ဆီကို ရေလိုချိုးခဲ့သော မြန်မာ။ ယခု ဆီကိုလည်း ရေမချိုးနိုင်၊ ဆေးရိုးလည်း မီးမလှုံနိုင်သော ကပ်ဆိုက်ခဲ့လေပြီ။ ဘိုးဘေးအစဉ်အဆက်ကတည်းက စားသုံးခဲ့သော ပဲဆီ၊ နှမ်းဆီ စစ်စစ်နေရာမှာ ရောင်းတန်းဝင် အရောအနှောဆီများ နေရာယူလာချိန် အိမ်ရှင်မများလည်း ဆီကို ရေလိုမချိုးနိုင်တော့ချေ။ သောက်သုံးရေသန့် စစ်စစ်ရှားသလို၊ စားသုံးဆီသန့် စစ်စစ်လည်း ရှားနေသည်။
မကြာသေးမီကလည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စားအုန်းဆီနှင့် စားသုံးဆီ အရောများကို မြေပဲဆီသန့်အဖြစ် ရောင်းချနေသော ဆီအမှတ်တံဆိပ် ၁၀ ခုကို တရားဝင် ကြေညာသွားခဲ့သည်။ ထူးခြားသည်က ရုပ်သံမီဒီယာမှာ ယခင်က ကြော်ငြာဖူးသော မြေပဲဆီတံဆိပ်တစ်ခု ပါဝင်နေတာ တွေ့ရသည်။ ယင်းအချက်ကပင် စားသုံးသူများအတွက် သံသယတိုးစရာ “သို့လော သို့သော မေးခွန်းများ” ထပ်မံထွက်ပေါ်လာခြင်း ဖြစ်သည်။
ပြောကုန်ကြပြီ
မြေပဲဆီ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဦးဇင်လင်းဦး ကိုယ်တိုင် ပြည်တွင်းရှိ မြေပဲဆီအများစုမှာ စားသုံးသူ ဝယ်ယူနိုင်သော ဈေးနှုန်းပေါ် မူတည်ပြီး အရောအနှောများ ထည့်သွင်းရောင်းချကြကြောင်း ဖွင့်ဟခဲ့ခြင်းက အရောအနှောဆီအရေး ဖောက်သည်ချစရာ ဖြစ်လာသည်။
“ဒီဈေးကွက်က ဈေးဝယ်သူနဲ့ ရောင်းသူနဲ့ကြားက နားလည်မှုတစ်ခု အနေနဲ့ ပေါ်လာတဲ့ ဈေးကွက်တစ်ခုလို့ ပြောလို့ရတယ်” ဟု ၎င်းက ဆိုသည်။
ရှေးမြန်မာများက ဆီကို ကြိတ်ဆုံမှာ ကိုယ်တိုင်ကြိတ် စားသုံးမှ ကျေနပ်ကြသော လူမျိုးများ ဖြစ်ခဲ့ကြသည်။ ခေတ်အဆက်ဆက် လူဦးရေနှင့် နေထိုင်မှုပုံစံ ပြောင်းလဲလာပြီး နောက်ပိုင်းမှာ ဆီစက်လုပ်ငန်းများက ခေတ်ကောင်းတစ်ခေတ် ဖြစ်လာခဲ့သည်။ သို့သော် ပြည်တွင်းစားသုံးဆီ လုံလောက်မှု မရှိသည့်အခါ ပြည်ပမှ စားသုံးဆီမျိုးစုံကို ကုန်သွယ်လမ်းကြောင်းမျိုးစုံမှ တစ်ဆင့် တင်သွင်းခဲ့ရပြီး လက်ရှိအချိန်တွင် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ ဝယ်ယူတင်သွင်းလျက် ရှိသည်။
ယခင်က ပဲ၊ နှမ်းဆီကိုသာ စားခဲ့သော မြန်မာများက ပြည်ပမှ တင်သွင်းသော စားအုန်းဆီ၊ ဟင်းရွက်ဆီ၊ ပဲပိစပ်ဆီနှင့် နေကြာဆီတို့ကို ပြောင်းလဲသုံးစွဲရာမှ တစ်ဆင့် ပြည်တွင်းစားသုံးဆီ ဈေးကွက်ကို အသာစီးနှင့် ယှဉ်ပြိုင်လာခဲ့သည်။
ဤကား ရောဆီအရေးတော်ပုံ၏ နိဒါန်းအစပျိုး ဖြစ်ပါသည်။
ရောဆီ မြစ်ဖျားခံရာ
