ပါကစ္စတန်နိုင်ငံ လာဟိုးမြို့၊ လူချမ်းသာ ရပ်ကွက် လမ်းမကြီးပေါ်က သားနားပေ့ ဆိုသော အလှပြင်ဆိုင် ကြီးမှာ အလှပြင် ဆရာမ အမျိုးသမီးတွေ အလုပ် များနေကြသည်။
ထိုသို့ သားနားပေ့ ဆိုသော အလှပြင်ဆိုင် နေရာမျိုးကို အက်စစ်နဲ့ အပက် ခံရသူ အမျိုးသမီးများ မျက်နှာနဲ့ တွဲမြင်ကြည့်ဖို့ ဆိုတာ စာဖတ်သူ အတွက် ခက်ကောင်း ခက်လိမ့်မည်။ သို့ဖြစ်သည့်တိုင် ဆိုင်ပိုင်ရှင် မူဆာ ရတ် မီရှာဘတ်၏ အလှပြင် ဆိုင်သည် ပြီးခဲ့သည့် ဆယ်နှစ်လောက် ကစပြီး အက်စစ်နဲ့ မျက်နှာကို အပက် ခံရသဖြင့် ရုပ်ပျက် ဆင်းပျက် ဖြစ်ရရှာသော အမျိုးသမီးများ အတွက် ခိုလှုံရာ၊ အားကိုးရာ နေရာတစ်ခု ဖြစ် ခဲ့သည်။
လွန်ခဲ့သော ဆယ်နှစ်ခန့်က မျက်နှာ တစ်ခုလုံးကို အ၀တ်နဲ့ အုပ်ထားသော အမျိုးသမီး တစ်ယောက် မူဆာရတ်ဆိုင် ရောက်လာချိန်က စတင်ခဲ့သည်။
““မျက်နှာ အုပ်ထားတဲ့ အ၀တ်ကို ဖယ်လိုက်တော့ ကျွန်မ ကြက်သေ သေသွားတယ်။ ခြေတောင် မခိုင်တော့လို့ ထိုင်ချ လိုက်ရတယ်”” ဟု ဆူဆာရတ်က ပြန်ပြောင်း ပြောပြသည်။
““ကျွန်မရှေ့မှာ မျက်နှာ မရှိတဲ့ အမျိုးသမီး တစ်ယောက် တွေ့လိုက်ရတယ်။ မျက်ခွံတွေ၊ မျက်တောင်တွေ လည်း မရှိတော့ဘူး။ နှာခေါင်းလည်း မရှိဘူး။ လည်ပင်းနဲ့ မျက်နှာကလည်း အသား တစ်ဆက်တည်း။ ခေါင်းတောင် လှည့်မရဘူး”” ဟု မူဆာရတ်က ပြောသည်။
အလှပြင် လုပ်ငန်းမှာ ၀ါရင့်သူ တစ်ဦးဖြစ်သော မူဆာရတ်က ကူညီနိုင်လိမ့်မည် ဟု အားကိုးကာ အက်စစ်နဲ့ ပက်ခံခဲ့ရသော ထိုအမျိုးသမီး ရောက်လာခြင်း ဖြစ်သည်။
မျက်လုံးတွေပါ လောင်ကျွမ်းပိတ်နေ
ချက်ချင်းပဲ ဆရာဝန်ဆီ ဖုန်းဆက်ပြီး အမျိုးသမီး အတွက် လိုအပ်တာများ ဆောင်ရွက်ပေးဖို့ မူဆာရတ် အကူအညီ ပေးခဲ့သည်။ ထိုမှစပြီး မူဆာရတ်အဖို့ အက်စစ်နဲ့ ပက်ခံရသော အမျိုးသမီးများအား ကူညီ စောင့်ရှောက်ရေး နှင့် ထူထောင်ရေး လုပ်ငန်းများ စတင် ဖြစ်ခဲ့သည်။
ပြီးခဲ့သည့် ဆယ်နှစ် အတွင်း မူဆာရတ် ကူညီ ခဲ့ရသည့် အက်စစ် ပက်ခံရသော ကံဆိုးရှာသည့် အမျိုးသမီး ရာချီ ရှိသည်။ ထိုအမျိုးသမီးများ ဆေးကုစရိတ်ကို ကိုယ်တိုင်လည်း စိုက်ထုတ်ပေးသည်။ သူများ ထံမှ လည်းအလှူခံပေးသည်။ ပြန်ကောင်းလာသော အမျိုးသမီးများ အလှပြင် ဆရာမအဖြစ် အသက် မွေးနိုင်ရန် လည်း သူ့အလှပြင်ဆိုင်မှာပင် အလုပ်ပေးသည်။ သူ့ဆိုင်မှာ ကျွမ်းကျင် အလှပြင် ဆရာမအဖြစ် အလုပ် ၀င်နေသူများပင် ရှိနေပြီ။
