၂၀၁၆ ရန်ကုန်သင်္ကြန်တွင် ပျော်ရွှင်အေးချမ်းစွာ ရေကစားနေကြသူများ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) |
ယခုနှစ် ရန်ကုန်မြို့တော် သင်္ကြန်သည် ဝန်ကြီးချုပ်သစ်၏ မဏ္ဍပ်များ ဆောက်ခွင့်ကန့်သတ်ချက်နှင့် စီးပွားဖြစ် မဏ္ဍပ်များ ဆောက်ခွင့်မပြုခြင်းအပေါ် ဝေဖန် မှုများ ရှိခဲ့သကဲ့သို့ပင် ရန်ကုန် သင်္ကြန်မှာ ယခင်နှစ်များနှင့်နှိုင်း ယှဉ်လျှင် အနည်းငယ်သာ စည်ကားခဲ့သည်။ ယခင်နှစ်များက စည်ကားခဲ့သော ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ပတ်လမ်းတို့တွင် မဏ္ဍပ်များဆောက်ခွင့်မပေးခြင်း က ရန်ကုန်သင်္ကြန်စည်ကားမှုကို လျော့နည်းစေခဲ့သော်လည်း ရပ်ကွက် များ၌ ယခင် ပျောက်ဆုံး နေသော အုန်းလက်မဏ္ဍပ် အများအပြား ပေါ်ထွက်လာခဲ့သည်။
ရန်ကုန်သင်္ကြန်တွင် ပြည် လမ်းရှိ အင်လျားကန်ပေါင်ရှေ့တွင်သာ မဏ္ဍပ်ကြီးများရှိခဲ့သည်။
၂၀၁၆ ရန်ကုန်သင်္ကြန်သည် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ သည်။ မဏ္ဍပ်ကြီးများအစား အုန်းလက်မဏ္ဍပ်များဖြင့် ရေကစားလာ ခြင်းက အခြေခံလူတန်းစားပြည် သူများ ပိုမို ပျော်ရွှင်ခဲ့ရသော သင်္ကြန်ဖြစ်ခဲ့သည်။ သင်္ကြန်တွင်ပြည်သူများသဘောကျနှစ်သက် သည့် အရာက ပြောင်းလဲလာ သည့် ရဲတပ်ဖွဲ့၏ ပုံရိပ်ပင်ဖြစ်သည်။ ပြည်သူများ စိတ်ချမ်းသာစွာ ပျော်ရွှင်စေရန်အတွက် လုံခြုံရေး ဆောင်ရွက်ပေးသည့်အပြင် ကူညီမှုများပါ ပြုလုပ်ပေးလာခြင်းဖြစ်သည်။
ထို့အပြင် ယခုနှစ် သင်္ကြန်သည် ယခင်နှစ်များနှင့်မတူဘဲ သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ မတွေ့ရသလောက် လျော့နည်းခဲ့သည်။
ပြည်သူ့အစိုးရစစ်စစ်လက် ထက် ပထမဆုံးဖြတ်သန်းခဲ့သော ရန်ကုန်သင်္ကြန်၏ ထူးခြားချက် ခုနစ်ခုကို စုစည်း တင်ဆက်ပေးလိုက်ပါသည်။
ပုံစံပြောင်းသွားသော ရန်ကုန်သင်္ကြန်
ယခုနှစ် ရန်ကုန်သင်္ကြန်တွင် စီးပွားဖြစ်မဏ္ဍပ်များ၊ ကမ္ဘာအေး ဘုရားလမ်းနှင့် ကန်ပတ်လမ်းတို့ ၌ မဏ္ဍပ်များဆောက်ခွင့်မပြုဟု ဝန်ကြီးချုပ်သစ်က မူဝါဒများ ချမှတ်ခဲ့သည်။ ယင်းမူဝါဒအပေါ် အများစုက ဝေဖန်ခဲ့ကြသည်။ အယ်လ်နီညိုရာသီဥတုဖြစ်သော ကြောင့် ရေခန်းခြောက်မှုပြဿနာ နှင့် ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ကာကွယ်ရန်အတွက် မဏ္ဍပ်များ ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။
