ထိုင်းနိုင်ငံ မဟာချိုင့်တွင် လုပ်ငန်းခွင်ဝင်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သားအချို့ DIEGO AZUBEL/EPA |
အပေါ် မြန်မာသံရုံးများ၏ အကာအကွယ်ပေးမှုနှင့် ပြောဆိုဆက်ဆံလာပုံမှာ သိသိသာသာပြောင်းလဲ လာသည်ဟု မြန်မာနိုင်ငံသားများက ဆိုကြသည်။
မြန်မာအစိုးရသစ်၏ ကာကွယ်စောင့်ရှောက်ပေးမှုကို အချိန်အတန်ကြာအောင် မျှော်လင့်တောင့်တနေကြသော အဝေးတစ် နေရာမှ မြန်မာနိုင်ငံသားများအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာသည်ဟု ဆိုကြသည်။
ဖမ်းဆီးခံရခြင်း၊ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် အကူအ ညီလိုအပ်၍ အရေးပေါ်ဖုန်းဆက် အကူအညီတောင်းလျှင်ပင် ဖုန်းကိုင်ပြောကြားခြင်းမရှိခဲ့သော ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့သည် အစိုးရသစ်တက်လာပြီးနောက် အကာအကွယ်ပေးမှုနှင့် ဆက်ဆံပြောကြားမှုများ စတင်ပြု လုပ်လာသည်ဟု ထိုနိုင်ငံများမှ မြန်မာလုပ်သားများက ပြောကြားသည်။
မြန်မာသံအမတ်များ အနေဖြင့် ကိုယ့်နိုင်ငံသားများအား ပစ်မထားဘဲ ကာကွယ်စောင့်ရှောက်ပေးရန်နှင့် မြန်မာသံရုံးများအနေ ဖြင့် နိုင်ငံသားများ၏ အားကိုးစရာ နေရာအဖြစ် ဆောင်ရွက်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်ပနိုင်ငံများရှိ မြန်မာသံအမတ်များအား ဧပြီ ၂၂ ရက်၌ မှာကြားခဲ့သည်။
မြန်မာနိုင်ငံသားများသည် မြန်မာသံရုံးများအပေါ် မိဘအိမ်သဖွယ် အားကိုးစရာနေရာအဖြစ် ခံစားသံယောဇဉ်ဖြစ်စေရေး ခွဲခြားခြင်းမရှိဘဲ တွေ့ဆုံခြင်း၊ ဖိတ်ကြားခြင်းများ ပြုလုပ်ကာ စုစည်းဆောင်ရွက်ကြရန်
ဒေါ်အောင်ဆန်းစုကြည်က သံအမတ်များနှင့်တွေ့ဆုံ စဉ် ညွှန်ကြားခဲ့ပြီး ထိုသို့ မှာကြားခဲ့သည်ကို နိုင်ငံခြားရေးဝန်ကြီးဌာန က မေလ ၅ ရက်၌ သတင်းထုတ် ပြန်ခဲ့သည်။
ထိုသို့ ညွှန်ကြားထားပြီး နောက်တွင် ပြည်ပရှိ မြန်မာသံရုံး များသည် ဖြေရှင်းပေးရန်လိုအပ် သည့် ကိစ္စများကို ယခင်ကကဲ့သို့ တုံ့ဆိုင်းနှေးကွေး မနေတော့ဘဲ အရေးပေါ်ချက်ချင်းဖြေရှင်းပေးမှုများ ပြုလုပ်လာသည်ကို
တွေ့ရကြောင်း ပြည်ပရောက် အလုပ်သမား နိုင်ငံသားများထံမှ သိရသည်။
သိသာထင်ရှားသော ပြောင်းလဲလာမှု တစ်ခုကို ပြပါဆိုလျှင် မြန်မာရွှေ့ပြောင်း အလုပ်သမား အများဆုံးရှိရာ ထိုင်းနိုင်ငံ၌ ဖြစ် ပျက်ခဲ့သည့် အကြောင်းအရာတစ်ခုကို ထုတ်နုတ်ပြရပါလိမ့်မည်။
ဧပြီ ၃၀ ရက်က ထိုင်းနိုင်ငံ ရနောင်းမြို့တွင် မြန်မာအမျိုးသမီး လုပ်သားများကို ထိုင်းနိုင်ငံသား တစ်ဦး မောင်းနှင်လာသော ကားတစ်စီးက ဝင်တိုက်ခဲ့သဖြင့် ခြောက်ဦး သေဆုံးသွားခဲ့သည်။ ယင်းမတော်တဆမှု ဖြစ်ပွား
ပြီးနောက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ချက်ချင်းပင် သွားရောက်ကူညီပေးပြီး သေဆုံးသူ မိသားစုဝင်များကိုလည်း ထောက်ပံ့ငွေ ဘတ်တစ်သောင်းစီ ပေးအပ်ခဲ့သည်။
