ဆြာဒင်နှင့်တွေးတတ်လွန်းသူ


(တစ်)

‘ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့်အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင် လည်းဖြစ်
သော၊ အ ကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်းဖြစ်သော အလုံး စုံသောရုပ်ကို ဤရုပ်သည်ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှုရမည်’

တောက်ပသောနေခြည်မျှင် တို့ဖြင့် လောကဓာတ်တစ်ခွင်ကို လွှမ်းခြုံထားလေသည့် အေးချမ်း ကြည်နူးဖွယ် ဖူးခက်မြို့၏ တစ်ခု သောနံနက်ခင်းတွင် ဆြာဒင်တစ် ယောက် အနတ္တလက္ခဏသုတ်ပါ စာတစ်ပုဒ်ကို နှုတ် တက်ဖွဖွရွတ် ဆိုဆင်ခြင်ရင်း ခရီးဆောင်အိတ် တစ်လုံးနှင့် အလုပ်ရှုပ်နေချိန်ဖြစ် လေ၏။ ကမ္ဘာ့ဖလားဘော လုံးပွဲ ကို ညဥ့်လုံးပေါက်အားပေးထား ကြလေသဖြင့် ဖားသူငယ်၏မျက် လုံးကိုယ်စီ၊ ကြောင်တောင်
တောင်ငေါင်းစင်းစင်းဖြစ်နေကြသော တပည့်ကျော်တို့ကိုလည်း တရား သဘောကိုဆင်ခြင်နိုင်ရန်အလို့ ငှာ သတိပေးစကားဆိုလိုက်မိရာ ဆြာဒင်နှင့်ဉာဏ်ရည် မတိမ်းမ ယိမ်းရှိကြကြောင်း ၎င်းတို့၏တုံ့ ပြန်စကား တို့က သက်သေခံလျက် ရှိချေ၏။

‘‘တကယ်တော့ ရုပ်တရား ကို တဏှာမာနဒိဋ္ဌိဂါဟတွေနဲ့ မရှု သင့်တာအမှန်ပဲတပည့်တို့’’

‘‘ဟုတ်ပါ့ ဆြာဒင်ရာ၊ အင်္ဂလန်အနိစ္စ၊ စပိန်အနိစ္စပါပဲ’’

‘‘အီတလီလည်းမမြဲသော သဘောရှိလေရဲ့ဆြာဒင်’’

‘‘ကော့စတာရီကာကတော့ နိုင်ချိန်တန်ခဲ့ပြီလို့ဆိုရမယ်ဆြာ ဒင်ရေ’’

အံ့သြကုန်နိုင်ဖွယ် အနတ္တ လက္ခဏသုတ်ကို ကမ္ဘာ့ဖလား ဘောလုံးပွဲနှင့်ဆက်စပ်ဆင်ခြင် နိုင်ကြသူများပေတကား။

‘‘ကဲကဲ မောင်တို့လည်း အဝတ်အစား အိတ်တွေပြင်ကြပေ ရော့။ ရန်ကုန်ကိုပြန်ကြဦးစို့ရဲ့’’

‘‘ဟာ…ဆြာဒင် ဖူးခက်မှာဖင်ပူအောင်တောင်မထိုင်ရသေးဘူးနော်။ ဆြာဒင်၊ တရားသံဝေဂရပြီး တောထွက်ချင်သပဆိုရင်လည်းကမ္ဘာ့ဖလားပွဲပြီးအောင်တော့ဖြင့်စောင့်သင့်တယ်’’

‘‘ဖေကြည်ငယ်၊ အတော် လျှာရှည်ချေသည်တကား။ ယခု သွားမည့်ခရီးစဉ်ကား မရဏနုဿတိဟုဆိုသော် ရနိုင်ကောင်းလေ ၏။ ဟာသသရုပ်ဆောင်ကုသိုလ် ခေါ်ဦးမြင့်သိန်းကွယ်လွန်အနိစ္စ ရောက်ခဲ့ပြီမို့ နောက် ဆုံးခရီးမြေကျအမီ လိုက်ပါပို့ဆောင်သင့် သည်မဟုတ်ပေလော့’’

‘‘ကုသိုလ်နဲ့ဆြာဒင် ခင်တယ်လို့လည်း တစ်ခါမှမကြားဖူးပါကလား။ ဧကန္တ နာမည်ကြီးအသုဘမှာ ဇွတ်ဝင်ပြီး နာမည်ကြီးအောင်လုပ်ချင်ပြန်ရော့သလားဆြာဒင်’’

‘‘နင့်ပါးစပ်ကိုအမြန်ပိတ် လဟဲ့ ငဖေကြည်။ သေခြင်းတရားဆိုတာ ကြီးငယ်မဟူ အချိန်ကာလမရွေးဆိုက်လာတတ်တာမို့ အသုဘကမ္မဋ္ဌာန်းဆိုတာ ကြပ်ကြပ်ကြီးစီးဖြန်းသင့်သကွဲ့။ အတူ မလိုက်ချင်သပဆိုရင်လည်း ဗမာအလုပ်သမားတွေကို အဖမ်းအဆီးကြမ်းနေတဲ့ဖူးခက်မှာ ခွေးသေ ဝက်သေ သေရစ်ခဲ့ကြပေတော့’’

ဆြာရင်းမို့ ကလူကျီစယ် ကြလေသည့် ချစ်လှစွာသော တပည့်များကား ဆြာဒင်၏ ဟောက်ဟိန်းသံဆုံး သည်၏ နာရီဝက်ခန့်အချိန်အတွင်း ခရီးထွက်ရန် အဆင်သင့်ဖြစ်ကြလေရာ ဘိုးရင်းဂျက် (၇၀၀)လေယာဉ်ခ ရီးစဉ် ဖြင့် ဖူးခက်လေဆိပ်မှသည် ရန်ကုန်မြို့တော်သို့နာရီပိုင်းအတွင်းဆိုက်ရောက်ခဲ့ကြပြန်ချေပြီ။

(နှစ်)

သည်တစ်ခေါက်ရောက် သည့်ရန်ကုန်ကား အတန်ငယ် ထူးခြားနေသည်ဟု ဆြာဒင့်စိတ် တွင်ထင်မိလေသော်ငြား အဘယ် သည် ထူးခြားလေသနည်းဟူ သည်ကိုမူ ဆြာဒင်ဧကန် ဧက မပြောနိုင်ချေ။ ဆြာဒင်၏ထူးခြား လှသော အာရုံခံစားမှုပါရမီဖြင့် အလိုလိုသိနေသည်ကားအမှန် ပင်ဖြစ်ချေသည်။ ထိုစဉ် တပည့် ကျော်ဖေကြည်၏ ရုတ်တရက် ကောက်ချက်ဆွဲ အဖြေထုတ် လိုက်သည့်မှတ်ချက်ကြောင့် ဖေ ကြည်ခေါ် အာရုံကို ဆြာဒင် အထင်ကြီးလေးစားမိရတော့၏။

‘‘ရန်ကုန်မြို့ကြီးက အရင်နဲ့ စာရင် နည်းနည်းသန့်ရှင်းနေသလို ပဲဆြာဒင်ရဲ့’’

‘‘ဟုတ်ပါ့ကွာ၊ ဆြာက တပည့်အရင်သိနေတာကွ။ ရုတ် တရက်ဆိုတော့ ဘာပြောရမှန်းမသိဖြစ်နေတာ’’

ဉာဏ်ကြီးသူပီပီ အားနည်း ချက်ကို အရှက်ပြေဖုံးဖိရင်း ရန် ကုန်မြို့တွင်းသို့ ခရီးဆက်ကြပြန် သည်တွင် နေရာအတော်များများ ၌ အမှိုက်ပုံးအသစ်တို့ကို တွေ့ မြင်ရ၏။ နာရေးကူညီမှုအသင်း ဝင်အချို့ကလည်း လမ်းတကာ လှည့်၍ ရန်ကုန်မြို့ကြီးကို အမှိုက် ပုံးအတွင်းမှ ဆယ်ယူရန်လုံးပန်း နေကြချေသည်။ လူသာဓုခေါ် နတ်သာဓုခေါ်ရမည့်အရေးပေ တကား။

