ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်တွင် မြန်မာနိုင်ငံအလံ လွှင့်ထူနိုင်ရေး၊ ဧ၀ရတ်တောင်သမိုင်းတွင် မြန်မာနိုင်ငံသားများ ရောက်ရှိခဲ့သည်ဆိုသည့် မှတ်တမ်း ရေးထိုးနိုင်ရေးအတွက် အလွန်တရာမှ ခက်ခဲကြမ်းတမ်းသည့် ခရီးစဉ်တစ်ခု၏ အစပြုနေရာသို့ မြန်မာနိုင်ငံသား တောင်တက်သမား (၃)ဦး ရောက်ရှိနေပြီ ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ (၁၁)ရက်၊ နေ့လည် (၃)နာရီခန့်တွင် မြန်မာတောင်တက်အဖွဲ့သည် ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်၏ အမြင့်ပေ (၁၇၅၀၀)ရှိသော တောင်ခြေစခန်း (Base Camp) သို့ ရောက်ရှိခဲ့ပါသည်။ ယင်းနေ့တွင် နေ့ဘက်အပူချိန် 7'C နှင့် ညဘက် အပူချိန် -5'C အောက်တွင် ရာသီဥတု ကြည်လင်သာယာပြီး မြန်မာတောင်တက်သမားတို့၏ ပန်းတိုင်ဖြစ်သော ဧ၀ရတ်တောင်ကို ထင်ရှားစွာ မြင်တွေ့ရပါသည်။
ဧပြီလ (၁၂) မြန်မာနှစ်ကူး သင်္ကြန်အကြိုနေ့တွင် ဧ၀ရတ်တောင်ခြေ စခန်းရောက် မြန်မာတောင်တက်သမား (၃)ဦးသည် သင်္ကြန်ကို သတိရလွမ်းဆွတ်ကြောင်းနှင့် မြန်မာနိုင်ငံသားများ အန္တရာယ်ကင်းဝေးစွာ ပျော်ရွှင်နိုင်ပါစေကြောင်း ဆန္ဒပြုခဲ့ကြသည်။
အမြင့်ပေ (၁၇၅၀၀)ရှိသော တောင်ခြေစခန်း (Base Camp) သို့ ရောက်ရှိနေသည့် မြန်မာတောင်တက်အဖွဲ့သည် အနီးဝန်းကျင်ရှိ တောင်တက်စခန်းများဆီသို့ နေ့စဉ် လေ့ကျင့် တက်ရောက်လျက် ရှိပါသည်။ တောင်ခြေစခန်း (Base Camp) မှနေပြီး တောင်တက်စခန်းများဆီသို့ တက်ရောက်မှုနှင့် အဆိုပါ စခန်းများမှ တောင်ခြေစခန်းသို့ ပြန်လည်ဆင်းသက်ခြင်းများ (Camp Rotation) ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တောင်ခြေစခန်းမှ ယခုကဲ့သို့ အတက်အဆင်း ပြုလုပ်ခြင်းသည် တောင်တက်စခန်း(Camp) များ တည်ဆောက်ခြင်းနှင့်အတူ တောင်တက်သမားများအတွက် အမြင့်ပေ ပိုမိုလာသည့်နှင့်အမျှ ကျဆင်းလာသည့် လေဖိအားနှင်အလိုက်သင့် အဆင်ပြေစေရန် အချိန်ယူခြင်းလည်း ဖြစ်ပါသည်။
ဧပြီလ (၁၅)ရက်နေ့တွင် မြန်မာတောင်တက်အဖွဲ့သည် ဧဝရက်တောင်ခြေစခန်း၌ ဒေသခံတို့၏ ရိုးရာယဉ်ကျေးမှုနှင့် တိဘက်တို့၏ ယုံကြည်မှုအတိုင်း ကွယ်လွန်သွားသည့် တောင်တက်သမားများအတွက် ဆုတောင်းပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