‘‘ရနောင်းကိစ္စမှာ မြန်မာသံရုံးအနေနဲ့ အရေးယူဆောင်ရွက်ချက်တွေ မြန်မြန်ဆန်ဆန် လုပ်လာတာတွေ့ရပါတယ်။ သံအမတ်ကြီးအနေနဲ့လည်း တိုက်ရိုက်ညွှန်ကြားတယ်လို့ သိရတယ်’’ဟု မြန်မာလုပ်သမားအရေး အမြဲအ ကူအညီ ပေးနေသည့် ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း (FED)ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား ပိုမိုကာကွယ်မှုရှိစေရန် ရက် ၁၀၀ စီမံချက်ကို မြှင့်တင် လုပ်ဆောင်နေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ထပ်လောင်းပြောကြားသည်။
‘‘အလုပ်သမားတွေကို ထိုင်း မလာခင်မှာ သင်တန်းပေးမယ်။ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ထိုင်းနိုင်ငံရဲ့ ဘာသာစကားပေါ့။ အဲဒါ လေးတွေသိအောင် နယ်စပ်ဂိတ် လေးဂိတ်မှာ သင်တန်းဖွင့်ပြီးပေးမယ်။ သင်တန်းပေးပြီးတော့မှ အလုပ်လာလုပ်ခိုင်းမယ်ပေါ့’’ဟု မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က ပြောသည်။
ပန်းရောင်ကတ် ကိုင်ဆောင် ထားသော မြန်မာလုပ်သားများ အား မြန်မာအစိုးရက နိုင်ငံသား ဖြစ်ကြောင်း လက်မှတ် (CI)ထုတ်ပေးမည်ဖြစ်ပြီး ထိုင်းအစိုးရက ၂ နှစ် ဗီဇာသက်တမ်းတိုးမြှင့်ပေးမည့် အရေးကိုလည်း လုပ်ဆောင်ပေး နေသည်မှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ လုပ်ဆောင်နေမှုများထဲမှ တစ်ခုဖြစ်သည်။
‘‘နောက်ပိုင်းမှာတော့ ထိုင်းမှာ အလုပ်သမားသံအရာရှိတွေ ထားပြီး ကာကွယ်စောင့်ရှောက်မှု တွေ လုပ်လာတယ်။ တိုးတက်မှုရှိ လာတယ်။ သို့သော်လည်း အလုပ်သမားတွေအပေါ် ကာကွယ်စောင့်ရှောက်မှုပေးတာထက် အလုပ် သမားတွေကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်တာ တွေကလည်း ရှိနေတုန်းပဲ’’ဟု ထိုင်းရောက် မြန်မာလုပ်သားများ အား ကူညီပေးနေသော ရွှေ့ ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက ထောက်ပြသည်။
ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်နေသော မြန်မာလုပ်သားများသည် တရားဝင်ရော တရားမဝင်ပါ အရေအတွက် ငါးသန်းခန့်အထိ ရှိနေသောကြောင့် မြန်မာသံရုံးများအနက် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးသည် မြန်မာ လုပ်သားများ၏ ပြဿနာမျိုးစုံကို နေ့စဉ်ရက်ဆက် ဖြေရှင်းပေးနေရသည့် သံရုံးတစ်ရုံးလည်းဖြစ်သည်။
လွန်ခဲ့သောနှစ်များက မြန်မာလုပ်သားများ၏ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းမပေးသဖြင့် ထိုင်းရောက် မြန်မာလုပ်သားများက သံရုံးရှေ့ ပလက်ဖောင်းများတွင် လာရောက်ကာ အကြိမ်ကြိမ် ဆန္ဒပြကန့်ကွက်မှုခံရသော သံရုံး ဖြစ်သည်။
အပြောင်းအလဲကို သိသာစွာ စတင်ခံစားလာရသည့် နောက်တစ်နေရာမှာ မြန်မာပညာတတ် အလွှာနှင့် အိမ်အကူအချို့ သွား ရောက်အလုပ်လုပ်နေသည့် စင်ကာပူနိုင်ငံတွင် ဖြစ်သည်။
