သရုပ်ဆောင် မော်ဒယ် အေးချမ်းမြတ်မိုး သေဆုံးခဲ့သည်မှာ ယခုဆိုလျှင် တစ်နှစ်ကျော်ကာလသို့တိုင် ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သို့သော် ယနေ့ကာလအထိ သူ့ကို သတ်ခဲ့သည့် တရားခံဘယ်သူ၊ ဘယ်ဝါ ဖြစ်ကြောင်း တရားရုံး၏ အဆုံးအဖြတ်ကတော့ အပြီးသတ်ချိန်ထိ ရောက်ရှိမလာသေးပေ။
လက်ရှိတွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ခရိုင်တရားသူကြီး တရားခွင်ရုံးတွင် မော်ဒယ် အေးချမ်းမြတ်မိုး သေဆုံးမှုနှင့် ပတ်သက်ပြီး တရားခံဟု စွပ်စွဲထားသူ အံ့ဖြိုးပိုင်အား ရုံးထုတ်စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိနေဆဲ ဖြစ်ကာ အံ့ဖြိုးပိုင်မှ တရားရုံးသို့ ကိုယ်တိုင်ထွက်ဆိုသည့် ထွက်ဆိုချက်များ အပေါ်နှင့် တရားရုံး၏ အချိန်ကြာမြင့်စွာ စစ်ဆေးနေမှုများကို အေးချမ်းမြတ်မိုး၏ မိသားစုဝင်များက ပဟေဠိများစွာဖြင့် အံ့သြလို့နေသည်။
ဘယ်သူ့ဓားလဲ
အနောက်ပိုင်းခရိုင် တရားရုံး ခရိုင်တရားသူကြီး တရားခွင်ရုံး၌ သြဂုတ်လ ၂၇ ရက် နံနက်ပိုင်းတွင် အံ့ဖြိုးပိုင်က ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကိုယ်တိုင်ထွက်ဆိုမှုများ ပြုလုပ်ခဲ့သည်။
”အံ့ဖြိုးပိုင် ထွက်ဆိုတဲ့အထဲမှာ သမီးရဲ့ လက်ထဲက ကိုင်ထားတဲ့ ဓားကို ဆွဲလုလို့ လည်ပင်းကို ထိတယ်လို့ ပြောထားတယ်။ ဓားက ယောက်ျားကိုင်ဆောင်တဲ့ ဓားပုံစံမျိုးဖြစ်တယ်။ မိသားစုဝင်တွေက သမီးကို ဓားလည်းမပေးထားဘူး။ အဲ့ဒီနေ့က MRTV 4ပွဲ ရှိလို့သွားတဲ့အတွက် ဓားပေးထားခြင်းမျိုးလည်း မရှိပါဘူး"ဟု ဦးဝဏ္ဏက ပြောသည်။
မိခင်ဖြစ်သူမှ အေးချမ်းမြတ်မိုး သေဆုံးသည်နှင့် ပတ်သက်ပြီး ကျန်ရှိနေသည့် သားနှင့်သမီးကို မိမိကိုယ်ကိုယ် ကာကွယ်ရန် အတွက် ဓားပေးဆောင်သင့်လျှင် ပေးဆောင်ရမည်ဟု ပြောဆိုခဲ့မှု အပေါ် တစ်ဖက်မှ အဆိုပါ စကားအား ထောက်ပြပြီး ထွက်ဆိုခဲ့ခြင်း ဖြစ်ကြောင်းကို အေးချမ်းမြတ်မိုး၏ မိခင်ဖြစ်သူက ပြောသည်။
တရားခွင်ပေါ်က ဟန်းစတား
လူသတ်တရားခံဟု စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်မှ အိမ်မွေး တိရိစ္ဆာန် ဟန်းစတားအား အေးချမ်းမြတ်မိုးက လက်ဆောင်အဖြစ် ပေးခဲ့သည့် ဗီဒီယိုအား တရားရုံးသို့ တင်သွင်းခဲ့သည်။ ထို့အပြင် အခင်းမဖြစ်ပွားမီ အချိန်၌ အေးချမ်းမြတ်မိုးမှ အရေးကြီးကိစ္စ ပြောဆိုရန်အတွက် ညနေ ၆နာရီအတွင်း တွေ့ဆုံရန်အတွက် မက်ဆေ့ခ်ျပို့ထားကြောင်း။ ၄င်းမက်ဆေ့ခ်ျအား တွေ့ရှိသည့် အတွက် ချိန်းဆိုသည့် နေရာအား