သင့်ကို တက်ကြွမှုတွေ ပျောက်ဆုံးသွားစေနိုင်တဲ့ နေ့စဉ် အမူအကျင့်များ


ကျွန်ုပ်တို့ဟာ လွတ်လပ်စွာနေထိုင်ရခြင်းကို နှစ်သက်တဲ့ မျိုးဆက်မှာ ကြီးပြင်းလာရသူတွေ ဖြစ်တဲ့အလျောက် ကျွန်ုပ်တို့ရဲ့  နေ့စဉ် ဘ၀နေထိုင်မှု ပုံစံတွေကို တစ်ယောက်ယောက်က ပြုပြင်ပြောင်းလဲဖို့ ပြောလာတဲ့အခါမှာ သဘောမကျကြပါဘူး။ ဆရာလာလုပ်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့်လည်း ကျွန်ုပ်တို့ရဲ့  နေ့စဉ်ဘ၀နေထိုင်မှုတွေထဲမှာ ကျွန်ုပ်တို့ကို ပင်ပန်းနွမ်းနယ်လာစေတဲ့အပြင် အခြား ဆိုးကျိုး သက်ရောက်မှု တွေ ရှိလာစေမယ့် အမူအကျင့်လေးတွေရှိနေပါတယ်။ ဒါကြောင့် ရင့်ကျက်သူတွေ ပီပီ ဘယ်သူမှ ဆရာလာမလုပ်ခင် ပြုပြင်နိုင်ဖို့အတွက် အဲဒီ အမူအကျင့်လေး တွေကို လေ့လာကြည့်ရအောင်။

၁။ ပရမ်းပတာ နေထိုင်ခြင်း

အိမ်မှာပဲ ဖြစ်ဖြစ် ၊ အလုပ်ထဲမှာပဲ ဖြစ်ဖြစ် သပ်သပ်ရပ်ရပ် မနေထိုင်ပဲ ပရမ်းပတာ နေတတ်ခြင်းဟာ သင့်ရဲ့  ခွန်အားတွေကို ဖြည်းဖြည်းချင်း ဆုံးရှုံးသွားစေနိုင်ပါတယ်။ Princeton တက္ကသိုလ်က လေ့လာမှုတစ်ခုအရလည်း ရှုပ်ပွတဲ့နေရာတွေဟာ ကျွန်ုပ်တို့ရဲ့  ခွန်အားတွေကို ဆုံးရှုံးစေတယ်လို့ တွေ့ရှိဖူးပါတယ်။ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်ကမှာရှိတဲ့ မြင်ကွင်းတွေရဲ့  ဖုံးလွမ်းထားမှုကိုခံနေရပါတယ်။ သင့်အလုပ်စားပွဲ ၊ အိပ်ယာ ၊ စာကြည့်ခန်း အစရှိတာတွေဟာ ပရမ်းပတာနဲ့ ရှုပ်ပွနေမယ်ဆိုရင် သင်ဟာ အနားယူဖို့ လိုအပ်နေတဲ့ ခံစားချက်ကြီးဖြစ်နေပြီး ဘာတစ်ခုမှ ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါကြောင့် ပရမ်းပတာ မနေထိုင်ပဲ သပ်သပ်ရပ်ရပ်နေထိုင်တတ်တဲ့ အကျင့်ရှိလာအောင် ကြိုးစားပါ။

၂။ အဆင်မပြေတဲ့အချစ်ရေး

Psych Central ဌာနက ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရတော့ ကျွန်ုပ်တို့အားလုံးရဲ့  ခွန်အားတွေကို အဆိုးမြင် တတ်တဲ့ ပုဂ္ဂိုလ်တွေကို ယူဆောင်သွားကြတယ်လို့ ဆိုခဲ့ဖူးပါတယ်။ ချစ်သူရည်းစားဆိုတာ ကိုယ်နဲ့ အနီးဆုံး မှာ ရှိနေသူပါ။အဲဒီချစ်သူရည်းစားက အဆိုးမြင်မှုလွန်ကဲနေပြီး ကိုယ့်အတွက် အဆိပ်အတောက်သဖွယ် ဖြစ်လာစေတယ်ဆိုရင်တော့ ချစ်သူရည်းစားကိုသာ စွန့်လွှတ်လိုက်ပါ။ သင့်မှာ လုပ်စရာတွေ အများကြီးရှိပါ သေးတယ်။ သင့်ရဲ့  ခွန်အားတွေ ပြန်လည်ရရှိပြီး ပင်ပန်းနွမ်းနယ်နေမှုတွေ မရှိစေဖို့ ဆိုရင် Psych Central မှာ ဖော်ပြခဲ့သလိုပဲ “အဆင်မပြေတဲ့အချစ်ရေးကို စွန့်လွှတ်လိုက်ပါ ၊ သင်ဟာ အာရုံစူးစိုက်မှုတွေပါ ပိုမိုအားကောင်းလာပါလိမ့်မယ်” ။

