ကွင်းအတွင်း ရေမြုပ်ပေမယ့် ဆက်ကစားခဲ့တဲ့ ဘောလုံးပွဲ


ဘရာဇီး ဘောလုံးလောကလို့ ပြောလိုက်ရင် ပီလီ၊ ဆိုကရေးတီး၊ ရိုမာရီယို၊ ရော်နယ်ဒို၊ ရီဗယ်ဒို၊ ရော်နယ်ဒင်ဟိုနဲ့ နေမာ အစရှိတဲ့ ကစားသမားတွေကို ပြေးမြင်မိကြမှာပါ။

သူတို့က ဘောလုံး ကျွမ်းကျင်မှုနဲ့ ပင်ကိုယ် ပါရမီကို ပေါင်းစပ်ပြီး ပြိုင်ဘက်နောက်တန်းတွေကို ကျော်ဖြတ်ပြမှုတွေကလည်း အံ့မခန်းပါ။

ဒါပေမယ့် ဒီလို အမြင်တွေနဲ့ ကွဲပြားစေတဲ့ ပွဲတစ်ပွဲကိုလည်း ဘရာဇီး ဘောလုံးလောကမှာ တွေ့ခဲ့ရပါတယ်။

စနေညက ကစားခဲ့တဲ့ ဘရာဇီး စီးရီးဘီ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အိုစတီနဲ့ ဘိုအာ အက်စ်ပိုတီတို့ရဲ့ ပွဲစဉ်မှာ ဖြစ်ပွားခဲ့တာပါ။

အိုစတီအသင်းရဲ့ အက်စတာဒီယို မြူနီစီပယ် ဒို့စ် အာမာရို့စ် ကွင်းအတွင်း ရေတွေလျှံခဲ့ပေမယ့် ဒိုင်လူကြီးက ပွဲကို ရပ်နားခြင်း မရှိဘဲ ပြီးဆုံးတဲ့အထိ ဆက်လက် ကစားစေခဲ့ပါတယ်။

နှစ်ဖက် ကစားသမားတွေလည်း ရေတွေကို ကျော်လွှားနိုင်ဖို့ အမြောက်ဘောတွေနဲ့ ပြောင်းလဲ ကစားခဲ့ရပါတယ်။

ဒီလို ရေလျှံမှုတွေ အရင်က ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ပရီးမီးယားလိဂ်မှာဆိုရင် ဒိုင်လူကြီးတွေက ပြိုင်ပွဲ အရှိန်မြင့်မားနေချိန်မှာ ပွဲကို ခဏခဏ ရပ်နားတတ်လို့ ပွဲရဲ့ ရသကို ဖျက်ဆီးတယ်လို့ စွပ်စွဲမှုတွေ ရှိတတ်ပါတယ်။

အခုပွဲစဉ်မှာတော့ မကစားသင့်ဘဲ ရပ်နားသင့်တဲ့ အချိန်မှာတောင် ပွဲကို ဆက်လက် ကစားစေတဲ့ ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်ကိုတော့ ဘရာဇီး ဘောလုံးပရိသတ်တွေ နှစ်သက်ကြမလားတော့ မဆိုနိုင်ပါဘူး။

အဆိုပါ ပွဲစဉ်မှာ အိုစတီက နောက်က လိုက်ကစားပြီး ၂-၁နဲ့ အနိုင်ရခဲ့တယ်လို့လည်း သိရပါတယ်။

ကွင်းအတွင်း ရေတွေလျှံလာရတဲ့ အကြောင်းကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

aung sann moe - Planet Myanmar
Previous
Next Post »
Powered by Blogger.