အစ္စလာမ္မစ်အစွန်းရောက် နှိမ်နင်းရေး သူလျှိုအယောက် ၁၉၀၀ ငှားရမ်းမည်ဟု ဗြိတိန် ပြော

ဓာတ်ပုံ - ရိုက်တာ
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက အစ္စလာမ္မစ် အစွန်းရောက်တွေကို နှိမ်နင်းရေးအတွက် သူလျှိုအယောက် ၁၉၀၀ ငှားရမ်းမှု အပါအဝင် စီမံကိန်းတွေကို နိုဝင်ဘာ ၁၆ ရက်နေ့က အကြမ်းဖျင်း ဖော်ပြလိုက်ပါတယ်။

ထောက်လှမ်းရေးဝန်ထမ်း ၁၅ ရာခိုင်နှုန်း တိုးမြှင့်ပြီး ဆီးရီးယားကနေ အိုင်အက်စ် စစ်သွေးကြွတွေက အကွက်ချ တိုက်ခိုက်တာကို ကာကွယ်ဖို့ လေကြောင်းလုံခြုံရေး အသုံးစရိတ် ၂ ဆ သုံးစွဲမယ်လို့ ကင်မရွန်းက ပြောပါတယ်။

မနှစ်က ဗြိတိန်မှာ တိုက်ခိုက်မယ့် အလားအလာ ၇ ခုကို ဗြိတိန် ထောက်လှမ်းရေးတွေက ဟန့်တားနိုင်ခဲ့တယ်၊ မျိုးဆက်အလိုက် ရုန်းကန်မှုကို နှိမ်နင်းဖို့ လူအင်အား ပိုလိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ တောင်အာရှနဲ့ အာဖရိကရဲ့ ဆဟာရဒေသတွေမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပညာရှင်ကွန်ရက်ကို တိုးချဲ့ဖို့ ငွေနဲ့ လုံခြုံရေး ထောက်လှမ်းရေးဆိုင်ရာ ဝန်ထမ်းတွေလိုတယ်၊ လက်ခံတဲ့နိုင်ငံတွေနဲ့အတူ လက်တွဲလုပ်ဆောင်မယ်၊ နည်းပညာဆိုင်ရာ အပြောင်းအလဲတွေနဲ့ ယဉ်ပါးတဲ့ ထောက်လှမ်းရေးအဖွဲ့နဲ့ လုပ်ပိုင်ခွင့်ဖြစ်တာ သေချာဖို့ ပိုလိုအပ်တယ်လို့ ကင်မရွန်းက ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်မယ့် ငါးနှစ်တာ ကာကွယ်ရေးနဲ့ လုံခြုံရေး သုံးသပ်ချက် အစိတ်အပိုင်းအဖြစ် MI 5 နဲ့ MI 6 ထောက်လှမ်းရေးအဖွဲ့တွေထဲမှာ အရာရှိ အယောက် ၁၉၀၀ တိုးချဲ့ဖို့ အစိုးရက ငွေထုတ်ပေးမှာ ဖြစ်တယ်လို့ သူက ထပ်ပြောပါတယ်။

ဗြိတိန် အထူးတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည် တိုးမြှင့်ဖို့ ကားတွေ၊ လက်နက်တွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ရင်းနှီးမြှုပ်နှံဖို့ ၂၀၂၀ မှာ အမေရိကန်ဒေါ်လာ ၃ ဘီလျံ သုံးစွဲမယ်လို့လည်း ဆိုပါတယ်။

လေကြောင်းလုံခြုံရေး အစိုးရအသုံးစရိတ်ကို တနှစ်ကို ပေါင်စတာလင် ၉ သန်း သုံးနေရာက လာမယ့် ငါးနှစ်အတွင်း ၂ ဆကျော်သုံးဖို့ စီစဉ်ခဲ့တယ်လို့လည်း ကင်မရွန်းက ပြောပါတယ်။

ဒါ့အပြင် နည်းပညာ သုတေသနနဲ့ ခြိမ်းခြောက်မှုအသစ်တွေကို ထောက်လှမ်းရေးအတွက်လည်း ရန်ပုံငွေ ထောက်ပံ့မယ်လို့ အစိုးရက ပြောခဲ့ပါတယ်။

DVB
Previous
Next Post »
Powered by Blogger.