၎ နှစ်နီးပါးပိတ်ထားသည့် အီရန်နိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံး ပြန်ဖွင့်

ဓာတ်ပုံ - ရိုက်တာ
အီရန်နိုင်ငံ မြို့တော် တီဟီရန်မှာ ထားရှိတဲ့ အီရန်နိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံး ကို ၄ နှစ်နီးပါးကြာ ပိတ်ထားခဲ့ရာက သြဂုတ် ၂၃ ရက်နေ့မှာ တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဟမ်မန်ကိုယ်တိုင် သံရုံးပြန်လည်ဖွင့်လှစ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့တာပါ။

ဒီသံရုံးကို ၂၀၁၁ ခုနှစ်က အီရန်ဆန္ဒပြသူတွေရဲ့ ၀င်ရောက်စီးနင်းခံခဲ့ရပြီး သံရုံးကို ပိတ်သိမ်းခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီး ဟမ်မန်ဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း အီရန်နိုင်ငံကို ပထမဆုံးလာရောက်တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတာပါ။

လောလောဆယ် သံရုံးမှာ သံရုံးယာယီတာဝန်ခံ အဆင့်ကိုပဲ အရင်ထားရှိမှာဖြစ်ပြီး လာမယ့်လတွေအတွင်း သံအမတ် ခန့်အပ်နိုင်လိမ့်မယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

သံရုံးဖွင့်ပွဲ အခမ်းအနားကို အီရန်နိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံး ယာယီတာဝန်ခံ အေက်ဂျေ ရှားမာ (Ajay Sharma)၊ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တခြားအဆင့်မြင့် သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးနဲ့ ဗြိတိသျှထိပ်သီးစီးပွားရေး ခေါင်းဆောင်တွေလည်း လိုက်ပါသွားကြပြီး လာမယ့်နှစ်တွေအတွင်း ဗြိတိန်-အီရန်နှစ်နိုင်ငံ အကျိုးတူ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးကြမှာပါ။

အီရန်သမ္မတ ဟက်ဆန် ရူဟာနီ (Hassan Rouhani) တက်လာခဲ့ပြီးနောက်ပိုင်း အနောက်အင်အားကြီးနိုင်ငံတွေနဲ့ အီရန်နျူးကလီးယားကိစ္စတွေ ဆွေးနွေးနိုင်ခဲ့တယ်၊ အဲဒီကနေတဆင့် အီရန်နိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်လာပြီး ပြီးခဲ့တဲ့နှစ် ဇွန်လက ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ၀ီလီယံဟိတ်က ဒီသံရုံးကို ပြန်ဖွင့်ဖို့ အဆိုပြုခဲ့တာပါလို့ ဖွင့်ပွဲအခမ်းအနားမှာ ဟမ်မန်က ပြောပါတယ်။

တချိန်တည်းမှာပဲ လန်ဒန်မြို့တော်မှာ အီရန်သံရုံးကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး အရင် နိုင်ငံခြားရေးဝန်ကြီး ဂျက် စတရော့ (Jack Straw) တက်ရောက်ခဲ့ပါတယ်။

DVB
Previous
Next Post »
Powered by Blogger.