ရောက်ရှိသွားသည့် အချိန်တွင် လက်ထဲ၌ ဖုန်းတစ်လုံးသာပါကြောင်း လှေကားခြေရင်းသို့ ရောက်ရှိချိန်တွင် အေးချမ်းမြတ်မိုးက မက်ဆေ့ခ်ျ ပို့ထားတာ မတွေ့ဘူးလားဟု မေး၍ သူငယ်ချင်းနှင့် စကားပြောနေ၍ သတိမထားမိကြောင်း အရေးကြီး စကားအဖြစ် အေးချမ်းမြတ်မိုးက တခြားတစ်ဦးနှင့် အိမ်ကစေ့စပ် ပေးတော့မည် ဖြစ်ကြောင်း တစ်ဦး နှင့်တစ်ဦး သမီးရည်းစား အဖြစ်မှ ရပ်စဲကြောင်း ပြောဆိုသည့်အပေါ် အံ့ဖြိုးပိုင်မှ ထိုစကားများအပေါ် မယုံကြည်ကြောင်း၊ စီစဉ်ပေးမည့်သူအား အတိအကျ ပြောရန်ပြောခဲ့သည်။ အေးချမ်းမြတ်မိုးက စိတ်ညစ်သည်ဟုဆိုကာ အိတ်ထဲမှ ဓားကိုထုတ်၍ လည်ပင်းဖြတ်မည့်ပုံစံ လုပ်သဖြင့် ၄င်းကစိုးရိမ်ပြီး မော်ဒယ် အေးချမ်းမြတ်မိုး၏ ဓားကို ဆွဲလုရာမှ လည်ပင်းအား ဓားထိသွားကြောင်း။ ဓားအား ဆွဲလုသောကြောင့် ဓားမှာ၎င်း၏ လက်ထဲသို့ ပါလာကြောင်း အေးချမ်းမြတ်မိုးက ၄င်းကို သွားတော့သွားတော့ဟု ပြောဆိုခဲ့ခြင်းကြောင့် အိမ်ဖက်သို့ ထွက်လာကာ မည်သူ့ကိုမှ သတိမထားမိခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
"ကျွန်မသမီးက ဟန်းစတား အိမ်မွေးတိရိစ္ဆာန်လေး မွေးချင်တော့ ကျွန်မကိုယ်တိုင် ရေကျော်ဈေးမှာ လိုက်ဝယ်ပေးဖူးတယ်။ သူဟန်းစတား လိုချင်တဲ့ အချိန်က ၁၂ နှစ်၊ ၁၃ နှစ်အရွယ်ပဲ ရှိသေးတယ်။ ကိုးတန်းအောင်တော့ ၁၀တန်းရောက်တဲ့ အချိန်မှာ သမီးလည်း စာကျက်ရမယ်။ အမေလည်း မကြည့်နိုင်ဘူးဆိုပြီး ဟန်းစတားလေးတွေကို အသိမိတ်ဆွေ တစ်ယောက်ကို ခြင်းတွေကအစ အကုန်ပေးခဲ့ဖူးတယ်။ သမီးဟန်းစတား ချစ်တာကိုသိလို့ မွေးနေ့ လက်ဆောင်ပေးတယ်ဆိုပြီး သူဟာသူ ဗီဒီယိုတွေရိုက်ပြီး တရားခွင်ကို တင်တာဖြစ်တယ်"ဟု အေးချမ်းမြတ်မိုး မိခင်ဖြစ်သူမှ ပြောသည်။
မက်ဆေ့တွေကို မြို့နယ်မှူး သိပါတယ်
တရားခံဟု စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်ထံသို့ အေးချမ်းမြတ်မိုးက ဖုန်းမှတစ်ဆင့် မက်ဆေ့ခ်ျပို့ခဲ့သည်ဟု ထွက်ဆိုခဲ့သည့်အပေါ် ဖခင်ဖြစ်သူမှလည်း "ဖုန်းထဲကို စာပို့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မြို့နယ်မှူးကို မေးလို့ရပါတယ်။ အံ့ဖြိုးပိုင် ပို့ထားတဲ့ မက်ဆေ့ခ်ျတွေက အများကြီး သမီးက ပြန်ကို မပြောချင်တဲ့ အတွက် ပြန်ကိုမပြောထားဘူး။ အံ့ဖြိုးပိုင်ကို စာပြန်လား မပြန်လားဆိုတာ မြို့နယ်မှူး ကိုယ်တိုင် ဖွင့်ကြည့်ပြီးပါပြီ။ သူ့အပေါ် စိတ်ဝင်စားမှု ရှိမရှိဆိုတာ မက်ဆေ့ခ်ျကို ကြည့်ရင်သိနိုင်တယ်။ ဒဂုံမြို့နယ် မြို့နယ်မှူးကို မေးကြည့်ရင် သိနိုင်ပါတယ်"ဟု ဆက်လက်ရှင်းပြသည်။