ဘူရှာရှာဖီသည် ထူးချွန်သော အလှပြင် ဆရာမ တစ်ဦး ဖြစ်သည်။ သူသည်လည်း အက်စစ် ပက်ခံခဲ့ရသော အမျိုးသမီး တစ်ဦး ဖြစ်သည်။ မင်္ဂလာဆောင်တွင် သတို့သား အတွက် တင်တောင်းငွေ လုံလောက်အောင် မပေးနိုင်သောကြောင့် ယောက်ျားဘက်က ဆွေမျိုးများက ၀ိုင်းဝန်း နှိပ်စက်ကာ အက်စစ်နဲ့ မျက်နှာကို လောင်းခဲ့ကြခြင်း ဖြစ်သည်။
““ကျွန်မ ယောက်ျား၊ သူ့အစ်ကိုနဲ့ ယောက္ခထီးတို့ ပေါင်းပြီး ကျွန်မမျက်နှာကို အက်စစ်နဲ့ လောင်းကြတယ်။ ယောက္ခမက လည်ပင်းက ကိုင်ပြီး မလှုပ်အောင် ချုပ်ပေးထားတယ်။ (၁၀) ရက်နီးပါး ဆေးရုံမပို့ဘဲ ဒီအ တိုင်း ပစ်ထားကြတယ်။ ကျွန်မ မျက်နှာဟာ မျက်နှာလို့တောင် ပြောဖို့ မကောင်းတော့ဘဲ အသားတုံးကြီး တစ်ခုလို ရောင်တက်နေတယ်”” ဟု ဘူရှာက ပြောသည်။
ဘူရှာသည် မူဆာရတ် ထံသို့ အကူအညီ သွားတောင်းသည်။ ထိုအချိန်တွင် သူ့မျက်ခွံတွေ လောင်ပြီး ပိတ်နေပြီ။ နှာခေါင်း မရှိတော့။ နားရွက် တစ်ခြမ်းလောက်လည်း အက်စစ်စားလို့ ကုန်နေပြီ။ နှစ်များစွာ ခွဲစိတ်မှု များစွာ ကြာအောင် ဖြတ်ကျော် ရသည်။ အကြိမ် (၁၅၀) လောက် ခွဲစိတ် ပြုပြင်ပြီးမှ ဘ၀သစ်တစ် ခု စတင် နိုင်လောက်သည့် သတ္တိမျိုး ပြန်ရလာခဲ့သည်။
ပါကစ္စတန်တွင် မူဆာရတ်၏ ပရဟိတ လုပ်ငန်းမျိုး အလွန် နည်းလှသည်။ ပါကစ္စတန် အစိုးရ အနေဖြင့် အက်စစ်နဲ့ ပက်ခံရသော အမျိုးသမီးများ အတွက် ယခုထက်ပို အထောက်အပံ့ ကောင်းပေးနိုင်အောင် ကြိုးပမ်းသင့်ကြောင်း မူဆာရတ်က ပြောသည်။
““အမျိုးသမီး ထုကို တိုက်ရိုက် ထိခိုက် နေရတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒါတောင်မှ ဒီကိစ္စဟာ အစိုးရရဲ့ ဦးစားပေး အစီအစဉ်ထဲမှာ အောက်ဆုံးနား ရောက်နေဆဲပါ”” ဟု မူဆာရတ်က ပြောသည်။
မင်္ဂလာဆောင် မတိုင်ခင် ရက်ပိုင်းလေး အလို
ဟူမာ ရှာဟစ်သည် ဇန်န၀ါရီ လက မျက်နှာကို အက်စစ်နဲ့ ပက်ခံခဲ့ရသည်။ ဟူမာသည် တက္ကသိုလ် ဆရာမ တစ်ဦး ဖြစ်သည်။ ကျောင်းကနေ အိမ်အပြန် အိမ်ရှေ့နားမှာပင် လူတစ်ယောက်က သူ့မျက်နှာကို အက်စစ် နဲ့ ပက်ခြင်းဖြစ်သည်။ ပက်ပြီးနောက် ဆိုင်ကယ်နဲ့ ထွက်ပြေး သွားသည်။
““ကျွန်မ မင်္ဂလာဆောင်ဖို့ (၁၀) ရက်ပဲ လိုတော့တဲ့ အချိန်မှာပေါ့”” ဟု ဟူမာက ပြောသည်။
