ထိုင်းနိုင်ငံတွင် အပြင်းအထန် တိုက်ခိုက်မှုတစ်ခုနှင့် ကြုံခဲ့သည့် ဗြိတိန်မိသားစုအနေဖြင့် ထိုင်းသို့ နောက်တစ်ခေါက် လုံးဝသွားရောက်တော့မည်မဟုတ်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆွန်ခရန်ပွဲတော်ကာလအတွင်း ဧပြီ ၁၃ ရက်က ဗြိတိန်မိသားစုတစ်ခုကို ထိုင်းလူရမ်းကားများက မေ့မြောသွားသည်အထိ တိုက်ခိုက်သော မှတ်တမ်းဗီဒီယိုသည် အင်တာနက်တွင် လူပြောများသည့် ကိစ္စတစ်ခု ဖြစ်လာသည်။
ထိုအချိန်က မိခင်ဖခင်နှစ်ဦးနှင့်အတူ ကိုယ်တိုင်ပါ တိုက်ခိုက်မှုကြုံခဲ့သည့် လီဝစ်အိုဝင်က မိမိသည် မိဘများနှင့်အတူ အားလပ်ရက် အပန်းဖြေခရီးအဖြစ် ထိုင်းသို့ သွားရောက်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။ စင်ကာပူတွင် Graphic ဒီဇိုင်နာအလုပ်အတွက် ရောက်ရှိ နေထိုင်သည့် အိုဝင်က ဟွာဟင်းတွင် ဆွန်ခရန်ပွဲတော်ကို သွားရောက်ဆင်နွှဲရင်း မိမိတို့ မိသားစုကို ထိုင်းလူရမ်းကားများက တိုက်ခိုက်ခဲ့ခြင်းဟု ဖွင့်ဟခဲ့သည်။
လုံခြုံရေးကင်မရာ မှတ်တမ်းများအရ အိုဝင်သည် ဒေသခံတစ်ဦးနှင့် မတော်တဆ ပခုံးချင်းတိုက်မိချိန်၌ ထိုသူက ပုလင်းဖြင့်ရိုက်သဖြင့် အိုဝင် လဲကျသွားသည်။ ယင်းကိစ္စအတွက် အိုဝင်၏မိဘများက ကန့်ကွက်ရာ ထိုသူ၏ အပေါင်းအပါများပါ ပါဝင်လာပြီး ဗြိတိန်သား သုံးဦးစလုံးကို ရက်ရက်စက်စက် ဝိုင်းဝန်းထိုးနှက် ကန်ကျောက်ခဲ့ကြသည်။ အိုဝင်တို့ဘက်မှ ဝင်ရောက်ကူညီရန် ကြိုးစားသူတစ်ဦးကိုလည်း အုံလိုက်ကျင်းလိုက် ရန်ပြုတိုက်ခိုက်ခဲ့ကြသည်ကို တွေ့ရသည်။ လူရမ်းကားများ ထွက်ခွာသွားမှ လမ်းပေါ်လဲနေသည့် အိုဝင်တို့ကို အခြားသော ထိုင်းနိုင်ငံသားများက ထူမပေးကာ ဝိုင်းဝန်းကူညီခဲ့ကြသည်။
ယင်းဗီဒီယိုသည် ယခုအခါ အင်တာနက်တွင်ပျံ့နှံ့နေပြီး ထိုင်းလူရမ်းကားများ၏ စရိုက်ကြမ်းတမ်းမှုကို စက်ဆုပ်စွာ ဝေဖန်မှုများ ထွက်ပေါ်လာသည်။ အိုဝင်က “ကျွန်တော် ထိုင်းကို ဘယ်တော့မှ ပြန်မသွားတော့ဘူး။ အဖေနဲ့ အမေလည်း တူတူပါပဲ။ သူတို့ ဘယ်တော့မှ အဲဒီကို နောက်တစ်ခေါက် ပြန်သွားတော့မှာ မဟုတ်ဘူး”ဟု Mirror သို့ ပြောကြားခဲ့သည်။ အိုဝင်၏မိခင်ဖြစ်သူ ရို့စ်မေရီ အိုဝင်သည် လမ်းပေါ်လဲနေရာမှ ပြန်အထတွင် မျက်နှာကို အားပြင်းပြင်းအကန်ခံခဲ့ရသူ ဖြစ်သည်။
