လက်ရှိအချိန်မှာ နယူးကာဆယ် အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ မက္ကလာရင်ရဲ့ ဘဝမှာ မမေ့နိုင်တဲ့ နေ့တစ်နေ့ ရှိခဲ့ပါတယ်။
၂၀၀၇၊ နိုဝင်ဘာ ၂၁ရက်နေ့ပါ။
အဲဒီအချိန်က မက္ကလာရင် အင်္ဂလန် အသင်းကို ကိုင်တွယ်နေတာပါ။
အင်္ဂလန်က အိမ်ကွင်း ဝင်ဘလေမှာ ယူရို ၂၀၀၈ ခြေစစ်ပွဲ ကစားရမှာဖြစ်ပြီး သရေတစ်မှတ် ရရုံနဲ့ ခြေစစ်ပွဲ အောင်မြင်နိုင်မှာပါ။ဒါပေမယ့် တကယ် ညကစားရာမှာ ခရိုအေးရှားက အင်္ဂလန်ကို ၃-၁နဲ့ အနိုင်ရခဲ့လို့ အင်္ဂလန်ရဲ့ ခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရတယ်။
အပြာနဲ့ အနီ နှစ်ရောင်စပ်မှာ အက်ဖ်အေနဲ့ အင်္ဂလန်အသင်း လိုဂိုတွေ ရိုက်နှိပ်ထားတဲ့ ထီးကို ဆောင်းတားတဲ့ မက္ကလာရင်ရဲ့ ပုံရိပ်တွေ အင်္ဂလန်နဲ့ ခရိုအေးရှား ပွဲအပြီး နောက်တစ်နေ့ အင်္ဂလန် မီဒီယာတွေ ထက်မှာ ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီ အချိန်က ခရိုအေးရှား အသင်းကို ကိုင်တွယ်ခဲ့သူက လက်ရှိ ဝက်စ်ဟမ်း နည်းပြ ဖြစ်နေသူ ဘီလစ် ဖြစ်ပါတယ်။ဝင်ဘလေမှာ အလွန်အကျူး အောင်ပွဲခံခဲ့တဲ့ သူ့ရဲ့ဟန်ပန်တွေကလည်း မက္ကလာရင်အတွက်
မမေ့နိုင်စရာ ဖြစ်ကောင်း ဖြစ်နေမှာပါ။
ဒီညမှာ သူတို့၂သင်း မတူညီတဲ့ ကလပ်အသင်း၂သင်းရဲ့ နည်းပြအဖြစ် ပြန်လည် ရင်ဆိုင်ရတော့မှာပါ။
ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်တို့ ပရီးမီးယားလိဂ် ပွဲစဉ်၅ရဲ့ နောက်ဆုံး ပွဲစဉ်အဖြစ် ဒီည ရင်ဆိုင်ကြရတော့မှာပါ။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဘီလစ်က ရှင်းပြခဲ့ပါတယ်။
သူတို့၂ဦး အင်္ဂလန်-ခရိုအေးရှား ပွဲစဉ်အပြီး ပြန်ဆုံတာ အခုအကြိမ်က ပထမဆုံးအကြိမ် မဟုတ်ကြောင်းကိုလည်း ဘီလစ်က အခုလို ရှင်းပြခဲ့ပါတယ်။
ဘီလစ်က ပြောဆိုရာမှာ “ကျွန်တော် ဘီဆစ်တပ်ကို ကိုင်တုန်းက (ပြီးခဲ့တဲ့နှစ်မှာ) ကျူပီအာနဲ့ ဂျာမနိမှာ ရာသကြို ခြေစမ်းပွဲ ကစားခဲ့ပါတယ်၊
ဟယ်ရီ ရက်နက်က ကျူပီအာ နည်းပြပါ၊ ဒါပေမယ့် သူက ဒူးဒဏ်ရာ ခွဲစိပ်မှု ခံယူနေရလို့ မက္ကလာရင်က နည်းပြအဖြစ် တာဝန်ယူခဲ့ရတယ်၊