““ကျွန်မကို သဘောကျ နှစ်ခြိုက်တဲ့ ယောက်ျားနဲ့ လက်ထပ်ဖို့ နည်းနည်းလေးပဲ လိုတော့တဲ့ အချိန်မှာ ဖြစ်ခဲ့ရတာ။ ကျွန်မ ဘ၀လည်း လုံးဝ ပြောင်းလဲခဲ့ရတယ်”” ဟု ဟူမာက ဆိုသည်။
လပေါင်း များစွာကြာအောင် ဆေးရုံမှာ နေရသည်။ ယခုထိ တိုင်လည်း ခွဲစိတ်မှုများ ပြုနေရသည်။ နောက် ထပ်လည်း ခွဲစိတ် ရဦးမည်။ သူ့မျက်နှာကို ရောဂါပိုးဝင်ခြင်းမှ ကာကွယ်နိုင်မည့် မျက်နှာအုပ်ကို အမြဲ ၀တ် ထားရသည်။ အက်စစ်နဲ့ ပက်သွားသူကို ယခုထိတိုင် မဖမ်းဆီးနိုင်သေး။ အက်စစ်နဲ့ ပက်ခံပြီး ကတည်းက သူ့မျက်နှာသည် ပတ်တီးနဲ့သာ နေရသဖြင့် ယခုထိတိုင် ကိုယ့်မျက်နှာ ကိုယ် သေချာ မြင်ခွင့်မရသေး။
သူဒါမျိုး ကြုံရလိမ့်မည် ဟုလည်း ဘယ်တုန်းကမှ မတွေးမိခဲ့။ အက်စစ်နဲ့ ပက်ခံရသည့် ကိစ္စမျိုးသည် ဆင်း ရဲပြီး ပညာမတတ် သူတွေ အသိုင်းအ၀ိုင်း မှာသာ အဖြစ်များသည်ဟု ဟူမာ သဘောထားခဲ့သည်။
““အခုတော့ ကျွန်မသိပြီ။ ပညာတတ်တာ မတတ်တာနဲ့ မဆိုင်ဘူး။ လူတွေရဲ့ စိတ်ဓာတ်နဲ့ပဲ ဆိုင်တယ် ဆိုတာ ရှင်းသွားပြီ။ အမျိုးသမီးတွေကို ဒါမျိုးလုပ်တာ မတရားတဲ့ အလုပ်လို့ လူတော်တော် များ များက မသတ်မှတ်ကြဘူး။ အက်စစ်နဲ့ ပက်ခံရသူတွေကို ကြည့်ရင်လည်း အမျိုးသမီးတွေက အများစုကြီး ဖြစ်နေ တယ်။ အမျိုးသမီးတွေ ဆိုတာ အားနည်းတဲ့ သတ္တ၀ါတွေလို့ သတ်မှတ်ပြီး နိုင်လိုမင်းထက် ပြုမူကြတာပဲ”” ဟု ဟူမာက ပြောသည်။
ဟူမာသည် အမှုဖွင့်ကာ တရားရုံးသို့ တိုင်ကြားသည်။ ဘာပဲဖြစ်ဖြစ် သူ့ဘ၀ကို လည်း အသစ်က ပြန်စမည် ဟု ဆုံးဖြတ် ထားသည်။ သို့သော် လက်တွေ့တွင် သူစိတ်ထင်တိုင်း မလွယ်။
““အခုထိ ကျွန်မကို အက်စစ်နဲ့ ပက်သွားသူကို မမိသေးဘူး။ အပြစ် ကျူးလွန်သူကို တရား ဥပဒေက အပြစ် မပေးနိုင် သေးတာကို တွေးမိတိုင်း စိတ်ထဲ မအီမသာ ဖြစ်ရတယ်။ တစ်ခါ တစ်လေဆို ကူရာ ကယ်ရာမဲ့ နေ တယ်လို့တောင် ခံစားရတယ်”” ဟု ဟူမာက ရင်ဖွင့်သည်။
ဟူမာသည် ယခုထိတိုင် ခွဲစိတ် ပြုပြင်မှုများ ဆက်တိုက် လုပ်နေရသည်။ ရှေ့ဆက်ပြီးလည်း လုပ်ရဦးမည်။ သူ မျှော်လင့်ချက် မလျှော့၊ တစ်နေ့တော့ သူ့မျက်နှာကို အကောင်း ပကတိ အနေအထားဖြင့် မှန်ထဲ ကြည့်နိုင်ရမည်ဟု ဟူမာ မျှော်လင့်ချက် ထားသည်။
Ref: The Salon for acid attack victims By Shaimaa Khalil (BBC)
မြတ်ဆုကို
Sign up here with your email
ConversionConversion EmoticonEmoticon