ကမ္ဘာအေး ဘုရားလမ်းနှင့် ကန်ပတ်လမ်းတို့တွင် မဏ္ဍပ်များ ဆောက်လုပ်ရန် စီစဉ်ထားသူများ သည် ကန့်သတ်ချက်များကြောင့် အခက်တွေ့ခဲ့ရကြောင်း မဏ္ဍပ် ကန်ထရိုက်တာများက ပြောသည်။ပြည်လမ်းတွင်သာ မဏ္ဍပ်များ ဆောက်ခွင့်ပြုထားသောကြောင့် မဏ္ဍပ်ဆောက်ခွင့်အတွက် မြေနေ ရာငှားရမ်းခမှာ ကျပ်သိန်းထောင် ချီ၍ ဈေးပေါက်ခဲ့သည်။ မဏ္ဍပ် များဆောက်ခွင့်ပြုရာတွင်လည်း သင်္ကြန်ကျရန် တစ်ပတ်အလိုမှသာ ခွင့်ပြုသောကြောင့် အခက်တွေ့ခဲ့ ပြီး အကြိုနေ့မတိုင်မီ တစ်ရက် အထိ ဆောက်လုပ်ခဲ့ရကြောင်း မဏ္ဍပ် ကန်ထရိုက်တာများက ပြောသည်။
‘‘ပါမစ်တွေချပေးတာ နောက်ကျတာက ပြဿနာဖြစ်တာပဲ။ အရင်က စည်းကမ်းချက်တွေကို အခု ပြောင်းတာလည်း ဒုက္ခရောက်တာပေါ့။ ကြိုသိရရင်လည်း ပြင်ချိန်ရတာပေါ့။ ဘာမလုပ်ရဘူးဆိုပြီး တော့ပေါ့။ ပုံမှန်က ဧပြီမတိုင်ခင် ဆိုရင် သင်္ကြန်က သိနေပြီလေ။ အခုက ဧပြီကျော်မှ နေရာတွေ ပြန်ရွှေ့ကြဆိုတော့ အသည်းအသန်တွေ ဆောက်ကြရတာပေါ့။ ကမ္ဘာအေးဘုရားလမ်းမှာ ပုံမှန်ပေးနေကျဆိုတော့ ဒီနှစ်မပေးတော့ အဲဒီလူတွေကနေရာပြန်လိုက်ရှာရတာ ပေါ့’’ ဟု ပြည်လမ်းရှိ Rave ရေကစားမဏ္ဍပ်မှ ကိုသက်မိုးအောင်က ပြောသည်။
ယခုနှစ် ရန်ကုန်သင်္ကြန်သည် ပြည်လမ်း၌သာ စည်ကားခဲ့ ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြည်လမ်းရှိ Overdose မဏ္ဍပ်သည် အကြိုနေ့အထိ မဏ္ဍပ် ဆောက်လုပ် မပြီးသောကြောင့် လက်မှတ် ဝယ်ယူထားသူများ မဏ္ဍပ်ရှေ့တွင် ပြဿနာ ဖြစ်ပွားခဲ့သည်။
အဆိုပါ မဏ္ဍပ်တွင် လက် မှတ်ဝယ်ထားသူ ငါးရာခန့်က ဆောက်လက်စ မဏ္ဍပ်ပေါ်သို့ တက်၍ ကန့်ကွက်မှုများပြုလုပ်ခဲ့သည်။ မဏ္ဍပ်တာဝန်ခံ ပုန်းရှောင်နေသောကြောင့် ယင်း မဏ္ဍပ်တွင် ရေကစားရန်အတွက် လက်မှတ် ဝယ်ယူထားသူများ ဆုံးရှုံးခဲ့ကြခြင်းဖြစ်သည်။ သင်္ကြန်ရက်အားလုံး ရေကစားရန်အတွက် လက်မှတ်ခကို ကျပ်ငါးသောင်း သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်သင်္ကြန်သည် ပြည် လမ်း အင်းလျားကန်ပေါင်ရှေ့ တွင်သာ အထူးစည်ကားခဲ့သည်။ ရန်ကုန်မြို့တွင် မဏ္ဍပ်ကြီး ၁၉ ခုရှိသည့်အနက် ပြည်လမ်းတွင် မဏ္ဍပ်ကြီး ၁၂ ခုရှိသည်။ ရေပက်ခံရသူများအနေဖြင့်လည်း အခြားသွားစရာ နေရာမရှိ၍ ကန်ပေါင်ရှေ့သို့သာ လာရောက် ရေပက်ခံကြသည်။ ရန်ကုန်တစ်မြို့လုံး အနေဖြင့် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းခဲ့သည်။
