တစ်ခါတုန်းကပေါ့…
ကောင်လေးတစ်ယောက်ဟာ သူ့အဘွားဖြစ်သူစာရေးနေတာကို ကြည့်နေတယ်… နောက်တော့ သူကမေးတယ်….
“ဖွားဖွားက ဘာအကြောင်းရေးနေတာလဲဟင်…. သားရဲ့အကြောင်းရေးနေတာလား…”
သူ့အဘွားက စာရေးတာကိုရပ်ပြီး မြေးဖြစ်သူကို ပြောလိုက်တယ်…
“အင်းဟုတ်တယ်….ဖွားဖွားကသားအကြောင်းကိုရေးနေတယ်လို့ ပြောလို့ရတယ်… ဒါပေမဲ့ ပိုအရေးကြီးတာက ရေးထားတဲ့စာသားတွေထက် ဖွားဖွားသုံးနေတဲ့ခဲတံပဲကွယ့်…သားကြီးလာတဲ့အခါဒီခဲတံကိုကြိုက်လိမ့်မယ်လို့ ဖွားဖွားထင်ပါတယ်…”
ကောင်လေးက စိတ်ဝင်တစားနဲ့ ခဲတံကိုကြည့်တယ်…
သူ့မျက်စိထဲတော့ ဘာမှ မထူးခြားသလိုပါပဲ…
“ဒါပေမဲ့ ဖွားဖွားရဲ့ ခဲတံက သားမြင်ဖူးတဲ့ တခြားခဲတံတွေလိုပဲလေ….”
“ဒါက သားဘယ်လိုကြည့်သလဲဆိုတာပေါ်မှာ မူတည်တယ်ကွယ်…..
အဲ့ဒီခဲတံနဲ့ပတ်သက်ပြီး သင်ခန်းစာငါးခုရှိတယ်…
ဒီသင်ခန်းစာတွေအတိုင်းလိုက်နာပြီးစီမံလုပ်ဆောင်နိုင်မယ်ဆိုရင်သားဟာ လောကကြီးမှာ ပြည့်ဝဆုံးလူသားတစ်ယောက်ဖြစ်လာ မှာပေါ့ကွယ်….”
“ပထမဆုံး သင်ခန်းစာကတော့ ဒီခဲတံလေးနဲ့ ရေးချင်ရာရေးနိုင်သလို သားဘဝမှာလည်းလုပ်ချင်တဲ့အရာတွေကိုစိတ်ကြိုက်ဖန်တီးလုပ်ဆောင်နိုင်စွမ်းရှိပါတယ်…
ဒါပေမဲ့ခဲတံကိုကိုင်ပြီးရေးမယ့်လက်တစ်ချောင်းရှိဖို့လိုသလို သားရဲ့ ခြေလှမ်းတိုင်းကို လမ်းညွှန်ထိန်းကြောင်းပေးမယ့် လက်တစ်စုံလည်းရှိနေတယ်…
အဲ့ဒီလက်ကို ဆန္ဒလို့ခေါ်တယ်ကွယ်…. သားရဲ့စိတ်ဆန္ဒပြင်းပြမှုပေါ်မူတည်ပြီးသားရဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေကလည်း ပိုမိုထိရောက်အောင်မြင်ပါလိမ့်မယ်….”
“ဒုတိယသင်ခန်းစာကတော့ ဖွားဖွားစာရေးတာကို မကြာမကြာရပ်ပြီး ခဲတံကိုပြန်ချွန်ပေးနေရတယ်လေ….
ဒီလိုလုပ်ခြင်းအားဖြင့် ခဲတံက နည်းနည်းတိုသွားမယ်… ဒါပေမဲ့ ပိုချွန်လာမှာပါပဲ…
ဒီလိုပါပဲ သားအနေနဲ့ နာကျင်မှုတွေ ကြေကွဲဝမ်းနည်းမှုတွေကို သည်းခံနိုင်ဖို့ လေ့လာရမယ်…
ဘာကြောင့်လဲဆိုတော့ ဒီနာကျင်ကြေကွဲဝမ်းနည်းမှုတွေက သားကို ပိုတော်တဲ့သူတစ်ယောက်ဖြစ်အောင် ပြုလုပ်ပေးမှာမို့လို့ပဲ… ”
“တတိယသင်ခန်းစာကတော့ တစ်ခုခုမှားရေးမိရင်ဖျက်ဖို့အတွက် ခဲတံမှာ ခဲဖျက်လေးကိုတွဲပေးထားတယ်…
အဓိပ္ပာယ်ကတော့သားပြုလုပ်ထားတဲ့အရာတစ်ခုခုကိုပြန်ပြင်လိုက်ဖို့ဆိုတာ သိပ်ဆိုးရွားတဲ့ အရာမဟုတ်ပါဘူး…
အဲ့ဒီလိုပြင်ဆင်လိုက်ခြင်းအားဖြင့်သားသွားမယ့်လမ်းကြောင်းကနေ သွေဖယ်မသွားအောင် မှန်မှန်ကန်ကန်ထိန်းသိမ်းနိုင်သွားဖို့ ကူညီပေးပါလိမ့်မယ်… ”
“စတုတ္ထ သင်ခန်းစာကတော့ ခဲတံကိုအပြင်ဘက်မှာ သစ်သားနဲ့လုပ်ထားပေမဲ့ အထဲမှာ ခဲသားပါတယ်ဆိုတာပဲ…
ဒါကြောင့် သားရဲ့ စိတ်အတွင်းမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို အမြဲတမ်း ဂရုပြုရမယ်ကွယ့်…..”
“နောက်ဆုံးသင်ခန်းစာကတော့ ခဲတံနဲ့ရေးခြစ်လိုက်တဲ့အခါ တစ်ခုခုကျန်ခဲ့သလိုပါပဲ…
သားဘဝမှာ လုပ်ခဲ့တဲ့အရာတိုင်းဟာ တစ်နေရာရာမှာတော့ စွဲထင်ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်…
ဒါကြောင့် သားရဲ့လုပ်ဆောင်ချက်တိုင်းကို အမြဲသတိရှိနေဖို့ ကြိုးစားရမယ်ကွယ့်…. ”
credit:နှိုင်း ရင့်နွေ(Ref: General knowledge)
Sign up here with your email
ConversionConversion EmoticonEmoticon