ကျောမလုံတော့သော ပြည်သူတို့ဘဝ


အချိန်က ၁၀ နာရီကို စွန်းစွန်းကျော်နေပြီ။ သူနေထိုင်ရာ ကျောက်မြောင်းရပ်ကွက်ကလည်း လူအပြတ်သား။ အနောက်က ထက်ကြပ်မကွာ လိုက်လာသော လူစိမ်းနှစ်ဦးကို မမေခင်ကျော် (အမည်လွှဲ) အစောပိုင်းကတည်းက သတိထားမိနေသည်။ လက်ထဲက စလင်းဘက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ရှေ့တွင် မဝေးတော့သည့် သူ၏ တိုက်ခန်းသို့ တတ်နိုင်သမျှ မြန်မြန်မပြေးရုံတမည် ခပ်သွက်သွက် လျှောက်နေသည်။

တိုက်ခန်းအရှေ့ရောက်ခါနီးမှ မမေခင်ကျော်တစ်ချက်သတိရသည်က အိမ်မှာရှိသည့် အဖေ့ကို တိုက်ခန်းရှေ့တွင် ထွက်ခေါ်ရန်။ ပူထူနေ၍ သူလည်း ဒီလောက်ပဲ စဉ်းစားမိ​၍ အဖေ့ကို ဖုန်းလှမ်း ဆက်ထားသည်။ အဖေကလည်း လာခေါ်မည်ဟုဆိုသည်။ သို့သော် သူနောက်ကျသွားလေပြီ။ ဖုန်းချပြီးသည်နှင့် နောက်မှ ‘‘ဟဲ့...ကောင်မ’’ဆိုသည့် အော်သံနှင့်အတူ ကုပ်ကိုကိုင်၍ နံဘေးရှိ တိုက်နံရံတစ်ခု ကို ဆွဲခေါ်သွားပြီး နံရံနှင့် ထပ်ခါ ထပ်ခါ ဆောင့်ပစ်ခံရသည်။ လဲကျသွားချိန်တွင် ခေါင်းကို တက် နင်းထားပြီး လက်ကိုင်အိတ်နှင့် ဖုန်းကို လုယူသွားခဲ့ကြသည်။

ယခုကဲ့သို့ မမေခင်ကျော် အကြမ်းဖက်လုယက်ခံရသည်မှာ ငါးလအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်သည်။ မေလအတွင်းက တာ မွေမြို့နယ် မင်္ဂလာသိဒ္ဓိလမ်းထောင့်တွင် ဓားဖြင့်ထောက် လုယက်ခံခဲ့ရဖူးသည်။ သြဂုတ် ၂၅ ရက်တွင် ကျောက်မြောင်း၌ ဒုတိယအကြိမ် ထပ်မံဖြစ်ပွားခဲ့သည် ဟု မမေခင်ကျော်၏ဖခင်က ပြောသည်။ သို့သော် ယခုအဖြစ်အပျက်ကတော့ သူတို့ မိသားစုအတွက် ယူကျုံးမရဖွယ်ရာအတိ ဖြစ်ခဲ့ သည်။ ထိုလုယက်မှုနှစ်ခုကြုံပြီးနောက် မမေခင်ကျော်မှာ စိတ်ကစဥ့်ကလျားနှင့် စိတ်မူမမှန်သည့်အခြေအနေ ဖြစ်သွားခဲ့ခြင်းကြောင့်ပင်။ သို့သော် ပြန်ကောင်းရန် မျှော်လင့်ချက်ရှိကြောင်း ဆေးရုံကြီးက ပြောသည်ဟု မမေခင်ကျော်၏ ဖခင်က ၀မ်းနည်းစွာဆိုသည်။

ခေါင်းကို နံရံဖြင့် အချက်ပေါင်းများစွာ အရိုက်ခံခဲ့ရပြီး ခေါင်းကို လေးချက်မျှ ချုပ်လိုက်ရကာ ထိုအရှိန်က မမေခင်ကျော်ကို ယင်းသို့ ဖြစ်သွားစေခဲ့မည်ဟု ယူဆကြောင်း ၎င်းကဆိုသည်။ မမေခင်ကျော်က သူတွေ့ကြုံခဲ့ရသည်များကို စိတ်ပုံမှန်ရှိနေချိန်များတွင် ပြောပြလေ့ရှိပြီး တစ်ခါတစ်ရံတွင်တော့ လုံးဝကိုမေးမရတော့ဘဲ ငို နေလေ့ရှိကြောင်း မမေခင်ကျော် ၏ ဖခင်ကပြောသည်။