အုန်းလက်မဏ္ဍပ်များ ခေတ်စားလာခြင်း
၂၀၁၆ ရန်ကုန်သင်္ကြန်တွင် စီးပွားဖြစ်မဏ္ဍပ်များနှင့် မဏ္ဍပ်ကြီးများ ဆောက်လုပ်ခွင့် ကန့်သတ်မှုများကြောင့် လမ်းတိုင်းတွင် အုန်းလက်မဏ္ဍပ်များဖြင့် ရေကစားကြသူများ ယခင်နှစ်များထက် ပိုမို များပြား လာခဲ့သည်။
သရုပ်ဆောင် အေးမြတ်သူကလည်း အုန်းလက်မဏ္ဍပ်တွင် ရေကစားနေသည့် ဓာတ်ပုံများ လူမှုကွန်ရက်၌ ဖော်ပြရာ လူအများက ချီးကျူးပြောဆို ရေးသားခဲ့ကြသည်။
‘‘ဒီနှစ်မှာ တွေ့ရတာ ကိုယ့် အိမ်ရှေ့၊ ကိုယ့်လမ်းရှေ့တွေမှာ အုန်းလက် မဏ္ဍပ်လေးတွေ ထိုးပြီး ရေပက်လာတာ တွေ့ရတယ်။ ဒါ ဟာ အရင်တုန်းက ပုံစံကို သွားနေ တာပေါ့။ မဏ္ဍပ်ကြီးမရှိလို့ လည်စရာ မရှိတာလည်း ပါမှာပေါ့။ ကိုယ့်အိမ် ကိုယ့်လမ်းမှာ ကလေးတွေ ရေကစားတော့ သူတို့အတွက် စိတ်မပူရဘူးပေါ့။ အုန်းလက်မဏ္ဍပ် လေးတွေ များလာတာလည်း တစ် မျိုးကောင်းပါတယ်’’ဟု အင်းစိန် လမ်းမကြီးတွင် အုန်းလက်မဏ္ဍပ် ထိုးပြီး ရေကစားနေသူ ဦးသန်းနိုင်က ပြောသည်။
‘‘မဏ္ဍပ်ကြီးတွေ ကန့်သတ်တာကို ကြိုဆိုတယ်။ အခုဆို နေရာတော်တော်များများမှာ ရေပက်တဲ့သူတွေ ရှိလာတယ်။ အရင်ကဆို မဏ္ဍပ်ကြီးတွေ ရှိတဲ့နေရာပဲ သွားကြတယ်။ အခုဆို အဲဒီလို သွားစရာ မလိုတော့ဘူး’’ဟု ဗဟန်းမြို့ နယ်နေ ဦးမြတ်သူက ပြောသည်။
ယခုနှစ် ရန်ကုန်မြို့သင်္ကြန် တွင် မဏ္ဍပ်ပေါင်း နှစ်ရာကျော် ရှိသည့်အနက် မဏ္ဍပ်ကြီး ၁၉ ခုရှိ ပြီး မဏ္ဍပ်လတ် နှစ်ခုနှင့် မဏ္ဍပ်ငယ် နှစ်ရာကျော်ရှိကြောင်း ရန် ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
သရုပ်ပျက်ဝတ်စားဆင်ယင်မှု လျော့ကျသွားခြင်း
ယခုနှစ်သင်္ကြန်သည် ယခင် နှစ်များလို မဟုတ်ဘဲ သရုပ်ပျက် ဝတ်စားဆင်ယင်မှုများ သိသိသာသာလျော့နည်းခဲ့သည်။ မဏ္ဍပ်များပေါ်တွင် အဖော်အချွတ်ဖြင့် ကခုန်သည့် သရုပ်ပျက်မှုမြင်ကွင်းများကို မတွေ့ရသလောက်ဖြစ်သည်။ ယခင်နှစ်များက အထူးသဖြင့် အမျိုးသမီးငယ်အချို့၏သရုပ်ပျက် ဝတ်စားဆင်ယင်မှုအပေါ် ဝေဖန်မှုများစွာ ရှိခဲ့သည်။ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင်လည်း အဖော်အချွတ်ဖြင့် ကခုန်နေကြသည့် အမျိုးသမီးငယ် တို့၏ ဓာတ်ပုံများ ပလူပျံခဲ့သည်။ မြန်မာ့ရိုးရာကို ထိခိုက် စေသည့် ဝတ်စားဆင်ယင်မှုမျိုး မပြုလုပ်ကြရန်နှင့် အမြင်မသင့် လျော်သည့် မှတ်ချက်များဖြင့် အ ချင်းချင်း တည့်မတ် ထိန်းကျောင်းခဲ့ကြပြီးနောက် ယခုအခါ သင်္ကြန် ကာလ ဝတ်စားဆင်ယင်မှုများ လုံခြုံလာသည်ကို တွေ့ရသည်။