အိုဝင်သည် စင်ကာပူသို့ ပြန်ရောက်နေပြီဖြစ်ပြီး ဝေလတွင် နေထိုင်သည့် မိဘများကမူ လာမည့်သီတင်းပတ်တွင်မှ ဗြိတိန်သို့ပြန်ရန် စီစဉ်ထားသည်။ အိုဝင်၏ ဖခင်ဖြစ်သူ လီဝစ်အိုဝင် (စီနီယာ)မှာ မျက်ကွင်းများ အညိုအမည်းစွဲသွားပြီး နဖူးတွင် ၆ ချက် ချုပ်ခဲ့ရသည်။ အိုဝင်ကိုယ်တိုင်မှာမူ ဦးခေါင်းရှိ နေရာ ၃ ခုတွင် ၁၆ ချက်ထိ ချုပ်ခဲ့ရသည်။ အိုဝင်၏မိခင်မှာမူ ဦးနှောက်ရောင်ရမ်းသည့် အခြေအနေထိဖြစ်ခဲ့ရာ ခွဲစိတ်မှုအချို့ကို ခံယူခဲ့ရသည်။ ထို့ကြောင့်လည်း ၎င်းတို့သည် ထိုင်းတွင် ဆက်ရှိနေကြခြင်း ဖြစ်သည်။
အိုဝင်တို့ မိသားစုသည် ထိုင်းသို့ မကြာခဏလာလည်လေ့ရှိသော်လည်း ယခုဖြစ်ရပ်ကြောင့် အရှေ့တောင်အာရှနိုင်ငံသို့ နောက်တစ်ကြိမ်ခြေချရန် လုံးဝစိတ်ကူးမရှိတော့ချေ။ မိမိတို့သည် ဘားတစ်ခုမှအပြန်တွင် လူစိမ်းများက တိုက်ခိုက်ခြင်းဟု အိုဝင်က ဆိုသည်။ “ကျွန်တော် သူတို့နဲ့ မသိပါဘူး။ တကယ့် လူစိမ်းတွေ။ ကျွန်တော် မေ့ပါလဲသွားတယ်။ ဘားက ပြန်လာတယ်ဆိုပေမယ့် ကျွန်တော်တို့ မိသားစု အရက်မသောက်ထားပါဘူး။ အေးအေးလူလူ လမ်းလျှောက်ပြီး ပြန်လာကြတာပါ”ဟု အိုဝင်က ပြောကြားခဲ့သည်။
မှတ်တမ်းဗီဒီယိုကို ပြန်ကြည့်မိချိန်တွင် မိမိတို့ မည်မျှဆိုးဆိုးရွားရွား တိုက်ခိုက်ခံခဲ့ရကြောင်း အသေအချာသိလာပြီး အလွန်တုန်လှုပ်မိကြောင်းလည်း အိုဝင်က ဝန်ခံသည်။ “ကျွန်တော်တို့အားလုံး သတိလစ်ကုန်တာ။ အမေဆိုရင် မျက်နှာမှာအကန်ခံရတယ် ဆိုတာကိုတောင် သတိမရဘဲ ဖြစ်သွားတယ်။ ကျွန်တော့်ခေါင်းကို တက်နင်းသွားတယ်ဆိုတာလည်း အဲဒီတုန်းက မသိလိုက်ဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရအရာရှိ ချိုင်ယာကွန် ဆီရာဒီချိုက လတ်တလောတွင် အမှုနှင့်ဆက်စပ်သူ ၄ ဦးကို ဖမ်းဆီးထားပြီး အပြင်းအထန်နာကျင်စေမှုဖြင့် တရားစွဲဆိုသွားမည်ဟု ပြောဆိုထားသည်။ ထိုင်းကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဌာနတာဝန်ရှိသူ တစ်ဦးကလည်း ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိပါက ထိုင်းနိုင်ငံ၏ဥပဒေအတိုင်း တရားမျှတစွာ စီရင်အပြစ်ပေးနိုင်အောင် အစွမ်းကုန်ကြိုးစားသွားမည်ဟု ကတိပြုထားသည်။
Ref: Mirror / 7day
Sign up here with your email
ConversionConversion EmoticonEmoticon