အိန္ဒိယနိုင်ငံတွင် ယမုံနာ ကုသိုလ်ဖြစ် ဆေးခန်းတည်ထောင်ထားသူ ဒေါက်တာတင့်ဆွေက မြန်မာနိုင်ငံတွင် ရောဆီဈေးကွက်သည် ဆိုရှယ်လစ်လမ်းစဉ် ကာလကတည်းက စတင်ပေါ်ပေါက်နေပြီ ဖြစ်ကြောင်း ပြောကြားဖူးသည်။
ယခင်တုန်းက ပဲဆီထဲ နှမ်းဆီရောသည်။ ယခုနှမ်းဆီနှင့် မလုံလောက်တော့ဘဲ တခြားစားသုံးဆီများ ထပ်ရောလာသည်။ အချို့က ဝက်ဆီ၊ အမဲဆီကဲ့သို့ တိရစ္ဆာန်ဆီများ ရောနှောကြသလို၊ အချို့က ပြန်ကြော်ဆီကို ရောနှောကြကြောင်း စားသုံးသူ အသိုင်းအဝိုင်းတွင် တစ်ဆင့်စကား တစ်ဆင့်နား ပြန့်နှံ့လျက်ရှိသည်။
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက် ဈေးများတွင် မြေပဲဆီကို ဟင်းရွက်ဆီ၊ စားအုန်းဆီများနှင့် ရောနှောပြီး ပဲရိုး (မြေပဲဆီရိုးရိုး)၊ ပဲရိုးရှယ် (မြေပဲဆီရှယ်) အဖြစ် တစ်ပိဿာကို ကျပ်နှစ်ထောင်ကျော်မှ ကျပ်လေးထောင် ကျော်အထိ ရောင်းချနေသော ဈေးကွက်လည်း ရှိသေးသည်။ အချို့က ရောနှောရုံတင်မကဘဲ စားအုန်းဆီကို မြေပဲဆီသန့်ဟု လိမ်လည်ရောင်းချခြင်းလည်း ရှိသည်။ စားအုန်းဆီကို ပဲဆီပြောင်းဖို့က များစွာခက်ခဲလှသော ကိစ္စမဟုတ်ပါ။ ပဲဆီအနံ့ ဘူးတစ်ဘူးသာ လိုအပ်လေသည်။
သြဂုတ်လအတွင်း FDA ထုတ်ပြန်ခဲ့သောစာရင်းတွင် စားအုန်းဆီကို ပဲဆီသန့်အဖြစ် တုပရောင်းချနေသော တံဆိပ်လေးမျိုး ပါဝင်ကြောင်း သိရသည်။ ယင်းက FDA က လက်လှမ်းမီရာ စစ်ဆေးထားသော ဆီတံဆိပ် စာရင်းသာ ရှိသေးသည်။ ဈေးကွက်အတွင်း အရည်အသွေး မစိစစ်ရသေးသော တစ်နိုင်တစ်ပိုင် မြေပဲဆီလုပ်ငန်း မြောက်မြားစွာ ကျန်ရှိနေသေးသည်။
ယင်းကြောင့်ပင် အိမ်ထောင်ရှင်မတိုင်းက ရောဆီ၊ မြေပဲဆီတုနှင့် မမိရေးအတွက် ကိုယ်ပိုင်အသိနှင့်သာ ဆုံးဖြတ်ဝယ်ယူရသည်။ ဆုံးဖြတ်ရွေးချယ်ရန်ပင် ခေါင်းခဲစရာ။
“ပဲဆီအသန့်ရဖို့က ရှားလည်းရှားတယ်။ ဈေးလည်းကြီးတာကိုး။ စားအုန်းဆီကျတော့ မစားရဲလို့ ဈေးလည်းသင့်တဲ့၊ ခဲလည်းမခဲတဲ့ ဟင်းရွက်ဆီလေး ရှာကြံသုံးရတာပေါ့” ဟု ရန်ကုန်မြို့နေ အိမ်ထောင်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်အေးက ဆိုသည်။
ဆီကို ရေချိုးသော နိုင်ငံ
မြန်မာနိုင်ငံတွင် စားအုန်းဆီ တင်သွင်းခြင်းကို မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များ အသင်းနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က အဓိက လုပ်ကိုင်ကြသည်။ ဥပဒေအရ မည်သူမဆို စားအုန်းဆီ တင်သွင်းခွင့် ရှိသော်လည်း အဓိက လုပ်ကိုင်နေကြသူများမှာ အစိုးရနှင့် နီးစပ်သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသော လုပ်ငန်းရှင်ကြီးများသာ ဖြစ်သည်။