‘‘ဒီနှစ်ကတော့ တခြားနှစ်တွေနဲ့ မတူဘူးပေါ့နော်။ အမျိုးသမီး တွေရဲ့ ဝတ်စားဆင်ယင်မှုတွေ ရော အားလုံးရဲ့အမူအကျင့်တွေက တော်တော်များများ ပြောင်းလဲ လာတယ်ပေါ့နော်။ အဲဒါတော့ လူတွေအားလုံးရဲ့ ကိုယ်စီ စိတ်ထဲ မှာ ပြောင်းလဲခြင်းရဲ့အနှစ်သာရကို သူတို့သိကြတယ်။ ပြောင်းလဲမှ အဆင်ပြေမယ်ဆိုတာ သူတို့သိကြတယ်ပေါ့။ သူတို့စိတ်ထဲမှာကိုက သင်္ကြန်မှာ လုံလုံခြုံခြုံလေး ဝတ်မယ်ဆိုရင် သူတို့အတွက် ကာကွယ်ရာလည်းရောက်တယ်။ ပြီး တော့ တခြားသူတွေကြည့်တဲ့အခါ မှာလည်း အမြင်သင့်တယ် ဆိုပြီး ဝတ်လာကြတယ်လို့ မြင်ပါတယ်။ တခြားနိုင်ငံတွေကနေ ကိုယ့်နိုင်ငံ ကို လာရောက်လည်ပတ်ကြတဲ့သူ တွေရှိတယ်။ သူတို့တွေ အမြင်မှာလည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုလေးကို ထိန်းသိမ်းကြတယ်။ သရုပ်ပျက် အဝတ်အစားတွေ မဝတ်ကြဘူးဆိုပြီး အထင်ကြီးသွားစေပါတယ်’’ဟု အလှမယ် အေးချမ်းမိုးက ပြောသည်။
‘‘ဒီနှစ်သင်္ကြန်မှာ ပြောင်းလဲ မှုတွေ အရမ်းများပါတယ်။ ရဲတပ်ဖွဲ့တွေလည်း ပြောင်းလဲလာတယ်။သံချပ်အဖွဲ့တွေလည်း များလာ တယ်။ နောက်ပြီး ရေပက်တဲ့ မိန်း ကလေးတွေကအစ အဝတ်အစား ကို လုံလုံခြုံခြုံ ဝတ်လာတယ်။ ဝတ်တာစားတာ အရင်လို ဟော့ဟော့ရမ်းရမ်း မဖြစ်တော့ဘူးဆိုတာတွေ က အရမ်းကောင်းပါတယ်။ သူတို့ လည်း ပြောင်းလဲချိန်တန်ဖို့ ပြောင်းလဲလာတယ်လို့ ယူဆပါတယ်’’ဟု သာဓုပါဗျာ သံချပ်အဖွဲ့မှ ဦးငြိမ်းချမ်းနိုင်ကပြောသည်။
ပုံရိပ်ကောင်းစတင်တည်ဆောက် လာသော ရဲတပ်ဖွဲ့
သင်္ကြန်မြင်ကွင်းများအနက် သိသာထင်ရှားပြီး လူအများ ချီး ကျူးပြောဆိုလာသည့်အရာမှာ ရဲတပ်ဖွဲ့ဝင်များ၏လုံခြုံရေးဆောင် ရွက်ပေးနေမှုမြင်ကွင်းများပင် ဖြစ် သည်။ ရန်ကုန်အပါအဝင် နိုင်ငံ တစ်ဝန်းမှာပင် ရဲတပ်ဖွဲ့ဝင် များက ရေပက်ခံသူများအား ကူညီပေးနေ သည့် မြင်ကွင်းများက လူမှုကွန်ရက်စာမျက်နှာများပေါ် ချက်ချင်း ပျံ့နှံ့လာခဲ့သည်။