ထွက်ဆိုချက်များ ကွဲလွဲနေ
အံ့ဖြိုးပိုင် အနေဖြင့် စမ်းချောင်းမြို့မ ရဲစခန်းတွင် ထွက်ဆိုရာ၌ အေးချမ်းမြတ်မိုး ပြန်လာချိန်တွင် လူငယ်တစ်ဦး၏ ကားပေါ်မှ ဆင်းလာသည်ကို တွေ့ရှိခဲ့ရသည့် အတွက် ၄င်းစိတ်ထဲတွင် ဒေါသစိတ် ထွက်ပေါ်ခဲ့ပြီး အေးချမ်းမြတ်မိုး၏ နောက်မှ ပြေးလိုက်ပြီး ဓားဖြင့် ဗိုက်အား လှမ်းထိုးခဲ့ကြောင်း သို့သော်လည်း ၄င်းကိုင်ဆောင်ထားသည့်ဓားက မောင်းတံပြန် မကျသောကြောင့် ဗိုက်အား မထိဘဲ လက်အားထိုးမိခဲ့ခြင်း ဖြစ်ကြောင်း အေးချမ်းမြတ်မိုး၏ အနောက်မှဖက်၍ လည်ပင်းအား ထပ်မံ ထိုးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။
"ရဲစခန်းမှာ စစ်ဆေးတဲ့ အချိန်မှာ သူဟာသူ ဖြောင့်ချက်တွေ ပေးခဲ့တယ်။ ထွက်ဆိုချက်တွေက သူထိုးပါတယ်လို့ ထွက်ဆိုထားတယ်။ နောက်ဆုံး သူ့ရဲ့ဓားကို မြို့နယ်မှူးက မဖွင့်တက်လို့တောင် သူကိုယ်တိုင် ဖွင့်ပြခဲ့ရသေးတယ်။ အခုတရားရုံးမှာ ထွက်ဆိုတာက သမီးရဲ့ဓားဆိုတော့ တရားရုံး ထွက်ဆိုချက်တွေက ရဲစခန်း ထွက်ဆိုချက်တွေနဲ့ ကွဲလွဲနေတယ်"ဟု ဖခင်ဖြစ်သူ ဦးဝဏ္ဏက သုံးသပ်ပြသည်။
မော်ဒယ် အေးချမ်းမြတ်မိုး အနေဖြင့် အသက် ၁၉နှစ်အရွယ်သာ ရှိသေးကြောင်း ထို့အပြင် ပညာရေး မပြီးဆုံးသေးသည့် အတွက် မည်သူ တစ်ဦး တစ်ယောက်နှင့်မျှ စေ့စပ်ကြောင်းလမ်းထားခြင်း မရှိကြောင်းကိုလည်း ၄င်းက ဆက်လက်ရှင်းပြသည်။
ယခုကဲ့သို့ မဟုတ်မမှန် ပြောဆိုနေခြင်းသည် သေဆုံးသွားသူ အပေါ် ထပ်မံ၍ ဂုဏ်သိက္ခာအား ကျဆင်းစေရန် ရည်ရွယ်ပြီး ပြောဆိုနေခြင်း ဖြစ်ကြောင်း၊ အမှန်တကယ် ချစ်မြတ်နိုးသည့် ယောင်္ကျား ဖြစ်ပါက လူအများရှေ့တွင် အမှားအား ၀န်ခံနိုင်ရမည်ဟု ၄င်းက ဆက်လက်ပြောသည်။
ဥပေဒရဲ့ အားနည်းချက်လား
"ကျွန်တော့်သမီး ဆုံးတာက ၂၀၁၄ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ ဆုံးခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်သွားပြီ။ သတ်သွားတဲ့သူကိုလည်း တစ်နှာရီ အတွင်းမှာ မိရဲ့သားနဲ့ အခုချိန်ထိ အမိန့်ချမှတ်နိုင်ခြင်း မရှိသေးဘူး။ သက်သေအဖြစ် ဆရာဝန် နှစ်ယောက်ကို စစ်ဆေးဖို့ တင်သွင်းတဲ့ အခါမှာ ဆရာဝန် တစ်ယောက်ကို တစ်လနှုန်းနဲ့ စောင့်ရတယ်။ နှစ်ယောက်ဆိုတော့ နှစ်လဖြစ်သွားတယ်။ ကျွန်တော်က ဘာ့ကြောင့် ဆရာဝန်တွေ မလာတာလည်း သွားမေးတော့ ဆရာဝန်တွေက သမ္မာန်စာတွေ နောက်ကျလို့ မလာနိုင်ဘူး။ အဲ့မှာလည်း အချိန်တွေ ကြာခဲ့တယ်။ အမှုကို အချိန်တွေ ဆွဲနေတယ်လို့ ကျွန်တော်တော့ မြင်တယ်"ဟု အေးချမ်းမြတ်မိုး၏ ဖခင်ဖြစ်သူ ဦးဝဏ္ဏက ဆိုသည်။