ကျူပီအာက ၁-၀နဲ့ အနိုင်ရခဲ့တယ်”လို့ ပြောဆိုခဲ့ပါတယ်။
အင်္ဂလန်ကို ဝင်ဘလေမှာ အနိုင်ရတုန်းက ဂုဏ်ယူရတဲ့ အကြောင်းကိုလည်း ဘီလစ်က အခုလို ပြောဆိုပါတယ်။
“ကျွန်တော် အရမ်း ဂုဏ်ယူခဲ့ရတာပေါ့၊ အကြောင်းကတော့ အဲဒီ နိုင်ပွဲက ကျွန်တော်တို့ နိုင်ငံ (ခရိုအေးရှား) အတွက် အကြီးမားဆုံး အောင်ပွဲတစ်ပွဲ ဖြစ်လို့ပါ၊ အင်္ဂလန်က အားကစား မှာသာမက အရာရာမှာပါ အင်အားကြီး နိုင်ငံ တစ်နိုင်ငံပါ၊ ကျွန်တော်တို့လို နိုင်ငံငယ် တစ်ခုအတွက် အင်္ဂလန်အပေါ် ဘောလုံးမှာ အသာရတာပဲ ဖြစ်ဖြစ် ဘတ်စ်ကက်ဘောမှာ အနိုင်ရတာပဲ ဖြစ်ဖြစ် ယူရိုဗီးရှင်း သီချင်းပြိုင်ပွဲမှာ အနိုင်ရတာပဲ

ဖြစ်ဖြစ် ထူခြားတဲ့ အောင်ပွဲ တစ်ခုပါ”လို့ ဘီလစ်က ဆိုပါတယ်။
ဒါပေမယ့် င်္ဘီလစ်က မက္ကလာရင်အပေါ်မှာ လေးစားမှု ရှိကြောင်းလည်း ဆက်ပြီး ပြောပြပါတယ်၊
“ကျွန်တော်နဲ့ မက္ကလာရင်က မိတ်ဆွေတွေ မဟုတ်ဘူးလို့ ပြောလို့ မရပါဘူး၊ နောက်ပိုင်းမှာ သူနဲ့ကျွန်တော် မကြာခဏ ဆုံဖြစ်ပါတယ်၊
သူက အရည်အသွေးရှိသူ တစ်ယောပါ၊ သူက ဘောလုံးလောကမှာ အယဉ်ကျေးဆုံး လူတစ်ယောက်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး၊ အဲဒါကြောင့်လည်း ကျွန်တော် သူ့ကို သဘောကျတာပါ”လို့ ပြောဆိုပါတယ်။
အင်္ဂလန်နဲ့ ခရိုအေးရှား ပွဲစဉ်အပြီး တစ်နာရီလောက် အကြာမှာ ဘီလစ်က အင်္ဂလန်အသင်း အဝတ်လဲခန်းဘက်ကို ထွက်လာခဲ့ပါတယ်။
အင်္ဂလန်အသင်း အဝတ်လဲခန်းက ရေခဲတိုက် တစ်ခုနဲ့တောင် တူနေပါတယ်။ အဝတ်လဲခန်းက တိတ်ဆိတ်ပြီး စိတ်ပျက်ဒေါသထွက်မှုတွေ လွှမ်းမိုးနေပါတယ်။
အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ လမ်းပတ်၊ ဂျရတ်နဲ့ ဘက်ခမ်းတို့က အရှုံးပွဲအတွက် ကိုယ့်ကိုကိုယ် အပြစ်တင်နေကြတာပါ။
အဝတ်လဲခန်းကို တံခါးခေါက်သံကြားလို့ ဖွင့်ပေးတဲ့ အခါမှာ ဘီလစ် ဖြစ်နေတာ တွေ့ရပါတယ်။
သူက အင်္ဂလန် နာမည်ကြီး ကစားသမားတွေရဲ့ အင်္ကျီတွေကို သူ့သားကို လက်ဆောင်ပေးဖို့ လာတောင်းတာပါ။ လီလစ်လည်း မချင့်မရဲနဲ့ လာခဲ့တာပါ။
