ရဲနဲ့အတူ လက်တွဲကူ အဆိုးမြင်ဝါဒီများကို တိုက်ဖျက်ကြ - သရော်စာ


ယခုနှစ် သင်္ကြန်ကာလတွင်တော့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ အစိုးရကို ကျိန်ဆဲကြလေတော့ သည်။ မိဘများကတော့ အစိုးရ၏ စေတနာကို နားလည်သဖြင့် ကျေးဇူးတင်ကြ၏ ။ အို... အလွန်တရာ ဥာဏ်ရည်မြင့်မား အစိုးရမင်းပါတကား ဟု ရေရွတ်ကြကုန်သည်။

အကြောင်းကတော့ သင်္ကြန်ကာလအတွင်း ကွန်ဒုံးနှင့် တားဆေးများ မရောင်းရဟု ပိတ်ပင်ထားသော
ကြောင့်ပင်။

စိုပြေကတော့ အစိုးရ၏ လုပ်ရပ်ကို ထောက်ခံသည်။ ဒါဖြစ်သင့်၏ ။ ကွန်ဒုံးသည် မကောင်းမှန်း လူတိုင်း သိသည်။ အရွယ်ရောက်ပြီးသော လူတိုင်း ကွန်ဒုံးကို မသုံးခြင်။ အေကိုက်မှာ ကြောက်လို့သာ သုံးနေကြ
ခြင်းဖြစ်သည်။ အေသာ မကိုက်လို့ကတော့ ကွန်ဒုံးကို သုံးနေမည်မဟုတ်။

အချို့များ ဆိုလျှင် အရင်ခေတ်က လူကြီးတွေ ကို အားကျကြ၏ ။ သူတို့ ခေတ်က အေမရှိ။ ဘီမရှိ။ ကာလသားရောဂါဟု ယဉ်ယဉ်ကျေးခေါ်သော ဖာကျိုးခြင်းသာ ရှိ၏ ။ ကျိုးလျှင် ကိစ္စမရှိ။ ပင်နစလင်နှင့် ပျောက်၏ ။

အခုခေတ်ကြတော့ အေအိုင်ဒီအက်တဲ့။ ထိုရောဂါကိုတော့ ပင်နစလင်မနိုင်တော့။ သို့နှင့် အရင်ခေတ်က လူအချို့သာ သုံးခဲ့သည့် ရာဘာအစွပ်လေးတွေ ကို ကွန်ဒုံးဆိုပြီး အမျိုးကောင်းသားများ သုံးကြရလေတော့သည်။

ထိုကွန်ဒုံးသည် ကလေးမရစေရန်လည်း ကာကွယ်၏ ။ ကာလသားရောဂါမှလည်း ကာကွယ်၏ ။ အေအိုင်ဒီအက်စ်မှလည်း ကာကွယ်ပါ၏ ။ အခြားသော ရောဂါများကိုလည်း ကာကွယ်ပါ၏ ။

ထိုသို့ ကာကွယ်ပေးသော်ငြား အမျိုးကောင်းသား သမီးတို့၏ စိတ်ထဲတွင် အလွှာပါးပေမဲ့ ကမ္ဘာခြားသလို ခံစားရတယ် ဟုထင်ကြကုန်၏ ။ ထို့ကြောင့် ကိုယ့်ချစ့်သူ၊ ရည်းစား၊ ဇနီးမယား၊ အငယ်အနှောင်း စသည်ဖြင့် ကိုယ်စိတ်ချသောသူများနှင့်တော့ ထိုကွန်ဒုံးကို အသုံးပြုမှု ရှောင်ကြဉ်လာတော့သည်။

ထိုသို့ ကွန်ဒုံးမသုံးလျှင်တော့ အမျိုးကောင်းသမီးတို့အတွက် အရေးပေါ်တာဆေးများ ရှိပါ၏ ။ ၇၂ နာရီအတွင်း သောက်ရသော ထိုဆေးများကို အမျိုးကောင်းသမီးများ ပဲလျှော်ဝါးသလို ၀ါး၏ ။ ထိုအရေးပေါ်ဆေးက အရေးပေါ်အတွက်ပဲ ကောင်း၏ ။ မကြာခဏ သောက်လျှင်သားအိမ်ထိခိုက်သည်ဆို၏ ။ ကလေးမရဖြစ်တတ်သည်ဟုလည်း ဆိုကြ၏ ။