စက်ချို့ယွင်းနေသော ကား များကို ဝိုင်းဝန်းတွန်းပေး၍ ကူညီ ပေးနေသော ရဲတပ်ဖွဲ့ဝင်များ၊ အ ရက်ဘီယာပုလင်းများကို စစ်ဆေး ပြီး ရေသန့်ဘူးများဖြင့် ပလတ်စ တစ်အိတ်များအတွင်းသို့ လဲလှယ် ထည့်ပေးနေသော ရဲများ၊ အရက် မူးလွန်နေသူများကိုလည်း အမူး ပြေစေရန် ကူညီလုပ်ဆောင်ပေး နေသည့် ပုံရိပ်များကြောင့် ရှားရှားပါးပါးပင် ပြည်သူများ၏ ချီးကျူးမှု ပြန်လည်ရရှိလာသည်။
ထို့ကြောင့်ပင် ပဋိပက္ခများ နှင့် ခိုက်ရန်ဖြစ်ပွားမှုများ လျော့နည်းရန်၊ အများပြည်သူဘေးကင်း လုံခြုံစွာ သွားလာနိုင်ရန်အတွက် စေတနာအပြည့်အဝဖြင့် တာဝန် ကျေပွန်ခဲ့ကြသော ယာဉ်ထိန်းရဲ များ၊ လုံခြုံရေးရဲတပ်ဖွဲ့များ အပါ အဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျေးဇူး တင်လွှာ၌ ဖော်ပြထားသည်။
‘‘ဒီနှစ်က ရဲတပ်ဖွဲ့ဝင်ကို လည်း သေသေချာချာ အသိပညာ ပေးပြီးတော့ ပြည်သူကို ဝန်ဆောင် မှုပေးဖို့အတွက် ဆောင်ရွက်ခဲ့တာ ပါ။ ပြည်သူတွေကလည်း ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်ကို နားလည်ပြီးတော့ ပူးပေါင်းပါဝင် လာတာပါ။ ကျွန်တော်တို့က ရှာဖွေစစ်ဆေးတာတွေကို သူတို့က ကြည်ကြည်ဖြူဖြူနဲ့ စစ်ဆေးခံ တယ်။ ကျွန်တော်တို့ရဲ့ လုပ် ဆောင်ချက်တွေကို ပူးပေါင်းပါဝင် လာတယ်။ အရင်နှစ်တွေကလည်း လုံခြုံရေးချတာတော့ ချတာပေါ့။ ဒီနှစ်ကတော့ ပိုပြီး အလေးထား ပြီးတော့ ပြည်သူကို ဝန်ဆောင်မှု ပေးတဲ့ အသွင်နဲ့ လုပ်တာပေါ့။ အမိန့်တွေ၊ အာဏာတွေ၊ ဖမ်းတာ ဆီးတာတွေထက် အသိပညာပေး ပြီးတော့မှ လုပ်တာပေါ့’’ ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူး ကြီး ကျော်ထွဋ်က ပြောသည်။
‘‘ဒီနှစ်သင်္ကြန်မှာ အကြိုက် ဆုံးအရာကတော့ ရဲတွေပဲ။ မဏ္ဍပ်ရှိတဲ့ နေရာတိုင်းမှာ ရဲတွေရှိတယ်။ နောက်ပြီး သူတို့မျက်နှာတွေက လည်း အရင်လို မဟုတ်တော့ဘူး။ အမြဲတမ်း ပြုံးပြနေတယ်။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အထဲမှာ ရဲတွေက ထိပ်ဆုံးက ပါတယ်လို့ မြင် တယ်’’ ဟု သင်္ကြန်အကျနေ့က ပြည်လမ်းသို့ ရေပက်ခံလာသူ ကိုမြင့်သန်းက ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့က တကသကျောင်းသား များ၏ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ဖိတ်ခေါ်ခဲ့သည်အထိ ပြောင်းလဲမှုများတွေ့ခဲ့ရသည်။