လက်ရှိတွင် တရားခံဟု စွပ်စွဲထားသူများဘက်မှ အံ့ဖြိုးပိုင်အား စစ်ဆေးနေသည်မှာ ရုံးချိန်နှစ်ကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ၄င်း၏ထွက်ဆိုချက်သည်လည်း ယခုအချိန်ထိ မပြီးသေးကြောင်း။ အံ့ဖြိုးပိုင်ဘက်မှ တရားခံပြ သက်သေအဖြစ် ၂၀ဦးခန့် ထပ်မံတင်သွင်းမည်ဖြစ်ကြောင်း။ ထိုသို့တင်သွင်းပါက အမှုမှာ ထပ်မံ ရှည်ကြာသွားမည်ဖြစ်ကြောင်း ဦးဝဏ္ဏက ထပ်မံ ပြောသည်။
"နာရီပိုင်း အတွင်း မိတဲ့အမှုကို စစ်တာလည်း တစ်နှစ်ကြာသွားပြီး နောက်ထပ် တရားခံတွေ ထပ်သွင်းမယ်ဆိုရင် သုံးလလေးလလောက် ကြာဦးမယ် ဒီလိုမျိုး သွားနေမယ်ဆိုရင် နိုင်ငံတော်ရဲ့ တရားဥပဒေ စိုးမိုးမှုဟာ အရမ်း အားနည်းနေတယ်လို့ ထင်တယ်။ တရားသူကြီးတွေကို ပြောချင်တာက ကိုယ့်သားသမီး အသတ်ခံရလို့ အမှုစစ်ဆေးတဲ့ အချိန်မှာ ဘယ်လို စစ်ဆေးမလဲ။ ဘယ်လိုခံစားရမလဲ ဆိုတာကို ပြောချင်ပါတယ်။ ဒီလို အချိန်ကြာနေတာဟာ ဥပဒေရဲ့ အားနည်းမှုလား တကယ်ပဲ မအားလပ်လို့ အချိန်တွေ ကျန့်ကြာနေတာလား ဆိုတားလားတော့ မပြောတတ်ဘူး"ဟု ဦးဝဏ္ဏကပြောသည်။
ဇာတ်သိမ်းခန်းကိုမျှော်
အေးချမ်းမြတ်မိုး အသတ်ခံရသည့်အမှု ဖြစ်ပွားပြီး လေးလကြာသည့် အချိန်ခန့်၌ နာမည်ကြီး သရုပ်ဆောင် တစ်ဦး၏ လူသတ်မှု ဖြစ်ပွားခဲ့ကာ အဆိုပါ အမှုအား ယခုအချိန်တွင် အမိန့်ချမှတ် ပြီးစီးခဲ့ပြီ ဖြစ်သည်။
မော်ဒယ် အေးချမ်းမြတ်မိုး သေဆုံးရခြင်း နောက်ကွယ်မှာတော့ မပြီးဆုံးသေးသည့် ဇာတ်လမ်းရှည်ကြီး အဖြစ် တရားခံ ဖော်ထုတ်ရရှိရေး ကြိုးပမ်းက အချိန်အားဖြင့် တစ်နှစ်ကျော် ကာလကို ရောက်ရှိခဲ့ပြီဖြစ်ပြီး တရားလိုများဘက်က တရားခံကို အမြန်ဆုံး ဖော်ထုတ် အပြစ်ပေးနိုင်ရေး၊ စစ်မှန်သော တရားစီရင်ရေးဖြင့် အမှန်တရားကို ဖော်ထုတ်ပေးနိုင်ရေး အတွက် ဆန္ဒပြင်းပြလျက် ရှိနေပြီ ဖြစ်သည်။ တရားရုံးဘက် ကလည်း တရားခံအမှန်ကို ဖော်ထုတ် အပြစ်ပေးနိုင်ရေး တရားခံဟု ယူဆထားသူ အံ့ဖြိုးပိုင်အား လာမည့်ရုံးချိန်းများတွင် ဆက်လက် စစ်ဆေးသွားဖို့ ရှိနေကြောင်း သိရသည်။
အခုချိန်မှာတော့ မော်ဒယ် အေးချမ်းမြတ်မိုး သေဆုံးရခြင်း နောက်ကွယ်တွင် ထပ်မံ ရှည်ကြာ လာနိုင်မည့် ဇာတ်လမ်းရှည် ဘယ်အချိန်မှာ အဆုံးသတ်နိုင်မည် ဆိုတာ မသိနိုင်သေးသလို မည်သို့မည်ပုံ အမိန့်ချမည်ဆိုသည်မှာလည်း စိတ်ဝင်စားစရာကောင်းလို့နေသည်။
ဇေယျာ - Tomorrow Journal
Sign up here with your email
ConversionConversion EmoticonEmoticon