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ လာရသည်က ရန်ကုန်မြို့တွင် ခပ် စိပ်စိပ်ဖြစ်ပွားနေသည့် အကြမ်း ဖက်လုယက်မှုများအကြောင်းဖြစ် သည်။ လူမှုကွန်ရက်သုံးစွဲသူများ အချင်းချင်းလည်း အကြမ်းဖက် လုယက်မှုများကို သတိပြုထားကြ ရန်နှင့်ညဘက်အချိန်များ၌ တစ်ဦးတည်းအပြင်မထွက်ကြရန် အချင်း ချင်းသတိပေးမှုများ ပြုလုပ်လာ ကြသည်။ ကိုယ်တိုင်ကြုံခဲ့သူများ ကလည်း အကြမ်းဖက်မှုကြုံတတ် သည့် နေရာများနှင့် ကြုံခဲ့သည့် အ တွေ့အကြုံများကို သတိထားနိုင် ရန် မျှဝေလာကြသည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာသူများတွင် ခိုးဆိုးနှိုက်အများစုပါဝင်လာသည်ဟု ဝေဖန်ပြောကြားမှုများနှင့် အတူ လက်တွေ့တွင်လည်း အများပြည်သူများမှာ နောက်ကျောမလုံသော ခံစားမှုကို ခံစားလာရ ကြောင်း အထက်တန်းရှေ့နေ ဦးဝင်းမော်က ဆိုသည်။

‘‘အခုဖြစ်နေတာက လုယက်နည်းတွေ စုံနေတာပဲ။ အိတ်လု ထွက်ပြေးတယ်။ ရိုက်ပြီးလုတယ်။ အိမ်ပေါ်တက်လုတယ်။ လူရှေ့သူ ရှေ့လည်း လုကြတာပဲ။ လူပြတ်တော့ ပိုဆိုးတယ်။ အဆိုးဆုံးကတော့ လူကြားထဲ ကြောင်တောင်နှိုက်ပြီး ရန်ဖြစ်နေသလိုနဲ့ ပစ္စည်းလုတာမျိုးပဲ’’ဟု ဗဟန်းမြို့နယ်မှ နယ်ထိန်းကိုဝေလွင်က ပြော သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရှစ်လအတွင်း လူသတ်မှု ၁၀၀ ကျော်နှင့် အမှုကြီး ၃၀၀ ခန့် ဖြစ်ပွားခဲ့ကာ လုယက်မှု ၅၀ ခန့်ရှိသည်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးက စာရင်းထုတ်ပြန်ထား သည်။ အဆိုပါ ကိန်းဂဏန်းမှာ ယခင်နှစ် ၂၀၁၄ ကာလတူ ရှစ်လစာရင်းထက် ပိုပိုမြင့်တက်လာပြီး ၂၀၁၄ တွင် ရှစ်လအတွင်း အမှုကြီး ၂၃၀ ကျော်သာရှိခဲ့သည်။

အချို့လုယက်မှုများ၊ အကြမ်းဖက်မှုများမှာ ရဲစခန်းသို့တိုင်တန်းမှုများရှိသော်လည်း အချို့မှာ တော့ ပစ္စည်းအဆုံးခံ၍ ပြီးသွားကြသည်က များကြောင်းနှင့် စာရင်းတွင်မပါဝင်ကြောင်း အထက်တန်းရှေ့နေ ဦးဝင်းမော်ကဆိုသည်။

‘‘ရဲစခန်းသွားတိုင်တော့လည်း ငွေပိုကုန်မယ် ထင်နေကြတယ်။ အလုပ်ရှုပ်တယ် ထင်နေ ကြတယ်။ ဘာပဲဖြစ်ဖြစ် အလုယက်ခံရတာနဲ့ ရဲစခန်းတော့ သွားတိုင်သင့်တယ်’’ဟု ၎င်းက ဆို သည်။

သာမန်ပစ္စည်းလုသည့် လုယက်မှုများကို အခြေခံ၍ ရိုက်နှက်မှု၊ အကြမ်းဖက်မှုများနှင့် လူသတ်မှုများ ပါရှိလာကြပြီး လုယက်မှုများက မိန်းကလေးများနှင့် သက်ကြီးရွယ်အိုများကို ပိုမိုဦးတည်လာကြကြောင်း ၎င်းက ဆက်လက် ပြောသည်။

‘‘ကမ်းနားလမ်းက ကီလီမှတ်တိုင်နားမှာပါ။ တရုတ်တန်းကနေ မုန့်စားပြီးလို့ သူငယ်ချင်းတွေနဲ့ လမ်းခွဲအပြန်မှာ နောက်က ချွတ် ချွတ်လို့ခေါ်ပြီး လှည့်ကြည့်မိတော့ အဲဒီလူက ဓားထောက်ပြီး ငွေတောင်းပါတယ်။ လက်မောင်းကိုလည်း ချုပ်ထားပြီး အော်ရင်ထိုးမယ်ခြိမ်းခြောက်တယ်’’ဟု ဒဂုံမြို့ နယ်အတွင်းရှိ စကားဝါလမ်းတွင် နေထိုင်သော အသက်(၂၀)ကျော် အရွယ် ကျောင်းသူ မအိမွန်အောင် က သြဂုတ် ၃၀ ရက်၌ သူကြုံခဲ့ ရသော အဖြစ်အပျက်ကို ပြန်ပြော ပြသည်။ ‘‘လက်ဝတ်လက်စားလည်းမပါဘူး။ အိတ်ထဲမှာလည်း ငွေနှစ်သောင်းပဲပါတာ။ အကုန်ယူသွားတယ်။ ဖုန်းတော့ မယူသွားဘူး။ တက္ကစီနဲ့ပြန်လာရတယ်’’ဟု ၎င်းကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံဆိုးကို ပြန်မျှသည်။

ထိုကဲ့သို့ ဓားထောက်လုယက်မှုများအပြင် နေ့ခင်းကြောင်တောင် ပစ္စည်းလုယက်မှုများလည်း ရှိလာပြန်သည်။ သိမ်ကြီးဈေးဘီရုံတွင် အရောင်တင်မှုန့်ဝယ်ယူပြီး ပြန်လာသော ၎င်း၏လက်ကိုင်အိတ်ကို လူတစ်ယောက်က ဖျတ်ခနဲလုယူကာ လမ်းကြားများအတွင်း ၀င်ရောက်ပျောက် ကွယ်သွားခဲ့သည်ဟု ပင်မင်းဆေးဆိုးလုပ်ငန်း လုပ်ကိုင်သူ မထွေးထွေးမြင့်က ပြောသည်။


လုယက်မှုများ၊ မှုခင်းများကြောင့် ပြည်သူများဘဝ လုံခြုံမှုနည်းလာသည်။/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

အလားတူပင် တာမွေမြို့ နယ် ဦးချစ်မောင်လမ်းမပေါ်တွင် ၎င်း၏နောက်မှ လူတစ်ယောက် လိုက်လာပြီး ပိုက်ဆံအတင်းတောင်းကာ ကိုယ်ထိလက်ရောက် ရိုက်နှက်တော့မည့် အနေအထား ဖြစ်ခဲ့ပြီးမှ အော်ဟစ်အကူအညီ တောင်းခံ၍ ထွက်ပြေးသွားခဲ့ကြောင်း မအေးမြတ်သူက ပြောကြားသည်။

‘‘အရက်မူးနေတဲ့ပုံစံပါပဲ။ တစ်ထောင်လောက်ပေးဆိုပြီး လိုက်တောင်းတာ။ အိတ်လုနေပါတယ်ဗျို့လို့ အော်လိုက်တော့ လက်ကိုဆောင့်တွန်းပြီး ထွက်ပြေးသွားတယ်။ အရမ်းလည်း မအော်ရဲဘူး။ တစ်ခုခုလုပ်သွားမှာလည်းစိုးတယ်’’ဟု ၎င်းက ပြော သည်။

ထိုကဲ့သို့ လုယက်မှုများ၊ အကြမ်းဖက်မှုများပေါ်ပေါ်ထင်ထင် အတင့်ရဲစွာပြုလုပ်လာခြင်းမှာ လပိုင်းအတွင်းမှာပင် ဖြစ်ပွားနှုန်းမြင့်တက်လာကြောင်း ပြည်သူအများက ဆိုသည်။ မေးမြန်းရသမျှ လူအများစုကလည်း ညအချိန်အပြင်ထွက်ခြင်း၊ တစ်ယောက်တည်းအပြင်သွားခြင်းတို့အပေါ် စိုးရိမ်ထိတ်လန့်လာကြသည်ဟုဆိုသည်။

‘‘တစ်ယောက်နဲ့တစ်ယောက် မယုံတော့ဘူးလေ။ လူကောင်းထက် လူဆိုးက ပိုများနေတော့ အကုန်လုံးကို သတိထားစေချင်ပါ တယ်။ ပစ္စည်းလုခံရတာထက် လူအကြမ်းဖက်ခံရတာ ထိခိုက် တယ်’’ဟု မအိမွန်အောင်ကပြော သည်။

ထို့အပြင် အငှားကားများကို အသုံးပြု၍ လုယက်မှုကျူးလွန်မှု များ ရှိနေခြင်းကလည်း ညဘက် မှောင်အချိန် ခရီးသွားလိုသူများအတွက် ထိတ်လန့်စရာဖြစ်လာပြန် သည်။

‘‘တချို့က ကားသမားဆီက ပြန်လုတယ်။ ဓားထောက်တယ်။ တချို့ကျတော့လည်း ကားသမား ကိုယ်တိုင်က အဖော်ခေါ်လာပြီး ပြန်လုတယ်’’ဟု တက္ကစီယာဉ်မောင်း ကိုမျိုးမင်းသိန်းက ပြော သည်။

စက်တင်ဘာ ၁၆ ရက်က လည်း ခရီးသည်တစ်ဦးက လူပိုတင်လာသော တက္ကစီကို ငှားစီးမိရာ ကားပေါ်ရောက်ချိန်တွင်မှ ကားနောက်ဖုံးထဲမှ လူတစ်ဦး ထွက်လာကာ တက္ကစီယာဉ်မောင်း နှင့် သုံးဦးပေါင်းပြီး ခရီးသည်ကို ရိုက်နှက်ကာ ကျပ်ဆယ်သိန်းကျော်တန် အိုင်ဖုန်းနှင့် ပိုက်ဆံများ လုယူခဲ့ကြသည်။

ထို့နောက် ခရီးသည်ကို ရိုက်နှက်ထိုးကြိတ်ကာ နာနတ်တောခုံးကျော်တံတားအောက် အရောက်တွင် ကားပေါ်မှတွန်းချခဲ့ကြသည်။ ထိုသို့ ထိုးကြိတ်ခံခဲ့ရသဖြင့် ခရီးသည်မှာ နားကောင်းစွာ မကြားရ တော့ဘဲ မျက်စိတွင်လည်း ဒဏ်ရာရရှိခဲ့သည်။

ထိုကဲ့သို့ ကားသမားများက လုယက်သည်သာမက ခရီးသည် လေးငါးယောက်က ကားသမားများကို ပြန်လည်လုယူမှုများလည်း ရှိလာ၍ အချင်းချင်း ယုံကြည်မှု ကင်းမဲ့လာကြကြောင်း ကိုမျိုးမင်းသိန်းက ပြောသည်။

ထို့ပြင် လက်ရှိလုယက်မှုများတွင် မီးပွိုင့်နီ၍ကားရပ်နေချိန်များ၊ ပစ္စည်းဝယ်၍ ကားရပ်နေချိန်များ၌ ကားတံခါးကိုဖွင့်ဝင်ကာ ခပ်တည်တည်ထိုင်ပြီး ဓားထောက်လုယူမှုများ ကြုံတွေ့လာမှုများ ကြောင်း တောင်ဥက္ကလာပမြို့နယ် တွင် နေထိုင်သည့် ကိုအေးစန်းက ပြောသည်။

‘‘ကိုယ်တိုင်ကြုံတာပါ။ ဝေဇယန္တာမီးပွိုင့် ညဘက်လူရှင်းတော့ ကားဘေးနားလာပြီး ရစ်သီ ရစ်သီလုပ်နေတာ။ ကျွန်တော် လည်း ရိပ်မိပြီး ကားလော့ခ်ချလိုက်တာမြန်လို့။ လာဖွင့်တယ်။ ဆွဲဖွင့်လို့မရတော့ လှည့်ထွက်သွားတယ်’’ဟု ၎င်းကဆိုသည်။

‘‘သူက ကားတံခါးဖွင့်ရရင် ဓားနဲ့ထောက်ပြီး ကားမှန်တွေ ချခိုင်းမယ့် သဘောမျိုးပဲ သာမန်လူကလည်း အသိလို့ပဲထင်မယ်လေ သံသယ၀င်မှာမဟုတ်ဘူး’’ဟု ၎င်း က ဆိုသည်။

ထို့ပြင် အမျိုးသမီးငယ်လေးများအနေဖြင့် အပြင်သွားရာတွင်လည်း မျက်လုံးသို့ ဖျန်းပက်၍ တိုက်ခိုက်နိုင်သော ငရုတ်သီးဖျန်း ဆေးဘူးများ ဆောင်ထားသင့် ကြောင်း တိုက်တွန်းလာကြသည်။ အဆိုပါ ဖျန်းဆေးဘူးမှာ တစ်ဖက်လူ၏ မျက်လုံးတည့်တည့်ကို ပက်ဖျန်းရုံဖြင့် နာရီဝက်ခန့် နာကျင်ခံစားစေသည်။ အလွယ်တကူ သယ်သွားနိုင်၍ မိန်းကလေး အသုံးအဆောင်ပစ္စည်း ဆိုင်များတွင် ၀ယ်ယူရရှိနိုင်သည်။

‘‘တစ်ဘူးမှ ငါးထောင်၊ ခြောက်ထောင်နဲ့ ဆောင်ထားသင့်တယ်။ ရစ်သီရစ်သီ လာလုပ်တာ တို့၊ လာလုတာတို့ဆို အိတ်ထဲ ပိုက်ဆံနှိုက်သလိုနဲ့ ဖျန်းပြီးလွတ် အောင်ပြေး’’ဟု ကျောက်တံတား မြို့နယ်မှ Zin အမျိုးသမီးက အသုံးအဆောင်ပစ္စည်း ရောင်းချသူ မဝေသီက အကြံပြုသည်။

ထို့ပြင် မိန်းကလေးများအနေ ဖြင့် တစ်ကိုယ်ရေတိုက်ခိုက်နည်း ပညာများကို အနည်းငယ်တတ် ကျွမ်းအောင် လေ့လာထားသင့်ပြီး သိထားရန် လိုအပ်ကြောင်း တိုက်ကွမ်ဒိုနည်းပြ ဆရာဦးဇော်သက်ဝင်းက ပြောသည်။ ‘‘အင်တာနက်မှာ လေ့လာလို့ရတဲ့ တိုက်ကွက်လေးတွေရှိပါတယ်။ အများကြီးလည်း မလေ့ကျင့်ရဘူး။ လျှပ်တစ်ပြက်နဲ့ မြန်မြန်တိုက်ခိုက်ပြီး ကိုယ်လွတ်ရုန်းနိုင်တယ်’’ဟု ၎င်း က ပြောသည်။

ယောက်ျားလေးများအနေ ဖြင့် တိုက်ခိုက်ခံရမှုနည်းနိုင်သော်လည်း တစ်ကိုယ်ရေလုံခြုံမှုအတွက် ဆင်ခြင်သင့်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

‘‘ယောကျာ်းလေးက စိတ်ကြီးပြီး မခံချင်စိတ်ရှိတော့ ဓားထောက် ငွေတောင်းရင်တောင် တော်ရုံမပေးချင်ကြဘူး။ ဒါက အန္တရာယ်များပါတယ်။ လူမထိခိုက်ဖို့ အဓိကထားပါလို့ပဲ ပြောချင်တယ်’’ဟု ဦးဇော်သက်ဝင်းက ပြောသည်။

ထိုကဲ့သို့ လုယက်မှုများကို ထိန်းချုပ်ရန်လည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အင်အားမလုံ လောက်ကြောင်း ပြောကြားထား ပြီးဖြစ်သည်။ ထို့ပြင် အကြမ်းဖက်သူများကို နှိမ်နင်းသည့် ရဲတပ်ဖွဲ့ အနေနှင့်လည်း အသေအပျောက် နှင့် ထိခိုက်မှုများရှိခြင်းကြောင့် အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် လိုအပ်နေပြီဟု ဝေဖန်မှုများရှိနေ သည်။ ထို့ကြောင့် လုယက်အကြမ်း ဖက်မှုများကို ပြည်သူများအနေဖြင့် မိမိလုံခြုံရေးအတွက် သတိထားရန်လိုအပ်ပြီး မိမိအန္တရာယ်ကို မိမိ ကိုယ်တိုင်သာရှောင်ရန် အချက် များကို သိထားသင့်ကြောင်း တိုက် ကွမ်ဒို နည်းပြဆရာ ဦးဇော်သက်ဝင်းက အကြံပြုပြောကြားသည်။

ရန်ကုန်မြို့အပါအ၀င် နိုင်ငံ တစ်ဝန်းမှာ နေထိုင်သူများက စိုးရိမ်ကြောင့်ကြကင်းပြီး လုံခြုံစိတ်ချစွာ နေထိုင်လိုသဖြင့် လုယက်မှုများ ပပျောက်အောင် ကိုင်တွယ် ဖြေရှင်းပေးရန် တောင့်တလျက်ရှိကြောင်း ပြောဆိုကြသည်။

7day daily
Previous
Next Post »
Powered by Blogger.