ဧပြီ ၂၅ ရက်တွင် စင်ကာပူ The Straits Time သတင်းစာ၌ စင်ကာပူနိုင်ငံ ပန်ဂေါလ်ပန်းခြံ၌ ယာယီတဲများဆောက်ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများသည် မြန်မာအမျိုးသမီးများ ဖြစ်သည်ဟု ရေးသားဖော်ပြမှုကို
စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ချက်ချင်းသွားရောက် စစ်ဆေးခဲ့သည်။ မြန်မာအမျိုးသမီးများ မဟုတ်ကြောင်း သိရ၍ TheStraitsTime သတင်းစာကိုလည်း ချက် ချင်းဆိုသလို ကန့်ကွက်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲများပေးခဲ့စဉ်ကပင် မြန်မာသံရုံး၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြုခဲ့ကြောင်း စင် ကာပူနိုင်ငံရောက် မြန်မာလုပ်သားများက ပြောကြားသည်။
ထို့အပြင် ယခင်နှစ်များက တစ်ကြိမ်မျှ မပြုလုပ်ဖူးသော သင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် သံရုံး၌ ပြုလုပ်ပြီး လာရောက်သူ များကို နွေးနွေးထွေးထွေး ဆက်ဆံခဲ့သည်ကလည်း အပြောင်းအလဲများထဲက တစ်ခုဖြစ်ကြောင်း
စင်ကာပူနိုင်ငံရောက် မြန်မာလုပ်သားများက ပြောသည်။
‘‘စင်ကာပူသံရုံးအနေနဲ့ မြန်မာနိုင်ငံသားတွေအပေါ် အရင်ကထက် ပိုမိုဂရုစိုက်လာတာ တွေ့ရတာတော့ အမှန်ပါပဲ။ အစိုးရအ သစ်ကာလကလည်း တစ်လကျော်စလေးပဲ ရှိသေးတော့ စင်ကာပူမှာ ရှိတဲ့ မြန်မာသံရုံးရဲ့
မြန်မာနိုင်ငံသား အလုပ်သမားတွေအပေါ် ဂရုစိုက်ပုံတို့၊ သံရုံးရဲ့ လူမှုဆက်ဆံရေး တိုးတက်လာပုံတွေ အရမ်းကြီး တိုးတက်လာပြီလို့ပြောရမှာ စောလွန်းနေပေမယ့် စင်ကာပူသံရုံးအနေနဲ့ စင်ကာပူရောက် မြန်မာနိုင်ငံသား
တွေကို အရင်ကနဲ့မတူတော့တဲ့ ပုံစံတွေနဲ့ ပိုမိုဂရုစိုက်လာတာ တွေ့ရပါတယ်’’ဟု စင်ကာပူ ရောက် မြန်မာများအား ကူညီပေးနေသည့် ကိုလင်းအောင်က ပြောသည်။
‘‘ပြောင်းလာတာတော့ အ မှန်ပဲ။ မြန်မာပြည့်တန်ဆာကိစ္စဆို ရင် အစ်မတို့ ရှက်တာအမှန်ပဲ။ သံရုံးက ချက်ချင်းဖြေရှင်းပေးတယ်။ အခုဆို သံရုံးက သံမှူးဒေါ်ထွေး ထိပ်တင်လွင်က အစ်မတို့ လူမှုရေးအဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်လာ တယ်’’ဟု စင်ကာပူရောက် မြန်မာများအား ကူညီပေးနေသည့် မအိမ့်သန္ဒြာထွန်းက စင်ကာပူဆိုင်ရာ မြန်မာသံရုံး၏ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာပုံကို ပြောသည်။
မေလကုန်တွင်လည်း မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုပြုလုပ်ရန် စင်ကာပူနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးက စီစဉ်နေသည်။
မြန်မာနိုင်ငံသားများ အရေးပေါ်ဆက်သွယ် အကူအညီတောင်းရန် တယ်လီဖုန်းနံပါတ်များ ထားရှိပေးလာသကဲ့သို့ သံရုံးဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်လည်း သတင်းများအဆက်မပြတ် တင်ဆက် ပေးနေမှုများက အပြောင်းအလဲ အချို့အနက်မှ တစ်ခုဖြစ်သည်။
