အယ်လ်ဆာဗေးဒိုး ထောင်အတွင်း အင်အားကြီး လူဆိုးဂိုဏ်းသား ၁၄ ဦး အသတ်ခံရ (ရုပ်သံ)


အယ်လ်ဆာဗေးဒိုး အင်အားကြီး လူဆိုးဂိုဏ်းတခုဖြစ်တဲ့ ဘာရီယို-၁၈ အုပ်စုက ဂိုဏ်းသား ၁၄ ဦး သြဂုတ် ၂၂ ရက်နေ့က အကျဉ်းထောင်တခုထဲမှာ အသတ်ခံခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အယ်လ်ဆာဗေးဒိုးနိုင်ငံမှာ အကြမ်းဖက် သတ်ဖြတ်မှုတွေဟာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်တည်းက ဘာရီယို-၁၈အုပ်စုနဲ့ အတိုက်အခံအုပ်စုဖြစ်တဲ့ မာယာဆယ်လ် ဗာထရူရှာ အုပ်စုကြား ပြေငြိမ်းမှု ပြိုကွဲချိန်ကစပြီး ပိုမိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။

ဒီသတ်ဖြတ်မှုဟာ အယ်လ်ဆာဗေးဒိုးနိုင်ငံမြို့တော် ဆန်ဆာဗေဒိုးမြို့ အနောက်မြောက်ဘက် ၂၅ ကီလိုမီတာလောက် အကွာမှာရှိတဲ့ ကွက်စ်ဇိုတဘိခ် အကျဉ်းထောင်ထဲမှာဖြစ်ခဲ့ပြီး လူသေအလောင်းတွေကို ထောင်တွင်း နေရာအနှံ့အပြားမှာ တွေ့ရတယ်လို့ ဗဟိုအကျဉ်းထောင် တာဝန်ရှိသူတွေက ပြောပါတယ်။

ထောင်အာဏာပိုင်တွေက ခုသတ်ဖြတ်ခံရသူတွေဟာ ဘာရီယို-၁၈အုပ်စုဝင်တွေ ဖြစ်ကြတယ်လို့ အတည်ပြုခဲ့ကြပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

အယ်လ်ဆာဗေးဒိုး လုံခြုံရေးနဲ့ တရားရေးဆိုင်ရာဝန်ကြီး ဘန်နီတိုလာရာက “သူတို့က အရာအားလုံးကို တိတ်တိတ်ဆိတ်ဆိတ် လုပ်ခဲ့ကြတာပါ။ ဒီသေဆုံးမှု မဖြစ်ခင်မှာ အရာအားလုံးက တနေ့လုံး ပုံမှန်ရှိခဲ့ပါတယ်” လို့ သြဂုတ်လ ၂၃ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

DVB
Previous
Next Post »
Powered by Blogger.