စူပါမော်ဒယ်တွေနဲ့ လေယာဉ်မယ်တွေဆိုတာ မတူညီတဲ့အလုပ်တွေအဖြစ် ကမ္ဘာတစ်လွှားမှာ သတ်မှတ်ထားပေမယ့် တရုတ်နိုင်ငံမှာတော့ ဒီအလုပ် ၂ ခုက အတူတူပဲဖြစ်ပါတယ်။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ရှင်ဒေါင်းမှမြို့မှာ အထက်တန်းအောင်မြင်ပြီးတဲ့ကျောင်းသူတွေကို မော်ဒယ် ဒါမှမဟုတ် လေယာဉ်မယ်အဖြစ် ရွေးချယ်တဲ့ နှစ်စဉ်ကျင်းပနေကျ ရွေးချယ်ပွဲတစ်ခုရှိပါတယ်။
အထက်တန်းအောင်မြင်ပြီးတဲ့ကျောင်းသူ ၁၀၀၀ ကျော်ဟာ ရေကူးဝတ်စုံ၊ လေယာဉ်မယ်ယူနီဖောင်းတွေဝတ်ဆင်ပြီး ဒီအလုပ် ၂ ခုအတွက် ရွေးချယ်ခံရဖို့စီတန်းလှည့်လည်ရတဲ့ပွဲဟာ ထူးခြားတဲ့ဆွဲဆောင်မှုရှိတဲ့အတွက် ရှင်ဒေါင်းပတ်ဝန်းကျင်မြို့တွေကလည်း လာရောက်ယှဉ်ပြိုင်ကြပါတယ်။
ပါဝင်ယှဉ်ပြိုင်သူတွေဟာ အထက်တန်းအောင်မြင်ပြီးသူတွေဖြစ်ပြီး လာရောက်ကြည့်ရှုသူတွေကတော့ မော်ဒယ်ကျောင်းတွေ၊ လေကြောင်းလေ့ကျင့်ရေးကောလိပ်တွေကပဲ ဖြစ်ပါတယ်။
ဒီပွဲကိုစီစဉ်တဲ့ Oriental Beauty မော်ဒယ်အေဂျင်စီကတော့ အရည်အချင်းရှိသူတွေကို တစ်နေရာတည်းတွေ့မြင်နိုင်ပြီး ပါဝင်ယှဉ်ပြိုင်သူတွေကလည်း သူတို့အတွက်လမ်းကြောင်းကို တစ်နေရာတည်းမှာ တည်ဆောက်နိုင်မယ်လို့ ဆိုပါတယ်။
ပါဝင်ယှဉ်ပြိုင်မယ့်သူတွေကို အနည်းဆုံးအရပ် ၅ ပေ ၆ လက်မလို့သတ်မှတ်ထားပေမယ့် ထူးခြားတဲ့ရုပ်ရည်ရှိသူတွေကိုတော့ ၅ ပေ ၅ လက်မရှိလည်းရတယ်လို့ ခြွင်းချက်ထားသတ်မှတ်ပေးထားကာ ရှင်းသန့်ပြေပြစ်ပြီး အသံချိုသာမှုရှိရမှာဖြစ်သလို အမာရွတ်မရှိသူဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
တရုတ်နိုင်ငံက လေကြောင်းလိုင်းများစွာဟာ လေယာဉ်မယ်လိုအပ်ချက်မြင့်မားတာကြောင့် ဒီပွဲကို အလေးထားစောင့်ကြည့်ကြပြီး လာရောက်ကြည့်ရှုသူတွေ သဘောကျရင် လေယာဉ်မယ်အဖြစ် သင်တန်းတက်ရောက်ခွင့်ရကြတယ်လို့လည်း သိရပါတယ်။
Ref: Daily Mail
ညီမင်းဟန်(ဆန္ဒကူး)
Sign up here with your email
ConversionConversion EmoticonEmoticon