စားအုန်းဆီ တင်သွင်းဖြန့်ဖြူးခြင်းကို မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များ အသင်းနှင့် MEC က အဓိက ချုပ်ကိုင်ထားကြသည်။ ပြည်တွင်းဖြန့်ဖြူးရောင်းချသူတို့က ၎င်းတို့ထံမှတစ်ဆင့် ဝယ်ယူကြရသည်။
လူဦးရေ ၅၁ သန်းကျော်သာ ရှိသော မြန်မာနိုင်ငံ၏ စားအုန်းဆီ တင်သွင်းနှုန်းသည် နှစ်စဉ် တန်သုံးသိန်းခွဲကျော်မှ လေးသိန်းကျော်အထိ ရှိခြင်းက အကောင်းဘက် ဦးတည်သော လက္ခဏာ မဟုတ်ချေ။
ဆီလုပ်ငန်းရှင်များ၏ ပြောကြားချက်များအရ လူတစ်ဦးချင်းစီသည် တစ်နှစ်လျှင် ဆီခြောက်ပိဿာ ဝန်းကျင် စားသုံးကြောင်း သိရှိရသည်။
ယင်းအပြင် ပြည်တွင်းသို့ တင်သွင်းသော တန်ချိန် ၄၀,၀၀၀ ဝန်းကျင်သည် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်း တစ်ခုတည်းက တင်သွင်းသော အရေအတွက်ဖြစ်ပြီး MEC တင်သွင်းမှု မပါဝင်သေးချေ။ MEC ၏ တင်သွင်းမှု မည်ရွေ့မည်မျှ ရှိသည်ကို “စာရင်းမရှိ” ဟု မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဆန်းလင်းက ဆိုသည်။
စားအုန်းဆီကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အများဆုံးတင်သွင်းပြီး အခြားစားသုံးဆီ ဘူးများကိုလည်း ထိုင်း-မြန်မာနယ်စပ်၊ တရုတ်-မြန်မာနယ်စပ်မှ မြန်မာနိုင်ငံတွင်းသို့ စာရင်းမဲ့ အလျှိုလျှို တင်သွင်းလျက်ရှိသည်။
ဤမျှလူဦးရေသာ ရှိသော နိုင်ငံက ဆီကို ရေလိုဆက်သုံးနေပြီဆိုလျှင် နောက်ဆက်တွဲ မည်သို့ ကြုံတွေ့လာမည်လော တွေးတောစရာ ရှိလာသည်။
စိုးရိမ်မှတ် ရေချိန်
တကယ်တော့ ဆီသုံးစွဲမှုများသော မြန်မာနိုင်ငံသားများအတွက် နောက်ဆက်တွဲ ဆိုးကျိုးများက ယခုချိန်တည်းက စတင်မြင်နေရပါပြီ။
မြို့ပြနေ လူတန်းစားများတွင် သွေးတိုးနှင့် ဆီးချိုရောဂါ ဖြစ်ပွားနှုန်း သိသိသာသာ မြင့်တက်လာနေပြီး မြန်မာနိုင်ငံရှိ လက်ရှိလူဦးရေ၏ ၃၅ ရာခိုင်နှုန်းမှာ သွေးတိုးရောဂါ ခံစားနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဆီးချိုသွေးချို ရောဂါကာကွယ် ထိန်းသိမ်းရေး စီမံချက် မန်နေဂျာ ဒေါက်တာတင့်ဆွေလတ်က ၂၀၁၄ ခုနှစ်က သတိပေး ပြောကြားထားသည်။ လက်ရှိတွင် အသက် ၄၀ မှ ၆၀ ကြား အလုပ်လုပ်နိုင်သော အရွယ်၌ သွေးတိုးနှင့် ဆီးချိုရောဂါ ဖြစ်ပွားနှုန်း များနေကြောင်း ကျန်းမာရေး စစ်တမ်းများအရ သိရသည်။
ယခင်က မြို့ပြလူထုတွင်သာ အဖြစ်များသော သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါများသည် ဆီအတု ပြဿနာများကြောင့် ကျေးလက်ဒေသတွင် ဖြစ်ပွားနှုန်း တရိပ်ရိပ် မြင့်တက်နေပြီ ဖြစ်ကြောင်း တောင်တွင်းကြီးမြို့ ပြည်သူ့ကျန်းမာရေး ဆရာဝန် ဒေါက်တာကျော်ဆွေက ပြောကြားထားသည်။
စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့သော အခြေအနေ ရောက်နေပါပြီ။ သို့သော် လူထုအတွင်း ဆီသုံးစွဲမှု သိသိသာသာ လျော့ကျလာခြင်း မရှိချေ။ တစ်နှစ်လျှင် စားသုံးဆီ သုံးစွဲနှုန်း တန်ချိန် ခြောက်သိန်းအထိ ရှိနေဆဲဖြစ်သည်။ ယင်းကြောင့် ရောနှောဆီများနှင့် ပတ်သက်၍ ကျန်းမာရေးအရ သတိပြုရမည့် အခြေအနေဖြစ်နေကြောင်း အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ပညာရှင် ဒေါက်တာဦးစိုးမြတ်ထွန်းက ထပ်လောင်းသတိပေးခဲ့ပြန်သည်။
“ဆီကတော့ ဆီပဲ။ ပဲဆီနဲ့ စားအုန်းဆီ သဘာဝချင်းကတော့ မတူဘူး။ သုံးလို့တော့ ရတယ်။ စားလို့တော့ ရတယ်။ ဒါပေမဲ့ ဆီမဟုတ်တဲ့ ဆီဖြစ်နေရင် မကောင်းဘူး” ဟု ၎င်းက သုံးသပ်ပြောကြားသည်။
ပြည့်ဝဆီ အမျိုးအစား စားအုန်းဆီကို မြန်မာနိုင်ငံဘက်က စားသုံးဆီအဖြစ် မှာယူသုံးစွဲနေသလို တရုတ်၊ အိန္ဒိယ၊ အာဖရိကနှင့် ဥရောပနိုင်ငံတို့တွင် လက်ရှိအချိန်ထိ တန်ချိန်သန်းနှင့်ချီ တင်သွင်းနေဆဲ ဖြစ်သည်။ ဆိုလိုသည်က မြန်မာနိုင်ငံမှာ စားသုံးဆီကြောင့် ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နေခြင်းသည် စားအုန်းဆီကြောင့်ချည်းပဲလား၊ စားအုန်းဆီကို သုံးစွဲနည်းလမ်းမကျခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်နေခြင်းလော သုံးသပ်ချိန်တန်ပေပြီ။
“စားအုန်းဆီမှာလည်း စက်မှုလုပ်ငန်းတွေမှာ သုံးတဲ့ စားအုန်းဆီခဲတွေကို သုံးတာရှိတယ်။ အကြော်ခံဆီလို့ ခေါ်တဲ့ မြောင်းဆီတွေ သုံးနေတာတွေ ရှိတယ်။ ဒါတွေကြောင့် စားသုံးသူတွေက ယုံကြည်မှု လျော့လာတာလို့ ပြောလို့ရတယ်” ဟု ဒေါက်တာကျော်ဆွေက ပြောကြားသည်။
သိမ်ကြီးဈေးလို နေရာမျိုးတွင်ပင် အနံ့အတုပေါင်းများစွာ၊ ဆိုးဆေးပေါင်းများစွာ အလွယ်တကူ ဝယ်ယူရရှိနေခြင်းကလည်း တစ်နိုင်တစ်ပိုင် ပဲဆီအတု၊ အရည်အသွေးနိမ့် စားအုန်းဆီများ ထွက်ပေါ်ရန် လမ်းကြောင်းပေးသလို ဖြစ်နေသည်။
ပြည်တွင်းက ၉၀ ရာခိုင်နှုန်းသော ဆီစက်များ မလည်ပတ်နိုင်သေးဘဲ ဈေးကွက်ထဲတွင် မြေပဲဆီသန့်များ ဖောဖောသီသီ တွေ့ရှိနေခြင်းက မည်သူတို့တွင် တာဝန်ရှိနေမှန်း အဖြေရှာရတော့မည်။
ဝိသမလောဘ
နောက်ဆုံးအဖြေက ဝိသမလောဘ တစ်ခုကြောင့်သာ အဖြေထွက်လာခဲ့သည်။