ဆြာဒင်မှာ လာရင်းနာရေး ကိစ္စအချိန်မီရန်သာ စိတ်စောနေ လေသဖြင့် ရန်ကုန်မြို့ကြီးကို လှည့်လည်စစ်ဆေးရန် အချိန်မရ လေရာ ရေဝေးသုသာန်ရှိရာသို့ သာ တက္ကစီတစ်စီးဖြင့် တက်သုတ်နှင် ရ၏။ ရန်ကုန်မြို့တော်ကြီး သည် ရေဝေးနှင့်နီးလေလေ၊ သန့် ရှင်းလာလေလေဖြစ်၏။ ရေဝေး သုသာန်ဝင်း အတွင်းမှ စည်ပင်ဝန် ထမ်းတို့၏ တောက်ပြောင်လှ သောယူနီဖောင်းတို့သည်လည်း သုဘရာဇာ ပင်ဖြစ်ချင် စိတ်ပေါက် နိုင်ချေ၏။ အဝိဉာဏ်တက အသက်မရှိသော အသုဘရုပ်အလောင်းတို့ကို သိုမှီးရာရေခဲတိုက် သည်ပင်လျှင် နေချင်စဖွယ် ဖြစ်နေခဲ့ပြီ။ နေအိမ်သန့်ရှင်းရမည်။ မြို့ရွာသန့်ရှင်းရမည်။ တစ်ပြည်လုံးသန့်ပါမှ ကျန်းမာကြမည်ဟူသောဆောင်ပုဒ်ကား အမှန်ပင်အသက်ဝင်လာခဲ့လေယောင်တကား။

မြန်မာပြည်သူတို့၏ နှလုံး အိမ်ကိုရွှင်ပြုံးစေခဲ့သော ဟာသ သရုပ်ဆောင်ကုသိုလ်(ခေါ်) ဦး မြင့်သိန်း ကား သေပန်းပွင့်သူ တည်း။ သူရယ်စေခဲ့သော သူ့ပရိ သတ်သည် သူ့ကိုနှမြောတသလျ က်ငိုယိုနှုတ်ဆက် လျက်ရှိကုန်၏။ သူ့ ရုပ်ကလာပ်ကိုသယ်ဆောင်လာ သည့်အလူမီနီယမ်ထော်လီသည်ဝင်းဝင်းတောက် အရောင်လက် လျက်ရှိ၏။ သူနောက်ဆုံးလဲ လျောင်းရာစင်မြင့်သည် သန့် ရှင်းတောက်ပြောင်လျက်ရှိ၏။ ဆြာဒင်သည် ကုသိုလ်(ခေါ်) ဦးမြင့်သိန်းအား ကြေကွဲဝမ်းနည်းစွာ ဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်မိချိန် တွင် ဆြာဒင့်စိတ်အစဉ်တွင် ကျေးဇူးတင်ထိုက်သူများသည် အစီအရီပေါ်လာခဲ့ချေသည်။

ရန်ကုန်မြို့ကြီးကို ရေဝေးသုသာန်ပါမကျန် သန့်ရှင်းစေသူများကား သူတို့မှတစ်ပါး အခြားသူမရှိနိုင်။ မကြာသေးမီက သတင်းစကားများအရ ရန်ကုန်မြို့ကြီးတွင် မိမိတို့စေတနာအလျောက် တာဝန်သိစွာအ မှိုက်ကောက်ပေးမည့် အရေးသော်မှ တားမြစ်ခံခဲ့ကြရသေးချေ သည်ဟူ၏။

(သုံး)

‘‘ဟယ်လို၊ နာရေးဥက္ကဋ္ဌကြီး ကျုပ်ဆြာဒင်ပါဗျ’’

‘‘ဟုတ်ကဲ့ဆြာဒင် ဘယ်ကို ကားလွှတ်ပေးလိုက်ရမလဲဗျာ’’

‘‘သြော် …ကိုရင်ကလည်း ဖုန်း ကိုင်တာနဲ့ ကားလွှတ်ဖို့ချည်းစိတ်ကူးနေတော့သကိုး။ အေး ဗျာ၊ ရန်ကုန်မြို့ကြီးသန့်ရှင်းစပြုနေပြီမို့ ကျေးဇူးတင်လွန်းလို့ ဖုန်းဆက်ပြီး အပလီဆိတ် (appreciate)လုပ် လိုက်တာပါ’’