သို့သော် မြန်မာလုပ်သားများ ဒုတိယအများဆုံး အလုပ်လုပ်ကိုင်လျက်ရှိရာ မလေးရှားနိုင်ငံတွင်မူ မြန်မာသံရုံးသည် ပြောင်းလဲမှု အနည်းငယ်သာ ရှိကြောင်း မလေးရှားရောက် မြန်မာလုပ်သားများက ပြောသည်။
‘‘ပြောင်းလဲလာတာမျိုး သိပ်မတွေ့ရသေးပါဘူး။ နောက်ပိုင်းတော့ ပြောင်းလဲလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုအချိန်ထိတော့ ကာကွယ်ပေးမှု၊ ရပ်တည်ပေးမှု ဆိုတာတွေက အရမ်းနည်းပါးပါတယ်။ ရွှေ့ပြောင်းအလုပ် သမားတွေ တစ်စုံတစ်ရာဖြစ်ရင် ပရဟိတအဖွဲ့အစည်းတွေက လည်း ကူညီဖြေရှင်းပေးတာမျိုးက ပိုများတယ်’’ဟု မလေးရှားတွင် အလုပ်လုပ်ကိုင်နေသူ ကိုနိုင်က ပြောသည်။
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ လုပ်ဆောင်မှုများ အနက်မှ အချို့သည် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် မြန်မာနိုင်ငံသားများကို
နိုင်ငံသား ဖြစ်ကြောင်း စိစစ်ပြီး ပြန်ပို့ပေးရာ ၂၀၁၅ အတွင်း ငါးထောင်ကျော် ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု သံရုံးက ဆိုသည်။
ထို့အပြင် မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသော တရားမဝင် မြန်မာလုပ်သားများကို အမျိုးအစားသုံးမျိုးခွဲခြားပြီး တရားဝင်ဖြစ်ရေး မတ်လ ၁ ရက်၌ စတင်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်း ထုတ်ပြန်သည်။
ထိန်းသိမ်းရေးစခန်းများတွင် ရှိနေသည့် မြန်မာနိုင်ငံသားများကိုလည်း မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်၍ နိုင်ငံသားဖြစ်ကြောင်း လက်မှတ်များ ထုတ်ပေးနေသည်။
‘‘သံအမတ်ကြီး ဦးတင်လတ်လက်ထက် အလွန် သံအမတ်ကြီး ဦးသာအောင်ညွန့်လက်ထက် အစပိုင်းမှာကတည်းက အကောင်းဘက်ကို ရွေ့လာတဲ့ ပြောင်းလဲမှု ဖြစ်စဉ်တချို့ကို စတွေ့လာရပြီဆို ရပါမယ်။ ဒါပေမဲ့ စီးပွားရေးပုံစံ လုပ်ဆောင်လာမှုကြောင့် ဝန် ဆောင်မှုအပိုင်းတွေ အရင်ထက် ပိုလာတာတွေ့ရသလို နိုင်ငံတော်ကို ပေးဆောင်ရမယ့် ပုံမှန်ကျသင့် ငွေထက် ပိုပေးဆောင်ရတဲ့အပိုင်း တွေတော့ ရှိလာတာ တွေ့ရပါတယ်။ သံရုံးဝန်ထမ်း
ပိုင်းတွေနဲ့ ပတ်သက်လို့ကတော့ ဆက်ဆံရေး ပိုပြေပြစ်လာတာကို မြင်တွေ့ရ တယ်’’ဟု မလေးရှားရောက် မြန်မာလုပ်သားများအား ကူညီပေးနေသော ဦးအောင်သန်းညွန့်က သံရုံးအပေါ် ၎င်း၏ အမြင်ကို ပြောပြသည်။
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ကိုးသိန်းခန့်ရှိရာ ယင်းအနက် တရားဝင်နေထိုင်သူ သုံး သိန်းခန့်ရှိပြီး ခြောက်သိန်းခန့်သည် တရားမဝင်နေထိုင်ကြသူများ ဖြစ်သည်။
အရေအတွက် မများသော်လည်း မြန်မာနိုင်ငံသားများ သွားရောက်အလုပ်လုပ်လျက်ရှိရာ နေရာသည် တောင်ကိုရီးယားနိုင်ငံ ဖြစ်သည်။ တောင်ကိုရီးယား မြန်မာသံရုံး၏ ပြောင်းလဲလာမှုသည် ၂၀၁၅ ရွေးကောက်ပွဲ
ကြိုတင်မဲပေးရာ၌ စ၍ပြောင်းလဲလာခဲ့ခြင်း ဖြစ်ကြောင်း ကိုရီးယားရောက် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသော ကိုစိုးမိုးသူက ပြောသည်။
