ဓာတ်ပုံ - နေရှင်း |
မမှန်ကန်သောအမှုတိုင်တန်းမှု၊ လူကုန်ကူးရန်ကြံရွယ်မှု၊ နန်းတွင်းတော်ဝင်အမည် အလွဲသုံးစားမှု တွေနဲ့ အသက် ၅၈ နှစ်ရွယ်ရှိ နန်းမွန်ဒါး ယုဒ်ရတ်နကန် ခေါ် ယိင်ကိုင် ကို ထိုင်းရာဇ၀တ်မှု နှိမ်နင်းရေးရဲတပ်ဖွဲ့က ပရချားချင့်နယ်မြေရဲစခန်းမှာ အမှုဖွင့်ပြီး ဇူလိုင်လ ၇ ရကိနေ့ ညနေပိုင်းမှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
သူ့ရဲ့အမှုဟာ ကြီးလေးတဲ့အတွက် အာမခံခွင့်မရဘဲ အဖမ်းခံရတဲ့နေ့မှာဘဲ အချုပ်ခန်းထဲ ရောက်သွားပါတယ်။ဒီမတိုင် ပြီးခဲ့တဲ့ ဇွန်လက ကွိုင့် လို့ခေါ်တဲ့ အသက် ၂၅ နှစ်ရွယ် ထိုင်းမိန်းကလေးတဦးဟာ တက္ကသိုလ်တက်ဖို့ အမှတ်မီပေမယ့် အလုပ်ရှင်သူဋ္ဌေးက သူတို့မိသားစုတစ်ခုလုံးကို ဘတ် ၁၀ သန်းတန်ဖိုးရှိ ရွှေချောင်းများ ခိုးယူမှုတွေနဲ့ အမှုဖွင့်ထားတဲ့အတွက် ပညာဆက်သင်ဖို့နဲ့ လူမှုရေးပြဿနာရှိနေလို့ ထိုင်းနိုင်ငံ ဘုရင်နဲ့ အမျိုးဘာသာသာသနာဖျက်ဆီးမှုတားဆီး ကာကွယ် တိုက်ဖျက်ရေးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ် ရှေ့နေလည်းဖြစ်တဲ့ နိုင်းဆုန်ကန် အာကျရိယဆပ် ထံတိုင်ကြားခဲ့ပါတယ်။
အလုပ်ရှင်သူဋ္ဌေးမ ယိင်ကိုင်ကလည်း ကွိုင့်နဲ့တကွ သူ့မိဘတွေဟာ သူမအိမ်မှာ အလုပ်လာ လုပ်ပြီး ကာလတန်ဘိုး ၁၀ သန်းကျော်ရှိ ရွှေချောင်းပေါင်း ၄၀၀ ခိုးသွားကြောင်း၊ စီစီကင်မရာမှ အထောက်အထားရှိကြောင်း သူ့ရှေ့နေနဲ့အတူ သတင်းစာရှင်းလင်းခဲ့ပါတယ်။
ဒါပေမယ့် စီစီကင်မရာပါအထောက်အထားမှာ မိန်းကလေးမှ လက်အိတ်ဆွဲပြီး လှေခါးမှ ဆင်းလာပုံသာရှိပြီး ရွှေထည်တွေယူသွားတဲ့အထောက်အထား မပြနိုင်သလို သူမအခန်းမှာ လည်း ခြေရာလက်ရာ ပျက်ခြင်းမရှိ၊ ရှေ့နေနဲ့ သတင်းထောက်များရဲ့ မေးမြန်းချက်တွေကိုလည်း ဝေ့လည်ကြောင်ပတ်ဖြေဆိုခဲ့ပါတယ်။
ကျောင်းသူလေး ထွက်ဆိုချက်မှာ သူဋ္ဌေးမက သူ့ကို ဟောင်ကောင်မှာ လစာကောင်းတဲ့ အလုပ်သွားလုပ်ဖို့ အစစပြင်ဆင်ပေးထားပြီး သူမက ငြင်းပယ်ခဲ့သလို မိဘတွေပါ အလုပ်က ထွက်လိုက်တဲ့နောက် အခုလို ရွှေခိုးမှုနဲ့ အမှုဖွင့်ခံနေရတာလို့ဆိုပါတယ်။
အလားတူ အဆိုပါ သူဋ္ဌေးမထံ မနှစ်တုန်းက အလုပ်လုပ်ခဲ့တဲ့ ထိုင်းအိမ်ဖော်တဦးရဲ့ သမီးဖြစ်သူ ကလည်း သူ့မိခင်မှာ ငွေမခိုးရပါဘဲ သူဋ္ဌေးမက ဘတ်ငွေ ၂ သန်းခိုးသွားကြောင်း အမှုဆင်ခဲ့လို့ ထောင်ချခံနေရတဲ့အကြောင်း လာရောက်တိုင်ကြားခဲ့ပါတယ်။
ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်မှ ကရင်တိုင်းရင်းသူ နူနား ဆိုသူမှာလည်း သူဋ္ဌေးမက သူမကို မွေးစားမယ်လို့ပြောပြီး ဟောင်ကောင်ကို သွားခိုင်းကြောင်း၊ သူမက ငြင်းပယ်ပြီး အလုပ် ထွက်ခဲ့ရာမှာ ဘတ် ၅ သိန်းတန်ဖိုးရှိ ရွှေငွေလက်ဝတ်လက်စားခိုးယူမှုနဲ့ တရားစွဲခံရပြီး ထောင်ဒဏ် တစ်နှစ်နဲ့ ၆ လ ကျခံခဲ့ရကြောင်း လာရောက်ဖွင့်ဆိုပါတယ်။
မယ်ဟောင်ဆောင်ခရိုင် မယ့်ဆရီးယန်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမှလည်း သူဋ္ဌေးမယိင်ကိုင်ဟာ သူတို့ဒေသက တောင်ပေါ်တိုင်းရင်းသူ မိန်းကလေး ၄ ဦးကို ဖျားယောင်းခေါ်ဆိုမှု၊ ခြိမ်းခြောက်မှု ပြုခဲ့ကြောင်း တိုင်တန်းခဲ့ပါတယ်။
ဇူလိုင်လ ၈ ရက်နေ့ သနေရှင်းသတင်းမှာတော့ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ ၆ နှစ်တာကာလအတွင်း နန်းမွန်ဒါး ယုဒ်ရတ်နကန် ခေါ် ယိင်ကိုင်မှ အမှုဖွင့်တိုင်တန်းခံရသူ စုစုပေါင်း ၉ ဦးရှိကြောင်း၊ အဲဒီထဲမှာ အိမ်ဖော် ထိုင်းလူမျိုး ၃ ဦး၊ လောရွှေ့ပြောင်းအလုပ်သမား အိမ်ဖော် အမျိုးသမီး တဦး၊ ကမ္ဘေားဒီးယားရွှေ့ပြောင်းလုပ်သား ၃ ဦး၊ ကရင်တိုင်းရင်းသူ တဦးနဲ့ စစ်တပ်အရာရှိတဦးကိုလည်း သူမအကျိုးစီးပွားပျက်စီးစေမှုနဲ့ အမှုဖွင့်ခဲ့တယ်လို့ ဖော်ပြထား ပါတယ်။
ထိုင်းအမျိုးသား အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ကတော့ အမှုအားလုံးကို ပြန်လည်စစ်ဆေးသွား မှာဖြစ်သလို သူမအမှုနိုင်ရေး ပံ့ပိုးထောက်ပံ့သူတွေ၊ ဆက်နွယ်သူတွေကိုလည်း စုံစမ်း ဖော်ထုတ် သွားမယ်လို့ ပြောပါတယ်။
သူဋ္ဌေးမ ယိင်ကိုင်ဘက်ကနေ အမှုလိုက်ပေးခဲ့တဲ့ ရှေ့နေကတော့ ယိင်ကိုင်ဟာ သူတောင်း ထားတဲ့ သက်သေအထောက်အထားတွေကို သတ်မှတ်ထားတဲ့အချိန်အတွင်း မပေးနိုင်သလို ရှေ့နေငှားရမ်းမှုစာချုပ်ပါ အချက်တချို့ကိုလည်း ဖောက်ဖျက်ခဲ့တဲ့အတွက် နောက်ဆုတ်လိုက်ပြီ လို့ ဇူလိုင် ၇ ရက်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ယိင်ကိုင်ဟာ ပိဆနုလုတ်ခရိုင်မှ ရဲအရာရှိတဦးနဲ့ အိမ်ထောင်ကျခဲ့ပြီး ကြီးကျယ်ခမ်းနားစွာ မင်္ဂလာဆောင်ကာ ငွေတွေ သန်းနဲ့ချီ အလှူဒါနပြုစွန့်ကြဲခဲ့တယ်လို့ ဆိုပါတယ်။
သူမဟာ ထိုင်းနန်းတော်မှ ချီးမြှင့်တဲ့ ဂုဏ်သရေရှိအမျိုးသမီးဘွဲ့ ရသူ(ခွန်ယိင်) ဖြစ်တယ်လို့ လိမ်လည်ပြောဆိုခဲ့တဲ့အတွက်လည်း အဖမ်းခံနေရတာ ဖြစ်ပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon