ဘန်ကောက်မြို့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည့် မသင်္ကာသူသည် ထိုင်းနိုင်ငံသို့ ၀င်ရောက်ရန် လာဘ်ထိုးခဲ့


လွန်ခဲ့သည့်လအတွင်းက လူသေဆုံးမှု ဖြစ်ပွားစေခဲ့သော ဘန်ကောက်မြို့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည့် အဓိက မသင်္ကာသူသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၆၀၀ လာဘ်ထိုးခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ ယင်းသည် ထိုင်းနယ်စပ်၌ ခြစားမှုများ ပျံ့နှံ့နေပုံကို မီးမောင်းထိုးပြ လိုက်ခြင်းဖြစ်သည်။

သြဂုတ် ၁၇ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်း ထားသော နိုင်ငံခြားသား နှစ်ဦးအနက် တစ်ဦးဖြစ်သော အဒမ်ကာရာဒက်ကို လွန်ခဲ့သည့်လ အနှောင်းပိုင်းက ဘန်ကောက်မြို့ အရှေ့ပိုင်းရှိ အိမ်ခန်းတစ်ခုတွင် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့က အဆိုပါ နိုင်ငံခြားသားထံတွင် ဗုံးပြုလုပ်သည့် ပစ္စည်းများနှင့် ဒါဇင်နှင့်ချီသော တူရကီပတ်စ်ပို့ အတုများကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်ပြီး ကာရာဒက်၏ အခန်းကဏ္ဍကို ထိုင်းရဲတပ်ဖွဲ့က ရှင်းလင်းပြောကြားခြင်း မရှိသော်လည်း ယခုအခါ ထိုသူ ထိုင်းနိုင်ငံသို့ ၀င်ရောက်လာပုံနှင့် ပတ်သက်၍ ၎င်းတို့ သိရှိထားပြီဟု ပြောကြားခဲ့သည်။

“ပထမလူ (ကာရာဒက်) က သူဟာ ဗီယက်နမ်ကနေ အနီးအနားက နိုင်ငံတစ်နိုင်ငံကို ၀င်ခဲ့ပါတယ်။ အဲဒီနိုင်ငံမှာ ခရီးသွားဖို့ ပိုက်ဆံပေးခဲ့ ရပါတယ်။ အဲဒီနောက် ထိုင်းနယ်စပ်ကို ရောက်တဲ့အခါ နိုင်ငံထဲဝင်ဖို့ သူဟာ အမေရိကန်ဒေါ်လာ ၆၀၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ်” ဟု ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ဆန်ယွတ်ပွန်ပန်မောင်က အိမ်နီးချင်းနိုင်ငံ ဟူသည့် အမည်နှင့် လာဘ်ငွေယူခဲ့သည့် အရာရှိနှင့် ပတ်သက်သော အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မပြုဘဲ သတင်းထောက်များအား ပြောကြားခဲ့သည်။

Credit: Eleven Media
Previous
Next Post »
Powered by Blogger.