‘‘အရင် ကိုရီးယားသံရုံးရဲ့ သဘောထားကတော့ သိတဲ့အတိုင်းပဲ။ အခုတော့ ပြောင်းလဲလာပြီ။ သင်္ကြန်တုန်းကဆို သံအမတ်ကြီးကိုယ်တိုင် ကျွန်တော်တို့နဲ့အတူ သင်္ကြန်ဆင်နွှဲတယ်။ အခု သံရုံးက ပြောစရာရှိရင် ပွင့်ပွင့်လင်း လင်း ပြောဆိုလို့ရလာတယ်။ ဆက်ဆံရေးပဲ ပြောင်းလဲလာပေမယ့် လုပ်ငန်းဆောင်ရွက်မှုမှာတော့ သိပ်အပြောင်းအလဲကြီး မဟုတ်သေးဘူး။ တချို့ကတော့ အားမလိုအားမရနဲ့ ဝန်ထမ်းတွေကတော့ ဒုံရင်းပါပဲလို့
ပြောကြပါတယ်’’ဟု ကိုစိုးမိုးသူက ပြောသည်။
လက်ရှိတွင် နိုင်ငံခြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတကာမှ နိုင်ငံခြားရေးဝန်ကြီး များအား ဖိတ်ခေါ်ပြီး ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ အလုပ်သမားများအရေးကို
ဆွေးနွေးတိုင်ပင်လျက် ရှိသည်။
သံအမတ်များကို ကွပ်ကဲကြီးကြပ်ရသူ နိုင်ငံခြားရေးဝန်ကြီးသည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သောကြောင့် ကျေနပ်မိပြီး အနာဂတ်ဘဝများ လုံခြုံလာမည်ဟု ယုံကြည်မျှော်လင့်ကြောင်းပြည်ပရောက် မြန်မာနိုင်ငံသားများက
ပြောကြားသည်။
‘‘သံအမတ်ကြီးကတော့ ထိုင်းရောက် မြန်မာလုပ်သားများအတွက် သူတို့ကြိုးစားပြီး လုပ်မယ်လို့ ကျွန်တော့်ဆီ ဖုန်းဆက်ပြောတယ်’’ဟု ဦးထူးချစ်က သံအမတ် ကြီး၏ နှုတ်ကတိစကားကို ပြန်လည် ဖောက်သည်ချသည်။
သက်တမ်းတစ်လျှောက် အိမ်ရှင်နိုင်ငံ၏ မျက်နှာ၊ အလုပ်ရှင်များမျက်နှာကို ကြည့်ကာ အလုပ်လုပ်ခဲ့ကြရသော ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ အတွက် အားတက်စရာသတင်းကလည်း မေလ ၉ ရက်တွင်
ပေါ်ထွက်လာသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ထိုင်းနိုင်ငံခြားရေး ၀န်ကြီးနှင့် မြန်မာသမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ သီးခြားစီတွေ့ဆုံစဉ် ထိုင်းရောက် မြန်မာလုပ်သားများကို ထိုင်းအလုပ်သမားများ
နည်းတူ တန်းတူအခွင့် အရေးရရှိရေး အလေးအနက် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း တန်းတူအခွင့်အရေး ရရေး တိုးမြှင့်ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့သည်။ အစဉ်အဆက်တွင် အခွင့်အရေး အပြည့်အဝ မရခဲ့ကြသည့် အဝေးရောက် မြန်မာနိုင်ငံသားများ အတွက် သံရုံးအချို့၏ လက်တွေ့လုပ်ဆောင်မှုအချို့က စတင်အားတက်စပြုလာပါသည်။ သို့သော် အမိမြေနှင့် ဝေးရာတွင် အခက်အခဲမျိုးစုံ
၊ ပြဿနာမျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အိမ်ဝေးသူ မြန်မာအပေါင်းတို့အတွက် သံရုံးများက ကာကွယ်မှု၊ နွေးထွေးလုံခြုံ မှု ပေးနိုင်သည့် မိဘအိမ်သဖွယ် ဖြစ်လာမည်လား ဆိုသည်ကမူ အချိန်က သက်သေထူပေလိမ့်မည်။
ငြိမ်းချမ်း - 7day
Sign up here with your email
ConversionConversion EmoticonEmoticon