၃။ အီးမေးလ် ကို စွဲစွဲလန်းလန်း စစ်ဆေးခြင်း

တစ်ချို့လူတွေဟာ နေ့တိုင်း ၊ အချိန်တိုင်း အီးမေးလ် ဖွင့်ပြီး စစ်ဆေးဖို့ လိုအပ်တဲ့ အလုပ်တာဝန် တွေရှိကြပါတယ်။ အဲဒီအလုပ်တာဝန်တွေအတွက်ကတော့ စိတ်မကောင်းစရာပါပဲ။ American Psychological Association က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုအရတော့ အီးမေးလ်ကို အချိန်တိုင်းလိုလို စစ်ဆေးနေခြင်း ကဲ့သို့သော “လုပ်ငန်းခွင် ဖိအား” တစ်ခုဟာ သင့်ကို စိတ်ဖိစီးစီးမှုတွေ ပိုမိုများပြားလာစေပြီး ခွန်အားတွေ ဆုံးရှုံးသွားစေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ အချိန်တိုင်းလိုလို အီးမေးလ်ရဲ့  Inbox ကိုပဲ စောင့်ကြည့်နေခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ အီးမေးလ်အသစ်ဝင်ရောက်မှုကို စစ်ဆေးဖို့ ၊ အီးမေးလ်အသစ်တွေကို ပြန်စာပေးပို့ဖို့ စသဖြင့် အချိန်သတ်မှတ်ချက်လေးတွေနဲ့ ထားရှိလိုက်ခြင်းအားဖြင့် အခြားလုပ်ငန်းတာဝန်တွေနဲ့ ပရောဂျက်တွေ အပေါ်ပိုမို အာရုံစိုက်နိုင်လာမှာပါ။

၎။ မနက်စာမစားခြင်း

ဒီနေ့ခေတ်လူနေမှုပုံစံအရတော့ အားလုံးဟာ မနက်ပိုင်းမှာ တတ်နိုင်သလောက် အိပ်စက်နေတတ်ကြပါတယ်။ အဲဒီလို အိပ်ယာထ နောက်ကျသူ တွေဟာ အချိန်မမှီတဲ့ ပြဿနာကြောင့် မနက်စာ ကိုနေ့တိုင်းလိုလို ရှောင်ကြဉ်လိုက်ရပါတယ်။ Fox News သတင်းဌာနရဲ့  ဖော်ပြချက်အရ မနက်စာဟာ ကျွန်ုပ်တို့ရဲ့  ခွန်အားပမာဏတွေ မြှင့်တင်ပေးဖို့အတွက် အရေးပါတယ်လို့ သိရပါတယ်။ ကျွန်ုပ်တို့ရဲ့  ခန္ဓာကိုယ်ဟာ နာရီအနည်းငယ်ကြာ အိပ်စက်ထားပြီးတဲ့နောက်မှာတော့ အာဟာရ အချို့ကို ဆာလောင်လာပါတယ်။ ဒါကြောင့် နေ့တိုင်း အချိန်မီ မနက်စာ စားဖြစ်အောင် ကြိုးစားပါ။

၅။ ရေ လုံလောက်စွာ မသောက်ခြင်း

အကယ်၍ သင်ဟာ ရေ လုံးဝမသောက်ရသေးဘူးဆိုရင် တစ်ချိန်လုံး နုံး နေပြီး ထိုင်းမှိုင်းနေတတ်ပါတယ်။ ရေဓါတ်ခမ်းခြောက်ခြင်းဟာ သင့်အတွက် ပြဿနာတစ်ရပ်ပါ။ Psych Central ရဲ့  ဖော်ပြချက်အရတော့ ရေလုံလောက်စွာ မသောက်သုံးတဲ့အခါမှာ ခန္ဓာကိုယ်ဟာ ခွန်အားတွေ ကုန်ဆုံးသွား တယ်လို့လည်း သိရပါတယ်။ ကျန်းမာရေးလမ်းညွှန်မှုတွေအရတော့ ကျွန်ုပ်တို့ဟာ တစ်နေ့ကို ရေ ၈ ခွက်ခန့် အနည်းဆုံး သတ်မှတ်ပြီး သောက်သုံးသင့် ပါတယ်။

Ref:bustle
Mario - Trend Myanmar
Previous
Next Post »
Powered by Blogger.