၎င်းနေ့တွင် မြန်မာတောင်တက်သမားများက မိမိတို့သည် ဇွဲ၊လုံလ အပြည့်ဖြင့် ဧ၀ရတ်တောင်ထိပ် ရောက်ရှိပြီး တိုင်းပြည်ဂုဏ်ဆောင်နိုင်ရေး အပြင်းအထန် ကြိုးစားသွားမှာ ဖြစ်ကြောင်းနှင့် အဖက်ဖက်မှ လိုလေသေး မရှိအောင် ကူညီပံ့ပိုးပေးတဲ့ ထူးဖောင်ဒေးရှင်းနာယက၊
မြန်မာနိုင်ငံခြေလျင်တောင်တက် အဖွဲ့ချုပ် နာယက ဦးတေဇကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြသည်။
မြန်မာတောင်တက်အဖွဲ့သည် ဧပြီလ(၁၇)ရက်နေ့တွင် အမြင့်(၅၈၀၀)မီတာအထိ တက်ရောက်ခဲ့ကြပြီး ဧပြီ(၁၈)ရက်မှ (၂၀)ရက်နေ့ အထိ တောင်ခြေစခန်းတွင် စခန်းချ ညအိပ်ခဲ့ကြပြီး ယနေ့ ဧပြီလ(၂၁)ရက်နေ့တွင် တောင်တက်စခန်း(၁) (Camp-1) သို့ တက်ရောက်ကြမည် ဖြစ်ပြီး ၎င်း Camp-1 တွင်ပင် ညအိပ်ပါမည်။
မနက်ဖြန် ဧပြီလ(၂၂)ရက်နေ့တွင် တောင်တက်စခန်း(၂)သို့မြန်မာတောင်တက်အဖွဲ့ ဆက်လက်တက်ရောက်မည်ဖြစ်ပြီး ၄င်းတောင်တက်စခန်း(၂) သို့ တက်ရောက်အပြီးတွင် မြန်မာ တောင်တက် သမားများသည် တောင်တက်စခန်း (၁)သို့ ပြန်လည်ဆင်းသက်ကာ ညအိပ်ကြမည်ဖြစ်ပါသည်။ ဧပြီလ (၂၃)ရက်နေ့တွင် တောင်ခြေစခန်းသို့ ပြန်လည်ဆင်းသက်ကြမည်ဖြစ်သည်။
ဧ၀ရတ်တောင်ထိပ်တွင် မြန်မာနိုင်ငံအလံ လွှင့်ထူနိုင်ရေး၊ ကမ္ဘာ့အလယ်တွင် မြန်မာလူမျိုးတို့၏ ရဲရင့်မှုနှင့် စွန့်စားမှုကို ပြသနိုင်ရေးအတွက် အပြင်းအထန် ကြိုးစားလျက်ရှိသည့် မြန်မာတောင်တက်သမား (၃)ဦး၏ ဧ၀ရတ်တောင်တက် ခရီးစဉ်ကို ကူညီပံ့ပိုးခွင့်ရရှိခဲ့သဖြင့် ထူးကုမ္ပဏီများအုပ်စုနှင့် ထူးဖောင်ဒေးရှင်း အနေဖြင့် လွန်စွာ ၀မ်းမြောက်ဂုဏ်ယူမိကြောင်း ပြောကြားလိုပါသည်။
ခက်ခဲကြမ်းတမ်းလွန်းသည့် ခရီးစဉ် ဖြစ်သော်လည်း မြန်မာဂုဏ်ကိုဆောင်နိုင်ရန် အသက်အန္တရာယ်ကို အမှုမထားဘဲ အပြင်းအထန် ကြိုးစားလျက်ရှိသည့် မြန်မာတောင်တက်သမား (၃)ဦးလုံး ဘေးမသီ ရန်မခဘဲ ဧ၀ရတ်တောင်ထိပ်သို့ ရောက်ရှိပြီး တိုင်းပြည်ဂုဏ်ဆောင်နိုင် ပါစေကြောင်း ထူးဖောင်ဒေးရှင်းနှင့် ထူးကုမ္ပဏီများအုပ်စု မိသားစုများမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
Htoo Foundation
Sign up here with your email
ConversionConversion EmoticonEmoticon