‘‘သြော် အဲဒီကိစ္စက ကျွန် တော်တို့အနည်းအကျဉ်းပဲလုပ် နိုင်သေးတာပါဗျာ။ တစ်နိုင်တစ် ပိုင်ဆိုပါတော့။ တဖြည်းဖြည်း တော့ အရှိန်မြှင့်ယူရမယ်လေ’’

‘‘ဘာပဲဖြစ်ဖြစ်ဗျာ ရေဝေးလို နေရာမျိုးအထိ သန့်နေအောင် လုပ်နိုင်တာကိုတော့ အရမ်းအရမ်းကိုအားရမိ တယ်’’

‘‘အာ ဆြာဒင်တစ်ခုခုတော့ လွဲနေပြီထင်တယ်နော်။ ရေဝေး ကိုသန့်အောင် ကျွန်တော်တို့လုပ် တာမဟုတ်ဘူးဗျ။ ကျေးဇူးတင် ချင်ရင် မြို့တော်စည်ပင်ကို ကျေး ဇူးတင်ပေရော့’’

သူတော်ကောင်းရင့်မကြီး တို့မည်သည် အချောင်နာမည် ကြီးလိုသူတို့၏ စာရင်းတွင်မပါ ဝင်လေရကား ဆြာဒင့်မှာ ဧကန် ဂုဏ်ပြုထိုက်သူထံဆက်သွယ်၍ ဝမ်းမြောက်ချီးမွမ်းစကားဆိုရပြန်သည်။

‘‘ဟယ်လို မြို့တော်ဝန်ကြီး မင်္ဂလာပါခင်ဗျာ’’

‘‘ပြောပါကိုယ့်လူ။ ဒီမှာတင် ဒါအစည်းအဝေးလုပ်နေလို့ တိုတို နဲ့လိုရင်းပြောပါ’’

‘‘ကျုပ်က ဖူးခက်မှာနေတဲ့ ဆြာဒင်ပါဗျ။ မြို့တော်ဝန်ကြီးရဲ့ အားသွန်ခွန်စိုက်ကြိုးပမ်းချက် တွေကိုတော့ လွှတ်သဘောကျနေ ပြီ’’

‘‘ခင်ဗျားပြောနေတာ ကျွန် တော်နားမရှင်းဘူး’’

‘‘သြော် ရေဝေးသုသာန်လို နေရာမျိုးမှာ အံ့မခန်းသန့်ရှင်း တောက်ပြောင်နေတာမို့ ဂုဏ်ပြု ထိုက်သူကိုဂုဏ်ပြုစကားဆိုတာ ပါခင်ဗျာ’’

‘‘ခင်ဗျားတစ်ခုခုမှားနေပြီဗျ။ ရေဝေးကိုသန့်ရှင်းရေးလုပ်ခိုင်းတာ တိုင်းဝန်ကြီးချုပ်။ ကျုပ်တို့က သူခိုင်းသမျှလိုက်လုပ်ပေးရုံပဲ’’

‘‘သြော် ဟုတ်ကဲ့ ဟုတ်ကဲ့။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါ တယ်လေ။ စကားမစပ်မြို့တော် ဝန်ကြီးလည်း စည်ပင်တင်ဒါတွေနဲ့အတော့်ကို အလုပ်ဖြစ်နေပြီ ကြားမိတယ်။ အစားမတော်သိန်း တစ်ရာတဲ့နော်။ ကုသိုလ်ရေးမှာ အားထည့်တာလည်း ဘုရားကု တစ်မျိုးပေါ့ဗျ။ ရမည်းသင်း ထောင်နဲ့ဝေးပါစေလို့ဆုတောင်း ပါတယ်ခင်ဗျာ’’

အလိုက်ကန်းဆိုးမသိ လျှာ ရှည်နေသောဆြာဒင့်စကားမဆုံး မီ ဂွတ်ခနဲမြည်အောင်ဖုန်းချသွား သည်တွင် ဆြာဒင်မှာ နားဝေတိမ် တောင်ဖြစ်ရပြန်ချေပြီ။ ဗမာပြည် ကြီးတွင် ချီးမွမ်းစကားဆိုခြင်းကိုပင် လက်ခံနိုင်သူရှားနေလေပြီ လော။ နိုင်ငံ့ဝန်ထမ်းဟူသည် ကျရာတာဝန်ထမ်းဆောင်ခြင်း အပေါ် ချီးကျူးစကားဆိုရန်ပင် မလိုအပ်တော့သည့်ခေတ်သို့ပင် ရောက်နေလေရော့သလား အတွေးပွားရ၏။ သေချာသည်ထက်သေ ချာစေရန် ရန်ကုန်တိုင်းဝန်ကြီး ချုပ်၏ တယ်လီဖုန်းနံပါတ်ကို လှည့်မိပြန်သည်။