“အင်္ဂလန်အသင်း ရှုံးပေမယ့် သူတို့ရဲ့ သိက္ခာ အဆင့်အတန်းကို ပြသခဲ့ကြတယ်၊ နောက်နေ့ ဘာဖြစ်မယ်ဆိုတာ ကစားသမား အားလုံး သိနေတာပဲ၊ ဒါပေမယ့် သူတို့ရဲ့လူကြီးလူကောင်းဆန်တဲ့ အပြုအမူကို သူတို့ မပြောင်းလဲခဲ့ပါဘူး၊
“ငါတို့ ရှုံးတယ်၊ မင်း ထွက်သွားတော့”လို့ ပြောတာမျိုး မရှိပါဘူး၊ လူတွေက ဂျရတ်နဲ့ ဘက်ခမ်းကို နှစ်သက်

ကြတယ်၊ သူတို့က လူကြီးလူကောင်း ဆန်ပါတယ်၊ နောက်နေ့ကျရင် တစ်နိုင်ငံလုံးက သူတို့ကို အပြစ်တင်
မယ်ဆိုတာ အားလုံး သိနေကြတာပါ၊
ဒါပေမယ့် သူတို့ ကျွန်တော့်အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်၊ ဒါကြောင့်လည်း သူတို့ကို ကျွန်တော် သဘောကျတာပါ”လို့ ဘီလစ်က ၂၀၀၇တုန်းက အဖြစ်အပျက်ကို ပြန်ပြောင်း ပြောပြပါတယ်။
ဘီလစ်က မက္ကလာရင်အပေါ် စာနာမှု ရှိကြောင်းကိုလည်း ဆက်ပြီး ပြောပါတယ်။
“ကျွန်တော်တို့က အင်္ဂလန်နဲ့ ပွဲ မတိုင်မီ ၃ရက်အလိုတည်းက ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ၊ ဒါကြောင့် ဖိအားပိုနည်းနေခဲ့တယ်၊ ကျွန်တော်တို့လည်း အဲဒီပွဲမှာ သရေတစ်မှတ် ရဖို့ လိုအပ်နေခဲ့မယ်ဆိုရင်

ကျွန်တော်တို့လည်း ပိုပြီး ဖိအားများနေတာပါ၊အင်္ဂလန် ဖြစ်ခဲ့သလိုပေါ့”လို့ ပြောဆိုပါတယ်။
ဒီညမှာတော့ ဘီလစ်နဲ့ မက္ကလာရင်တို့ ပြန်လည် တွေ့ဆုံကြမှာပါ။ဝက်စ်ဟမ်းက အာဆင်နယ်နဲ့ လီဗာပူးတို့ကို အနိုင်ယူထားပြီး ဘုန်းမောက်နဲ့ လက်စတာကို ရှုံးနိမ့်ထားပါတယ်။
နယူးကာဆယ်ကတော့ ဆောက်သမ်တန်နဲ့ မန်ယူကို သရေကစားပြီး ဆွမ်စီးနဲ့ အာဆင်နယ်တို့ကို ရှုံးနိမ့်ထားပါတယ်။
အခုတစ်ကြိမ် ပြန်လည်ဆုံတွေ့ရာမှာ နယူးကာဆယ်က ဝက်စ်ဟမ်းကို အနိုင်ရခဲ့ရင်တောင် ဝင်ဘလေက အဖြစ်အပျက်တွေကို ချေဖျက်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီနည်းပြ၂ယောက် အင်္ဂလန်မြေမှာ ဒုတိယအကြိမ် ပြန်လည်တွေ့ဆုံတဲ့ပွဲကတော့ စိတ်ဝင်စားစရာ ကောင်းနေတာ အသေအချာပါပဲ။
aung sann moe - Planet Myanmar

Sign up here with your email
ConversionConversion EmoticonEmoticon