အစိုးရ အရာရှိကြီးများသည် ယခု ခေတ်ကလေးများကို သနားပုံရ၏ ။ အန်ဂျီအိုတွေက ဈေးပေါပေါနှင့် ထုတ်သဖြင့်သာ အမျိုးကောင်းသားတွေ ခမြာ ကွန်ဒုံးကို မသုံးခြင်ပဲ သုံးနေရရှာသည်။ သူတို့လည်း ကွန်ဒုံးမသုံးဘဲ နေခြင်လိမ့်မည်ဟု အစိုးရမင်းက တွေး၏ ။ ကွန်ဒုံးမသုံးဖြစ်အောင် ကွန်ဒုံးတွေ ကို ပိတ်ပင်မှ ဖြစ်မည်။ သို့သော်လည်း ကွန်ဒုံးကို ဒီအတိုင်း သွားပိတ်ပင်လို့မဖြစ်။ အကြောင်းပြရမည်။

ဒါကြောင့် ကွန်ဒုံးကို မြင်လျှင် လိင်စိတ်နှိုးကြားလိမ့်မည်။ နောက်ပြီး ကွန်ဒုံးကိုရှိလျှင် လိင်ဆက်ဆံနေလိမ့်မည်ဟု အကြောင်းပြသည်။ ထို့ကြောင့် ကွန်ဒုံးကို မရောင်းနှင့်။

နောက်ပြီး...။ တားဆေးကိစ္စ။ တားဆေးသည် သားအိမ်ထိခိုက်သည်။ ကျမ်းမာရေးအတွက် မကောင်း။ အမျိုးကောင်းသမီးတို့ခမြာ တားဆေးဆိုတာ ရှိနေလို့သာ သောက်နေရခြင်းဖြစ်သည်။ တားဆေးသာ မရှိလျှင် သူတို့လေးတွေ သောက်ကြရတော့မည်မဟုတ်။ မသောက်လျှင် ကျမ်းမာရေးကို မထိခိုက်တော့။ အို... ကွန်ဒုံးကို ပိတ်တာနှင့် တပြိုင်နက်ထဲ ပိတ်လိုက်တာ ကောင်းတာပေါ့လေ။ သို့နှင့် တားဆေးကိုလည်း ပိတ်ပြန်သည်။

တားဆေးတို့၊ ကွန်ဒုံးတို့ စသည့် မရှိမဖြစ်တွေ ကိုတော့ ပိတ်ပြီး လိင်စိတ်ကြွဆေးကို မပိတ်လျှင် ကြားမကောင်းဖြစ်တော့မည်။ ကွန်ဒုံးနဲ့ တားဆေး မရှိပဲ လိင်စိတ်ကြွနေပါကလည်း ခက်ချေပြီလား။ ဒါကြောင့် လိင်စိတ်ကြွဆေးတွေ တရားဝင်ဝင် မ၀င်ဝင် ပိတ်။ လိင်စိတ်ကြွစေစေ မစေစေ ပိတ်။ ကွန်ဒုံးနှင့် တားဆေးတောင် ပိတ်ပြီးပြီကိုး။

အစိုးရမင်း၏ နောက်ထပ် စေတနာတစ်ခုလည်း ရှိပြန်၏ ။ ထိုစေတနာကတော့ တာဝန်ယူမှု တာဝန်ခံမှုပင်။ နောက်တနည်း... ဘာတဲ့ လုပ်ရဲရင် ခံရဲ ရမယ်ပေါ့။ ဒါကြောင့် သင်္ကြန်တွင်းမှာ ကွန်ဒုံးမပါဘဲ ဆက်ဆံ။ တားဆေးမသောက်။ ဒါဆို ကိုယ်ဝန်ရမည်။ ကလေးရမည်။ အမျိုးကောင်းသားသမီးတို့ ခမျာ ကိုယ့်လုပ်ရပ် ကို တာဝန်ယူရမည်။ တာဝန်ခံရမည်ဆိုသည့် စိတ်ကလေးတွေ ထွက်ပေါ်လာလိမ့်မည်။ ကွန်ဒုံးတွေ သုံး။ ဟိုဆေးတွေ သောက်နေလျှင် တာဝန်ယူစိတ်၊ တာဝန်ခံတွေတွေ ရှိမည်မဟုတ်။ ဟူ၍ အစိုးရမင်းများ တွေး ကြကုန်၏ ။