ပြန်ကြော်ဆီကို မည်းနက်နေသည်အထိ အကြိမ်ကြိမ်သုံးစွဲခြင်း၊ အရည်အသွေးနိမ့် ရောဆီများကို စားသောက်ကုန်လုပ်ငန်းတွင် သုံးစွဲနေခြင်း၊ ရောနှောဆီများကို အနံ့တု၊ အရောင်တုများထည့်ကာ ဆီသန့်စစ်စစ်ဟုဆိုပြီး လိမ်လည်ရောင်းချနေခြင်းတို့ကို မည့်သည့်လောဘ ခေါင်းစဉ်အောက်တွင် ထည့်သွင်းသင့်သနည်း။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကမူ အန္တရာယ်ရှိ စားသောက်ကုန် လုပ်ငန်းလုပ်ကိုင်နေသူများကို အမျိုးသားရန်သူ စာရင်းထဲထည့်ရန် အတိအလင်း ပြောကြားထားသည်။
သို့သော် ရန်သူစာရင်း ထဲထည့်ရုံနှင့် မလုံလောက်သေးပါ။ ရန်သူဆိုလျှင် တိုက်ရမည်။ ယင်းတာဝန်ကို မည်သူ့က ရဲရဲကြီး တာဝန်ယူရဲမည်နည်း။
“ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ တာဝန်လည်း ယူမှာပါ” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးရေးဌာန အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါက်တာသန်းထွဋ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်း နယ်စပ်နှင့် ပင်လယ်ရေကြောင်းမှ တင်သွင်းလာသော စားအုန်းဆီကို ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီဌာနက တာဝန်ယူစစ်ဆေးပြီး FDA ထောက်ခံချက် မရှိဘဲ တင်သွင်းလာသော ဆီများကို ဖမ်းဆီးကြောင်း ယင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွှန့်အောင်က ဆိုသည်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ရောဆီ၊ ဆီအတု အရေးကိစ္စကိုမူ ဖြေရှင်းရန်ကား အဖြေမထွက်သေးချေ။
”တောင်တွင်းကြီး မြို့လေးထဲမှာကို ဆီဆိုင်က ၃၀ လောက်ရှိတာ။ တစ်နိုင်ငံလုံးဆိုရင် ဒါကို FDA က ဘယ်လိုလုပ် လိုက်စစ်နိုင်မလဲ။ ဒါတွေကို ဘယ်လိုမှ ထိန်းချုပ်လို့ မရသေးဘူး” ဟု စားသုံးသူ ကာကွယ်ရေး လှုပ်ရှာနေသူ ဒေါက်တာကျော်ဆွေက သုံးသပ်သည်။
လောဘကြောင့် ဖြစ်လာသော ရောနှောဆီအရေးကို ကြောက်လန့်၍ ၁၄ နှစ် အရွယ်ကတည်းက စားသုံးခဲ့သော စားအုန်းဆီနေရာတွင် လွန်ခဲ့သောနှစ်ကမှ ပဲဆီပြောင်းလဲသုံးစွဲခဲ့သူ အသက် ၄၀ ကျော်အရွယ် အိမ်ထောင်ရှင်မတစ်ဦးဖြစ်သူ ဒေါ်အိအိခိုင်က ယခုကဲ့သို့ ပြောကြားခဲ့သည်။
“ဝက်ဆီတွေ ဘာတွေရောတယ် ဆိုကတည်းက ချက်ချင်းပြောင်းစားပစ်တာ။ ပဲဆီဆိုလည်း နည်းနည်းပဲ စားတော့တယ်။ စားအုန်းဆီဆို လုံးဝမစားတော့ဘူး”
ဆီကိုလည်း ရေလိုချိုးရန်၊ ဆေးရိုးလည်း မီးလှုံရန် မဆိုထားဘိ၊ အသက်ခြွေမည့် ဆီအတုမမိရန် မနည်းရှောင်နေရသည့် ရောရာခေတ် ဖြစ်နေလေပြီ။
Written by လဲ့ရည်မြင့်၊ Contributed by ရဲနိုင်ဦး
thevoicemyanmar

Sign up here with your email
ConversionConversion EmoticonEmoticon