‘‘အရင်တုန်းက ရဲတွေက ကျွန်တော်တို့ကို ဖမ်းတယ်။ ကျွန် တော်တို့ကို တရားလိုလုပ်ရတဲ့သူ တွေ၊ အခု ရဲတွေက ကျွန်တော်တို့ကို ဖိတ်ပြီး သံချပ်လာထိုးခိုင်း တယ်။ ဒီအစိုးရ အသစ်နဲ့ အ ဟောင်းကြားလေးအတွင်းမှာ ဖြစ် သွားတဲ့ ကိစ္စနှစ်ခု ဒါဟာ သိသာ လွန်းတဲ့ ပြောင်းလဲမှုတစ်ခုလို့ မြင် တယ်’’ ဟု တကသကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇေ ယျာလွင်က ပြောသည်။
မဏ္ဍပ်များအနီးနှင့် ရေပက်ခံသူ အများစုရှိသော နေရာများတွင် ရဲတပ်ဖွဲ့ဝင်များ ချထားသော ကြောင့် ယခုနှစ်သင်္ကြန်တွင် ခိုက် ရန်ဖြစ်ပွားမှုများ ကြီးကြီးမားမား ဖြစ်ပေါ်ခြင်း မတွေ့ရပေ။ ရဲတပ် ဖွဲ့ဝင်များနှင့်အတူ ယာဉ်ထိန်းရဲ များကလည်း မဏ္ဍပ်ရှေ့များတွင် ယာဉ်ကြောရှင်းလင်းရေးဆောင် ရွက်ပေးခဲ့သောကြောင့် ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဆိုးရွားစွာ မဖြစ်ပေါ် ခဲ့ပေ။
၂၀၁၆ ရန်ကုန်သင်္ကြန်တွင် ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲများအပါအဝင် ရဲလုံခြုံရေး အင်အား ရှစ်ထောင်ကျော် ချထားပေးခဲ့ကြောင်း ရန်ကုန်တိုင်းလုံခြုံ ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။
သံချပ်များ မြိုင်မြိုင်ဆိုင်ဆိုင်
၂၀၁၆ ရန်ကုန်သင်္ကြန်တွင် သံချပ်စာသားများ စိစစ်ရေး တင် စရာမလိုဘဲ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်စေလိုသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်သစ်က ပြောဆိုထားသည့် အတိုင်း သံချပ်သံများ မြိုင်ဆိုင်ခဲ့ သည်။ သံချပ်ပြိုင်ပွဲမဏ္ဍပ်များ၊ လှည့်လည်ဖျော်ဖြေသော သံချပ်အဖွဲ့များနှင့် သံချပ်သင်္ကြန် ဖြစ်ခဲ့သောနှစ်ပင် ဖြစ်သည်။ တစ်နှစ်မှ မြင်တွေ့ရခြင်းမရှိသော နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ပေးဆပ်သူများ သံချပ်အဖွဲ့နှင့် တကသ ကျောင်းသားများ၏ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့တို့ကို ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်တွင် လာရောက် တင်ဆက်ခွင့်ရသည်ထိ ဖြစ်ပေါ်ခဲ့သော နှစ်ဖြစ်သည်။
ထို့အပြင် အကျဉ်းထောင်မှ လွတ်မြောက်လာသော တကသ ကျောင်းသားများ၏ ဒေါင်းတို့မျိုး ဆက်သံချပ်အဖွဲ့သည် ရန်ကုန်မြို့ အနှံ့ လိုက်လံဖျော်ဖြေခဲ့ပြီး ရဲစခန်းများအထိပါ လိုက်လံဖျော်ဖြေပေး ခဲ့ကြသည်။
