လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ့်ရဲ့အနာဂတ်အတွက် မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်ကြဖို့ လိုကြောင်း ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်က ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ရွှေရဲ့ အောက်တိုဘာ ၃၁ ရက်နေ့ ပြုလုပ်တဲ့ မဲဆွယ်ဟောပြောပွဲမှာ ချွေးမဖြစ်သူ နန္ဒာလှိုင်က အခုလို ပြောကြားလိုက်တာပါ။
“၂၀၁၅ ရွေးကောက်ပွဲမှာလည်း ကိုယ်ရွေးချယ်မယ့်သူက အခု ဘာတွေလုပ်နေလဲ၊ ဘာတွေလုပ်ခဲ့လဲ၊ နောက်ဘာတွေလုပ်မလဲဆိုတာကို သေသေချာချာ စဉ်းစားပြီးတော့ ရွေးချယ်ဖို့ လိုပါတယ်။ ဒီဒေသကလူတွေ ကိုယ့်ရဲ့ အနာဂတ်အတွက် မှန်ကန်သော အကျိုးကိုတွေးပြီး မှန်ကန်သောအမြင်နဲ့ မှန်ကန်သော ရွေးချယ်မှုကို ရွေးချယ်နိုင်ပါစေ။”
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ရွှေကလည်း တဖက်ပြိုင်ဘက်တွေအနေနဲ့ သူ့ကို ပြိုင်လို့တော့ မရနိုင်ဘူး၊ တိုင်လို့တော့ နိုင်သွားလိမ့်မယ်လို့ ပြောပါတယ်။
“ကျနော်က အစိုးရဆီက ဘတ်ဂျက်မရတောင်မှ ကျနော့်ပိုက်ဆံနဲ့ ခင်ဗျားတို့ကို လုပ်ပေးလို့ရတယ်။ ကျနော် သတင်းကြားတယ်။ ကျပ်သိန်း ၁၀၀ ထက်ကျော်လို့ တိုင်မယ်ဆိုပြီးတော့။ ကျနော့်ကို ပြိုင်လို့တော့ မနိုင်ပါဘူး။ တိုင်ရင်တော့ နိုင်သွားလိမ့်မယ်။ အဲတော့ ကျနော် ရှုံးစရာအကြောင်းလည်း မရှိပါဘူး။”
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးဝင်းမြင့်က ရွေးကောက်ပွဲမှာ မျှော်လင့်ထားသလို ရလဒ်မျိုး ဖြစ်မလာခဲ့ရင်လည်း ဒီမိုကရေစီလမ်းစဉ်အတိုင်း လက်ခံသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“မျှော်မှန်းတာထက် မရဘူးဆိုတာလည်း ရှိနိုင်ပါတယ်။ အနိုင်ရှိသလို အရှုံးရှိတာပေါ့။ အရှုံးရှိတော့လည်း အနိုင်ရတဲ့ပါတီကို ကျနော်တို့က အားပေးမှာပဲ။ ဒါဟာ ဒီမိုကရေစီရဲ့ ကျင့်စဉ်နည်းလမ်းဖြစ်တဲ့အတွက်ကြောင့် ၀မ်းသာကြည်နူးစွာနဲ့ အားပေးမှာပါ။”
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်ကနေ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော်အသီးသီးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
သတင်းရုပ်သံ – သိုက်ဇင် / DVB
Sign up here with your email
ConversionConversion EmoticonEmoticon