‘‘အရမ်း အရမ်းကိုလေးစား တယ်ဝန်ကြီးချုပ်ရာ။ ရန်ကုန်မြို့ ကြီးလိုနေရာမှာ ရေဝေးသုသာန် ကအစ သန့်ရှင်းတောက်ပြောင်နေတာကတော့ မချီးကျူးဘဲမနေနိုင်လို့ပါ။ ဒီပုံအတိုင်းသာဆို စင်ကာပူကိုမီဖို့ သိပ်မလိုတော့ပါဘူး’’

‘‘ရပါတယ်ဗျာ။ ကျွန်တော် တို့အစိုးရက ပြည်သူတွေကို အမြဲ အလိုလိုက်နေတဲ့အစိုးရပါ’’

‘‘ကျေးဇူးကြီးလှပါတယ် ဝန်ကြီးချုပ်ခင်ဗျာ။ ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်ကြီးရဲ့ စိတ်ရင်းစေ တနာကိုမသိကြလေရော့သလား။ သမ္မတရုံးမှာတော့ တိုင်စာတွေ သောင်းချီပြီးရောက်နေတာလည်းကြားမိတယ်ဗျ။ နည်းနည်းပါးပါး စားတာလောက်တော့ နားလည်မှု ရှိသင့်ပါတယ်ဗျာ။ အခုလိုပြု လိုက်တဲ့ ကုသိုလ်ကံစေတနာ ကြောင့် တိုင်စာတောစာတွေ ဘေးကဝေးပါစေဗျား’’

(လေး)

ဆြာဒင်တစ်ယောက် ဟန်း ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေချိန် တွင် အသံပြာကြီးနှင့် ရုတ်ခြည်း ဘွားခနဲပေါ်လာသူကား ရန်ကုန် မြို့နေ ဓာတ်ဆရာကြီးဆရာသိုက် ဖြစ်ချေ၏။ သူကား ယခင့် ယခင် က ပြည်ပမီဒီယာကြီးတစ်ခုတွင် အယ်ဒစ်တင်း ပညာရှင်ဖြစ်ခဲ့ သည့်နည်းတူ ယခုအခါ ဝါသနာ အလျောက် ဓာတ်ရှင်၊ ဓာတ်သေ တို့ကိုဖန်တီးကာ ဖေ့စ်ဘွတ်ခ်တွင် အချိန်ဖြုန်းနေလေ့ရှိသူတည်း။ ဆြာဒင့်ရောင်းရင်းကြီးဆရာသိုက်၏ရုပ်သွင်ကား သွားလေသူသင်္ကြန်မင်းသားကြီးဇော်ဝမ်းကိုသတိရ စရာကောင်းလှပါ၏။

‘‘ဒီဆြာတပည့်တွေ၊ ဘာ တွေအလုပ်ရှုပ်နေကြသတုံး’’

‘‘သြော် ကမင်းသိုက်ကြီးပါ ကလား။ ရှေးကနည်းမတူ တစ်မူ ထူးနေတဲ့မြို့ကြီးနဲ့ တကယ်တူစ ပြုလာတဲ့ သန့်ရှင်းတောက်ပြောင်သော ရန်ကုန်မြို့ကြီးကို ကြည့်ရှု ပြီးသကာလ ကျေးဇူးတင်ထိုက် သူတွေကို ကျေးဇူးတင်နေတာ ပေါ့မောင်ရယ်။ တိုင်းဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ နာရေးဥက္ကဋ္ဌကြီး အစရှိသည်ဖြင့်ပေါ့’’