‘‘ဒီနှစ်သင်္ကြန်မှာ သံချပ်ကား တွေများလာတယ်။ စုဝေးမဏ္ဍပ်တွေ များလာတယ်။ နောက်ပြီး ယိမ်းအဖွဲ့တွေ များလာတယ်။ အ လှပြကားတွေ များလာတယ်။ အဲ ဒါတွေက ရန်ကုန်သင်္ကြန်ကို အကောင်းဘက်ကို ဦးတည်စေတယ်ပေါ့။ မဏ္ဍပ်အကြီးတွေထိုး အနောက်တိုင်းတေးဂီတတွေနဲ့ ခုန်ပေါက် ကခုန် အဲဒီလိုဖြစ်နေတဲ့ ပုံစံကနေ ညလုံးပေါက် သံချပ် တွေထိုး၊ ယိမ်းအဖွဲ့တွေနဲ့ ညလုံး ပေါက် ဆုပေးမဏ္ဍပ်တွေမှာ လူ တွေ စည်ကားနေတဲ့ ရန်ကုန် သင်္ကြန်ကို ပြန်ရောက်ဖို့အတွက် ဒီ နှစ်သင်္ကြန်က ပထမဆုံးခြေလှမ်း လို့ မြင်တယ်’’ဟု တကသကျောင်း သားခေါင်းဆောင် ကိုဇေယျာလွင် က ပြောသည်။
‘‘သံချပ်အဖွဲ့က များလေ ကောင်းလေပဲ။ သံချပ်ဆိုတာ အစိုးရရဲ့ တစ်နှစ်လုံး ကောင်းတာ၊ ဆိုးတာတွေကို ဖော်ထုတ်ပြောပြတာ ပေါ့။ ပြည်သူတွေရဲ့ ဟစ်တိုင်လို မျိုးပေါ့။ သံချပ်အဖွဲ့တွေများလေ ပြည်သူတွေရဲ့ စကားသံတွေများ များ ထွက်လေပေါ့’’ဟု သာဓုပါ ဗျာ သံချပ်အဖွဲ့မှ ဦးငြိမ်းချမ်းနိုင် က ပြောသည်။
ရန်ကုန်သင်္ကြန်တွင် တကသ ကျောင်းသားများ၏ ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့၊ နာရေးကူညီ မှုအသင်း(ရန်ကုန်)၏ ပေးဆပ်သူများ သံချပ်အဖွဲ့တို့အပြင် နာမည် ကြီး သံချပ်အဖွဲ့များ ဖြစ်သော သာဓုပါဗျာ။ အွန်လိုင်းလေထန် ကုန်း၊ မောင်မောင်ဆိုလေ ထီးရိုးရှည်နှင့် အပ္ပမာဒေနသမ္မာဒေထ စသည့် သံချပ်အဖွဲ့များအပါအ၀င် အဖွဲ့ ၂၀ ခန့် ရှိခဲ့သည်။
စတုဒိသာ အလှူများပေါများ
ရန်ကုန်သင်္ကြန် မြင်ကွင်းများ အနက် သိသာ ထင်ရှားသည့် မြင် ကွင်းတစ်ခုမှာ ရပ်ကွက်များအတွင်း စတုဒိသာ မဏ္ဍပ်များပင် ဖြစ်သည်။ အုန်းလက်မဏ္ဍပ်များ များပြားလာခြင်းနှင့်အတူ စတုဒိ သာများ ကျွေးမွေးလာခြင်း ဖြစ် သည်။ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းမှသည် ထမင်းဟင်းလျာများထိ ကျွေးမွေးမှု များပြားသည်။ အရပ်လေးမျက်နှာမှ လာရောက်ကြသူများအား ကျွေးမွေးခြင်းဟူသည့် မြန်မာတို့၏ ချစ်စဖွယ်ဓလေ့ တစ်ခုဖြစ်သော စတုဒိသာ မဏ္ဍပ်လေးများသည် ယမန်နှစ်များကထက် အများအပြားပေါ်ပေါက် လာခဲ့သည်။
‘‘စတုဒိသာတွေ အရမ်းကျွေး ကြတယ်ပေါ့။ အရင်နှစ်တွေကလည်း သင်္ကြန်ဆိုရင် ကျွေးကြ တာများပါတယ်။ ဒါပေမဲ့ ဒီနှစ်က ပိုပြီးတော့ ကျွေးကြတာလို့ မြင် တယ်။ လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာလည်း မြင်နေရတယ်။ ဘယ် နေရာမှာ စတုဒိသာ ကျွေးနေတယ် ပေါ့။ နောက်ပြီး ထမင်းကျွေးတာ ကအစ တော်တော်လေး တွေ့ရပါတယ်။ မဏ္ဍပ်တွေလည်း စတုဒိသာ မဏ္ဍပ်ဆိုပြီး လုပ်ကြတာ တော်တော်လေးပျော်စရာ ကောင်းပါတယ်’’ဟု အလှမယ်အေးချမ်းမိုး က ပြောသည်။
