ဘာသာရေး အထွဋ်အမြတ် နေရာတွင် ဗုံးခွဲသူများကို အညှာအတာမရှိ ဒဏ်ခတ်သွားမည်ဟု ဆော်ဒီဘုရင်ဆို


ဘာသာရေး အထွဋ်အမြတ် နေရာတစ်ခုတွင် အသေခံ ဗုံးခွဲမှု ပေါ်ပေါက်ခဲ့သည့်နောက် လက်သည်များကို ရှာဖွေဖော်ထုတ်ပြီး အညှာအတာမရှိ ဒဏ်ခတ်သွားမည်ဟု ဆော်ဒီ အာရေးဘီးယား ဘုရင်က ပြောကြားခဲ့သည်။

ရာမာဒန်ကာလ ဝတ်ပြုသူများ စည်ကားနေစဉ် ဇူလိုင် ၄ ရက် ညနေပိုင်းက မီဒီနာရှိ တမန်တော် မိုဟာမက် ဗလီကြီး အနီးတွင် အသေခံ ဗုံးခွဲမှု ဖြစ်ပွားခဲ့ရာ လုံခြုံရေးဝန်ထမ်း ၄ ဦး အသက်ဆုံးရှုံးခဲ့သည်။ မီဒီနာသည် အစ္စလာမ် ဘာသာရေးတွင် မက္ကာအပြီး ဒုတိယမြောက် အထွဋ်အမြတ် မြို့တစ်မြို့ ဖြစ်သည်။ ဆော်ဒီသည် ၂၄ နာရီအတွင်း အသေခံ ဗုံးခွဲမှု ၃ ကြိမ်နှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းဖြစ်ရပ် မတိုင်မီ ၂ ကြိမ်တွင်မူ လူအသေအပျောက် မရှိခဲ့ချေ။

ဆော်ဒီဘုရင် ဆော်လ်မန်က “ကျုပ်တို့ရဲ့ လူငယ်တွေ စိတ်အတွေးကို၊ ခံယူချက်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ဘယ်သူ့ကိုမဆို အညှာအတာမရှိ ဒဏ်ခတ်သွားမယ်”ဟု ကတိပြုခဲ့သည်။ ရာမာဒန်ကာလအပြီး အိဒ်အထိမ်းအမှတ် မိန့်ခွန်းတွင် ဘုရင်ကြီးက ယခုလို ပြောဆိုသွားခြင်း ဖြစ်သည်။

ဆွန်နီ အစ္စလာမ်မစ် အဓိက နိုင်ငံတစ်ခုဖြစ်သည့် ဆော်ဒီတွင် ယခုလို ဗုံးခွဲတိုက်ခိုက်ခဲ့မှုအတွက် မည်သည့် အဖွဲ့အစည်းကမျှ ၎င်းတို့ လက်ချက်အဖြစ် မကြေညာခဲ့ချေ။ ဆွန်နီ အစွန်းရောက် စစ်သွေးကြွ အုပ်စုတစ်ခု ဖြစ်သည့် အိုင်အက်စ်တို့သည် ယခုလို အသေခံ ဗုံးခွဲမှုမျိုးကို ရှီးဟိုက်မွတ်ဆလင်များနှင့် ဆော်ဒီ လုံခြုံရေး တပ်ဖွဲ့များကို ပစ်မှတ်ထား ကျူးလွန်လေ့ ရှိသည်။ အိုင်အက်စ်တို့သည် ဆော်ဒီတွင် တော်ဝင် မိသားစု၏ ကြီးစိုးအုပ်ချုပ်နေမှုကို တွန်းလှန် နန်းချသွားမည်ဟု ကြွေးကြော်ခဲ့ဖူးကြောင်းလည်း သိရှိရသည်။

Ref: BBC
7day
Previous
Next Post »
Powered by Blogger.