‘‘အာ ဒီဆြာတပည့်တွေ ဖူး ခက်ကနေ ရန်ကုန်ကို မအူမလည် ရောက်လာပြီး အူကြောင်ကြောင် လျှောက်လုပ်နေကြပါရော့လား။ မသေမချင်း မှတ်ထားဗျ။ အခုရေ ဝေးသုသာန်သန့်ရှင်းနေတာ ကာ ကွယ်ရေးဦးစီးချုပ်ရဲ့ ယောက္ခမ ကြီးအနိစ္စသဘောနဲ့ဖျတ်ခနဲရှော သွားရှာလို့ တာဝန်သိလူကြီးမင်း များက ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ တောက်ပြောင်သန့်ရှင်းနေအောင် အားထုတ်ထားကြတာခင်ဗျ’’

ကျေးဇူးတင်ချင်လွန်းသူကြီး ဆြာဒင်ခမျာ ဗိုလ်မင်းသိုက်၏ စကားကြောင့် ဇက်ကိုဆတ်ခနဲပု လိုက်မိရင်း အိန္ဒိယမင်းသားလေ သံဖြင့် ‘အဘား အဘား’အော်မိ တော့သည်။

အနှီအချိန်တွင် တစ်ချိန်လုံး ဆြာဒင့်ဘေးတွင်ရပ်ကာ ဆြာဒင် ပြောဆိုလုပ်ကိုင်နေသမျှ စေ့စေ့ စပ်စပ်ဆင်ခြင်အကဲဖြတ်နေဟန် ရှိသော တပည့်ကျော်ဖေကြည် (ခေါ်)အာရုံကို တစ်ချက်မျှစောင်း ငဲ့လှမ်းကြည့်လိုက်မိလေရာ သူ သည် တစ်စုံတစ်ရာကိုလေးလေး နက်နက်တွေးတောနေဟန်ရှိ၏။

ဤနေရာတွင် အလျဉ်းသင့် သည်ဖြစ်၍ တပည့်ကျော်ဖေကြည်၏ ဉာဏ်ပဋိဘာန်ထက်သန်ပုံကို ဖော်ပြရဦးပေအံ့။ ဖေကြည်ကား ကျောင်းပညာရေးတွင် မူလတန်း အဆင့်ကိုမျှ ကျော်လွန်အောင် မစွမ်းနိုင်ခဲ့ချေ။ လွန်စွာနမော်နမဲ့ ဖြစ်၍ ဆြာဒင်၏မော်တော်ကား အသစ်စက်စက်ကို အစမ်းသဘောတက်မောင်းစဉ်က ‘ဖေကြည် ရှေ့မှာတိုင်ငုတ်ရှိတယ်နော်’ဟူသောဆြာဒင့်သတိပေးစကား အဆုံးတွင်ကားရှေ့ကတိုင်ငုတ်ကို တည့်တည့်ဝင်ကျုံးခဲ့ဖူး၏။ လမ်းဆုံမီးပွိုင့်တွင် မီးနီနေပါလျက် ဖြတ်မောင်းလေသဖြင့် ဆြာဒင်ကြိမ်းမောင်းသည့်အခါတွင်

‘သြော် မီးပွိုင့်ဆိုတာ နီနေ ရင်ရပ်ရသကိုး’ဟု ဆိုတတ်သူ အူကြောင်ကြောင်လူစားလည်း ဖြစ်၏။ သို့သော် . . .

(ငါး)

လွန်ခဲ့သောဆယ်နှစ်ဝန်း ကျင်က ဆြာဒင်တို့စာရူးတစ်သိုက် ဖူးခက်ရောက်မြန်မာအလုပ်သမားတို့အတွက် မြန်တိုင်းအမည်ရှိ အပတ်စဉ်သတင်းစာတစ်စောင် ထုတ်ခဲ့ဖူးသည်တွင်ကား ဖေကြည်သည် လွန်စွာအားကိုးခဲ့ရချေ၏။ သတင်းစာပါဧရာမပြူးတူးပြဲတဲ စာလုံးမည်းကြီးတို့ဖြင့် ဖော်ပြသည့် ခေါင်းစီးတို့၏အမှားမှန် သမျှဒက်ခနဲထောက်ပြ အမှားပြင်နိုင်သူမှာ ဖေကြည်ဖြစ်၏။ အတန်းပညာ ဤမျှနုံချာလှသော ဖေကြည်တစ်ယောက် အဘယ်စွမ်းရည်ပါရမီထူးကြောင့် အနှီအမှား ထိုအမှားတို့ကို ဒက်ခနဲဒက်ခနဲထောက်ပြနိုင်လေသနည်းဟု ဆြာဒင်မေးမြန်းမိလေရာ သူ့ အဖြေမှာလွန်စွာရိုးရှင်းလှချေသည်။