‘‘အုန်းလက်မဏ္ဍပ်တွေ များလာတာနဲ့ စတုဒိသာတွေ ကျွေးတဲ့ သူ များလာတာနဲ့လည်း ဆိုင်မယ်။ လမ်းတိုင်းလိုလိုမှာ စတုဒိသာ ကျွေးတဲ့သူတွေ ရှိတယ်။ တချို့လမ်းတွေက လမ်းအလိုက် ကျွေးတာရှိသလို တချို့ကျတော့လည်း မိသားစုအလိုက် ကျွေးတာ ရှိတယ်။ မနက်ပိုင်းတင်မဟုတ်ဘဲ ညနေပိုင်းတွေမှာ ကျွေးတာတွေ ရှိလာတယ်’’ဟု အင်းစိန်လမ်းမ၌ သင်္ကြန်ငါးရက်စလုံး စတုဒိသာ ကျွေးမွေးသူ ဦးသန်းနိုင်က ပြောသည်။
မှုခင်းဖြစ်ပွားမှုလျော့နည်းလာတဲ့ ရန်ကုန်သင်္ကြန်
၂၀၁၆ ရန်ကုန်သင်္ကြန်သည် ယခင်နှစ်များထက် မှုခင်းအရေအတွက် လျော့နည်းလာခဲ့ပြီး သင်္ကြန် နှင့် ပတ်သက်သည့် သေဆုံးသူ တစ်ဦးသာ ရှိခဲ့သည်။
သင်္ကြန်တွင်းဖြစ်ပွားခဲ့သည့် အမှုပေါင်း ၆၉ မှုရှိရာ ခိုက်ရန်ဖြစ်ပွားမှု ရှစ်မှုရှိခဲ့သည်။ ယင်းခိုက်ရန် ဖြစ်ပွားမှုကြောင့် ၁၂ ဦးသာ ဒဏ် ရာရရှိခဲ့သည်။ ရန်ကုန် သင်္ကြန် တွင်း ဖြစ်ပွားမှုအများဆုံး မှုခင်း မှာ ခါးပိုက်နှိုက်မှုသာဖြစ်ပြီး ၄၂ မှုထိ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ထားသည်။
‘‘ဒီနှစ်က မှုခင်းတွေ နည်းလာတယ်လို့ ပြောရမယ်။ ဒီနှစ်က များသောအားဖြင့် ခါးပိုက်နှိုက် ပေါ့။ ခါးပိုက်နှိုက်တွေက ဖမ်းဆီး ရမိတာတွေ တော်တော်များပါတယ်။ အရပ်ဝတ်တွေနဲ့ မဏ္ဍပ်တွေထဲမှာလည်း လွှတ်ထားတာ ရှိတယ်လေ။ အဲဒီအဖွဲ့တွေက နာမည်ရှိတဲ့ ခါးပိုက်နှိုက်တွေကို စောင့်ကြည့်ပြီး ဖမ်းဆီးရတာပေါ့’’ ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ကျော်ထွဋ်က ပြောကြားသည်။
‘‘အရင်နှစ်သင်္ကြန်က မူးယစ် ရမ်းကားမှု ခြောက်မှု ရှိခဲ့တယ်။ ဒီနှစ်မှာ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးသူ အရေအတွက်လည်း နည်းသွားပါတယ်’’ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲမှူးပြည့်စုံက ပြောကြားသည်။
၂၀၁၅ သင်္ကြန်ကာလအတွင်း သင်္ကြန်နှင့် သက်ဆိုင်သော အမှုပေါင်း ခုနစ်ဆယ်ထိ ဖြစ်ပွား ခဲ့ပြီး သေဆုံးသူသုံးဦးနှင့် ဒဏ်ရာရသူ ခြောက်ဆယ့်ကိုးဦး ရှိခဲ့သည်။
ငြိမ်းချမ်း / 7day
Sign up here with your email
ConversionConversion EmoticonEmoticon