နည်းဆိုပြီး အစွဲအလန်း မရှိဖို့အရေးကြီးတယ်။ ကိုယ်နဲ့ကိုက်ရင် ကိုယ့်ဟာကိုယ် အားထုတ်ဖို့ပဲ။ အဲဒီလိုမဟုတ်ဘဲနဲ့ ဂိုဏ်းတို့ ဘာတို့ အုပ်စုတို့ ဖွဲ့လာပြီဆိုရင် အဲဒါကိုကစိတ်ဝမ်းကွဲဖို့ရာ၊ ပဋိပက္ခဖြစ်ဖို့ရာ၊ အဲဒါကိုက သက္ကာယဒိဌိ အားကြီးဖို့ရာ အကြောင်း ဖြစ်လာတယ်။ ဒီလို သဘောထားတွေကို သေသေချာချာ စဉ်းစားပြီးမှ သဘောထား မှန်မှန်နဲ့ တရားကို လေ့လာပြီးမှ အားထုတ်မယ်ဆိုရင် ဥာဏ်အမြော်အမြင် ပိုရှင်းသွားတယ်။ အသိအမြင် တိုးတက်မှုလည်း ပိုပြီးတော့ မြန်လိမ့်မယ်၊၊

ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကို လိုချင်နေတယ်ဆိုရင် မလွတ်လပ်သေးလို့ပဲ။ တကယ်လွတ်လပ်တဲ့သူဟာ ပုဂ္ဂိုလ်စွဲ
 ကြည်ညိုမှုကို မလိုချင်တော့ဘူး။ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုဟာ မလွတ်လပ်သူတို့ရဲ့ လုပ်နည်း၊ ကိုးကွယ်နည်း။ လွတ်လပ်တဲ့သူဟာ ပုဂ္ဂိုလ်စွဲ မရှိတော့ဘူး။ တရားကို ကိုယ်တိုင်မသိတဲ့သူဟာ သူ့ကို အများက ပုဂ္ဂိုလ်စွဲ ကြည်ညိုတာကို လိုချင်တယ်။ အသိဥာဏ်နည်းပြီး အားငယ်စိတ်ကြီးတဲ့ သူဟာလည်း ပုဂ္ဂိုလ်စွဲ
အားကိုးချင်တယ်။ သူတို့နှစ်ဦးတွေ့သွားရင် တွဲမိသွားပြီး ခွဲလို့ မလွယ်တော့ဘူး၊၊ တစ်ဦးကိုတစ်ဦး မှီခိုပြီး နေသွားတော့တယ်။ သူက ကိုယ့်အပေါ်မှီခို ကိုယ်က သူ့အပေါ်မှီခို အဲသလို ဖြစ်နေတဲ့ ဆက်ဆံရေးမျိုးကို အားငယ်တတ်တဲ့ သူတွေ ကြိုက်ကြတယ်။

မြတ်စွာဘုရားဟာ လမ်းကိုညွှန်ပြတဲ့သူပဲ ဖြစ်တယ်။ ကယ်တင်ရှင် မဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲ ကိုးကွယ်တာကို လိုချင်တဲ့သူ မဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲကိုးကွယ်ဖို့ အားမပေးဘူး။ ဗုဒ္ဓဘာသာတရားဟာ လွတ်မြောက်မှုကို လမ်းညွှန်ပေးတဲ့ ဘာသာတရား ဖြစ်တယ်။ ဘုရားဟာ လမ်းကို ညွှန်ပြလိုက်တာပဲ။ ညွှန်ပြတဲ့ လက်ညှိုးကို ကြည့်ရုံနဲ့ မလုံလောက်သေးဘူး။ လက်ညှိုး ဘယ်ကို ညွှန်သလဲဆိုတာကို ကြည့်ပြီးအဲဒီလက်ညှိုးညွှန်ရာကို ရောက်အောင်သွားရမယ်။

ကုသိုလ် အကုသိုလ်ဆိုတာ ဘာကိုပြောတာလဲ။ အဆင့်အတန်းနိမ့်တဲ့ စိတ်ကို အကုသိုလ်လို့ ပြောတာ၊၊ အဆင့်အတန်းမြင့်တဲ့ စိတ်ကို ကုသိုလ်လို့ ပြောတာ။ စိတ်ကို ပြောတာနော်။ စိတ်ရဲ့ အရည်အသွေးကို ပြောတာ။ စိတ်ထားကို မြှင့်ပေးလိုက်တာဟာ ကုသိုလ်။ စိတ်ရဲ့ စွမ်းရည်သတ္တိတွေကို ပိုပြီးတော့ ကြီးစေလို့ ကုသိုလ်လို့ခေါ်တယ်။ ကောင်းတဲ့စိတ်ဓာတ်ဖြစ်ပေါ်လာဖို့ လုပ်လိုက်ရတာကို ကုသိုလ်လို့ ခေါ်တယ်။

ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတာဟာ သဘာဝတရားဖြစ်ပါတယ်။ သတ်မှတ်ချက် မဟုတ်ဘူး။ ဒီအချက်ကို နက်နက်နဲနဲ သဘောပေါက်စေချင်တယ်။ ကုသိုလ်လို့သတ်မှတ်လိုက်တိုင်း ကုသိုလ် ဖြစ်မသွားဘူး။ အကုသိုလ်လို့ သတ်မှတ်လိုက်တိုင်း အကုသိုလ် ဖြစ်မသွားဘူး။ ဒါဟာ သဘာဝတရားပဲ။ ဥပမာ-ငရုတ်သီးကို ချိုတယ်လို့ သတ်မှတ်ရုံနဲ့ ငရုတ်သီးရဲ့ အရသာဟာ ချိုမသွားနိုင်ဘူး။ စပ်တဲ့သဘာဝဟာ စပ်မှာပဲ။

သဘောထားမှန်ဖို့ အရေးကြီးတယ်ဆိုတာ သဘောပေါက်ဖို့လိုတယ်၊၊ ဒီသဘောထားမှန်ဖို့ဆိုတာ တရားအားထုတ်တဲ့ နေရာမှာ ထားရမှာ မဟုတ်ဘူးနော်။ဒီသဘောထားဟာ နေရာတိုင်းမှာ ထားရမယ်။ ကိုယ့်ဘဝတစ်ခုလုံး လုပ်သမျှ ကိုင်သမျှ ကိစ္စအားလုံးမှာ သဘောထားမှန်ရမှာနော်။ ဥပမာဆိုပါတော့ ယောက်ျားက မြင့်မြတ်တယ်၊ မိန်းမတွေက ယုတ်နိမ့်တယ်လို့ ယူဆကြတာ ကြားရတယ်။ ဒီဘုန်းကြီးတော့ အဲသလို မယူဆဘူး။ အကျင့်ကောင်းတဲ့လူက မြင့်မြတ်တယ်။ အကျင့်မကောင်းတဲ့သူက ယုတ်ညံ့တာပါပဲ။ ယောက်ျား
ဖြစ်တိုင်း မြတ်တယ်လို့ မယူဆဘူး။ အကျင့်နဲ့ပဲ ခွဲရတာပဲ။

ဘာသာတရားတွေ အများကြီးထဲက ကိုယ်က ဘာသာတရားတစ်ခုကို ကိုးကွယ်တယ်။
ဘာဖြစ်လို့လဲ။ ရွေးချယ်နိုင်ဖို့ဆိုတာ တစ်ခုထက်မက ရှိရမယ်။ ပြီးတော့ အားလုံးကို သိရမယ်။ ဘာမှ မသိ
ရင် ရွေးလို့မရဘူး။ တစ်ခုထဲရှိတယ်၊ အဲဒါကိုပဲ ယူပါဆိုရင် သူ့မှာ ရွေးချယ်ခွင့်မရှိဘူး။ အများကြီးကို ကြည့်
ပြီးမှချင့်ချိန်ကြည့်တယ်။ ဒါက ဘယ်လို၊ ဟိုဟာက ဘယ်လို။ စမ်းကြည့်တယ်။ အားလုံးကို စမ်းကြည့်ပြီးမှ ဒါက သဘာဝကျတယ်၊ လက်တွေ့ကျတယ်၊ သဘောထားအင်မတန်ကြီးတယ်၊ လွတ်လပ်မှု အများကြီးရှိ
တယ်။ အဲသလို သိပြီးမှကိုယ်နှစ်သက်တာကို ရွေးချယ်လိုက်တယ်။ အဲဒါကြောင့် တန်ဖိုးထားမှုတစ်ခု ဖြစ်လာဖို့အရေးမှာ အရေးကြီးတဲ့ ပထမအချက်ကဘာလဲဆိုတော့ ရွေးချယ်ခွင့်....
Previous
Next Post »
Powered by Blogger.