‘‘သြော် ဆြာရယ်။ တပည့် က စာမှသိပ်မဖတ်တတ်တာ။ တစ်လုံးချင်းပေါင်းဖတ်နေတော့ မှားတာကို ချက်ချင်းသိနေတယ် ဆြာရဲ့’’ဟူသတည်း။

ယခုလတ်တလောကြုံတွေ့ ရသည့် ရေဝေးအရေးကိစ္စတွင် လည်း ဆြာဒင်ကိုယ်တိုင် မည်သို့ မည်ပုံမှတ်ချက်ချရမည်ကို မဝေခွဲ နိုင်ဖြစ်နေစဉ် ဖေကြည်ငယ်၏ သုံးသပ်ချက်ကို ကြားလိုလှသည် ကားအမှန်ဖြစ်ချေသည်။ ဖေကြည်သည် အချိန်အတန်ကြာ တွေတွေ ကြီးစဉ်းစားပြီးမှ လေးနက်သော အောက်ပါကောက်ချက်ကိုချလေ ၏။

‘‘ကုသိုလ်တော့သွားပြီ။ အကုသိုလ်တွေပဲကျန်တော့တယ် ဆြာဒင်။ တစ်လတစ်ယောက် လောက် မျက်နှာကြီးမသာတွေ ပေါ်နေရင် ဘယ်လောက်များဟန် ကျလိုက်လေမလဲဆြာဒင်။ တော် တော်ကိုသန့်သွားမှာ’’

ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း ဘြဘာနိမိတ်ထွန်းလေသည့် ဗမာ ပြည်ကြီးတွင် ဇာတ်သမားစကား၊ ကလေးစကားနှင့် အရူးစကားတို့ သည် မှန်ကန်တတ်သည်ဟု ကြား ဖူးနားဝရှိလေသောဆြာဒင်သည် စာဖတ်နေသူဧရာမပုဂ္ဂိုလ်၏ မိဖု ရားကြီးနာမကျန်းသတင်းကိုပါ သတင်းသိုးသန့်ကြားမိနေသော ကြောင့် ထောက်ခံရအခက်၊ ကန့် ကွက်ရအခက် တွေးတတ်လွန်းသူ တပည့်ကျော်ထံ ‘မဆိုစကောင်း ဆိုစကောင်း’ဟူသောအဓိပ္ပာယ်ပါသည့်မျက်စောင်းခဲကြီး ထိုးလိုက်မိချိန်တွင် ရေဝေးတွင် ရောက်နေသော်ငြား တေးဂီတ၌ မွေ့လျော်တတ်သူပီပီ ခေတ်ဟောင်းအဆိုတော်ညိုမြလေး၏ သီချင်းအပိုင်းအစတစ်ခုသည် ဆြာဒင့်ခေါင်းထဲသို့ အဆီအငေါ်မတည့် ဖျတ်ခနဲဝင်ရောက်လာပြန်ချေသည်တကား။

‘အချစ်ကြီးလေမှ သစ်သီး ကြွေကျတာမျိုး၊ အပစ်ပယ်ခံဘဝ ကလေးတွေကိုယ်စီကိုယ်င တစ် ယောက်မှတစ်ရာ၊ ထောက်ပြစရာအသင်္ချေ၊ အပြုဘက်မှာချစ်ပြလေလဲ၊ ဥပေက္ခာမြစ်မရေထဲသူ့ထက်ငါလှစ်ပြလေမြဲ၊ အသည်းများကြေကွဲမဆုံးနိုင်ပေ။ အချစ်မပါရေစုန်ခရီးမှာ သစ္စာအရေခြုံပြီးလာ၊ အနှစ်မပါလှေကြုံစီးကာ။နှလုံးသားဝတ္တရားပျက်ပြားတာတွေ ခုတော့ဒင့် ရင်ထဲနွေ’

(ဖော်ပြပါ သရော်စာသည် စာရေးသူ မင်းဒင်၏ အာဘော်သာဖြစ်သည်။)



မင်းဒင် | 7day


Previous
Next Post »
Powered by Blogger.