အစိုးရ ဒီလိုလုပ်တာကို ထုံးစံအတိုင်း အပြစ်တင်သူများလည်း ရှိပါ၏ ။ နိုင်ငံတကာမှာဆို ကွန်ဒုံးတွေ အလကားဝေတာ။ မတားမြစ်သင့်ဘူး။ တားဆေးတွေလည်း မပိတ်သင့်ဘူး။ ကိုယ်ဝန်ရသွားရင် ဘယ်လို လုပ်မလဲ။ စသည်ဖြင့် ဝေဖန်ကြသည်။

ဆေးဆိုင်များကလည်း မကျေနပ်။ ငါတို့က တရားဝင် တင်သွင်းခွင့်ရ ဆေးတွေကိုပဲ ရောင်းတာဟု ဆိုကြပြန်သည်။ တရားမ၀င်ဆေးမှန်သမျှကို ရနိုင်သည့် ခွေးခြေလေးနဲ့ အဖော်ရောင်း ဆိုင်တွေကို ဖမ်းပါလားဟု မေးငေါ့ကျသည်။ ရဲများကတော့ လမ်းတိုင်း မြို့ နယ်တိုင်း ဆေးဆိုင်ကြီးသေးမရွေး …. လိုင်းကြေးကောက်ပြီး …. အဲ အဲ စစ်ဆေးပြီးဟု သတင်းထုတ်ပြန်လေသည်။

ဆေးကုမ္ပဏီများကလည်း မကျေနပ်။ ၄င်းတို့ တင်သွင်းသော ဆေးများသည် တရားဝင်တင်သွင်းသည့် ဆေးများ ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး တရားဝင်မှတ်ပုံတင်ထားသည့် ဆေးဝါးများ ဖြစ်သည်ဟု ဆိုသည်။ ပန်းသေပန်ညိုးဆေးများမှာ ကံမကောင်းသည့် အမျိုးသားကောင်းများအတွက် ဖြစ်ပြီး လိင်စိတ်ကြွဆေး မဟုတ် ဟုလည်း ပွက်ကြသေးသည်။ တားဆေးများမှာလည်း သားဆက်ခြားလို သည့် အိမ်ထောင်သည် အမျိုးသမီးများ၊ ဓမ္ပတာမမှန်သည့် အမျိုးကောင်းသမီးများ အတွက် ဆရာဝန်ဆေး စာဖြင့်သာ ရောင်းချနိုင်သည်ဟု ဆိုကြသည်။

တကယ်တော့ ထိုသူများ အားလုံးအနေဖြင့် အစိုးရ၏ စေတနာကို နားမလည်သောကြောင့် ယခု လို အပြစ်တင်နေခြင်းဖြစ်ပါသည်။ အမျိုးကောင်းသား သမီးတွေကို အလွှာပါးက ကမ္ဘာခြားနေတာကို ပယ်ဖျက်ပေးတာ။ များများသောက်လျှင် ကျမ်းမာရေး ထိခိုက်စေသော တားဆေးတွေကို မသောက်စေ လိုတာ။ နောက်ပြီး ကလေးတွေ ကို တာဝန်ယူစိတ်၊ တာဝန်ခံစိတ် ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးတာ။ စတာတွေသာ သိလျှင် ယခု ဝေဖန်နေကြသူများလည်း ဥာဏ်ကြီးရှင် အစိုးရမင်းများ၏ စစ်မှန်သော စေတနာကို နားလည် သဘောပေါက်ကြပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ယခု အခါတွင်တော့ ကျန်းမာရေး အန်ဂျီအိုတွေ အနေဖြင့် နောက် ၆ လလောက်ကြာလျှင် အေအာတီဆေး သောက်သူတွေ ပိုများလာမလား။ အေအာတီဆေး ဘယ်လိုရအောင် လုပ်မရလဲ စဉ်းစားနေကြပါပြီ။ ဂျင်မခံနာက သွားဖွားဆရာဝန်များ အနေဖြင့် လည်း နောက်ခြောက်လလောက်ကြာလျှင် ကလေးတွေ အများကြီး မွေး ရတော့မှာပဲဟု တွေးပူနေကြပြန်သည်။

ပျော်ရွှင်နေသူတွေ ကတော့..... အရပ်လက်သည်များနှင့် တိုးတိုး တိတ်တိတ် ဆေးခန်းများပင်။ ထိုသူတွေ ကတော့ အမျိုးကောင်းသမီးများတွက် ထီးရိုးသွေးသူသွေး။

တတ်နိုင်သူများအတွက် လေစုတ်ခွက် ပြင်လို့ပြင်။ ဖြစ်ကုန်ကြလေပြီ။

စိုပြေ - The Ladies News Journal
Previous
Next Post »
Powered by Blogger.