မြန်မာရေဘေးဒုက္ခသည်တွေအတွက် လိုအပ်ချက်ပြည့်မီဖို့ အမေရိကန် ဒေါ်လာ ၁၂ဒသမ ၃ သန်း အရေးပေါ်အကူအညီ ထပ်လိုနေတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က မေတ္တာရပ်ခံ တောင်းခံလိုက်ပါတယ်။
မြန်မာနိုင်ငံ တ၀န်းလူပေါင်း ၁သန်း ၇ သိန်းလောက် ရေးဘေးဒဏ်ခံစားနေရတာဖြစ်ပြီး WFP အနေနဲ့ လက်ရှိ လူပေါင်း ၄ သိန်းကျော်အတွက် ဆန်ဆီဆားနဲ့ပဲတွေ ဖြန့်ဝေပေးနေတယ်လို့ သြဂုတ် ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
ခုအရေးပေါ် လိုအပ်တဲ့ ဒေါ်လာ ၁၂ သန်းကျော်ဟာ မြန်မာရေးဘေးအတွက် ခုနှစ်ကုန်ပိုင်းအထိ အစားအစာနဲ့ အစာမဟုတ်တဲ့တခြား အကူအညီပေးရေး အစီအစဉ်တွေအတွက် လိုချက် ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၇ သန်း အပြင် ထပ်မံလိုအပ်ချက်ဖြစ်ပါတယ်။
WFP အနေနဲ့ သမ္မတက သဘာဝဘေးသင့်ဒေသတွေအဖြစ်ကြေညာပြီးနောက် ၄၈ နာရီအတွင်း အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေကို သြဂုတ် အစောပိုင်းကတည်းက ပေးအပ်ခဲ့ပြီး အစိုးရနဲ့ ပုဂလိက လေကြောင်းလိုင်းတွေရဲ့ အခမဲ့သယ်ယူပို့ဆောင်ပေးမှုနဲ့ အစားအစာတန်ချိန် ၂၅၀၀ ကျော်ပေးပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလော ရေဘေးသင့်ဒေသတွေဖြစ်တဲ့ စစ်ကိုင်းနဲ့ ပဲခူးတိုင်း၊ ချင်း၊ ကချင်၊ ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်တွေက လူပေါင်း ၄သိန်း ၄ သောင်းကျော်အတွက် အကူညီတွေရောက်အောင် မြန်မာအစိုးရ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ၊ NGOs အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပြီး ရေဘေးသင့်ဒေသတချို့မှာ စားနပ်ရိက္ခာ တလစာရရှိပြီး တချို့နေရာတွေကတော့ တပတ်စာလောက်ပဲရရှိတယ်လို့ WFPက ပြောပါတယ်။
ရေဘေးကူညီမှုတွေဟာ၂၀၁၆ ဇူလိုင်လလောက်ထိ ဆက်လုပ်ရမှာဖြစ်ပေမယ့် စားနပ်ရိက္ခာ လက်ကျန်အကန့် အသတ်နဲ့ရှိနေသလို ရန်ပုံငွေလည်း လိုအပ်နေတာကြောင့် မြန်မာပြည်တွင်း ပုံမှန်ထောက်ပံ့ပေးနေတဲ့ ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေအတွက် အဟာရတိုက်ကျွေးတဲ့ အစီအစဉ်တွေနဲ့ အိတ်ခ်ျအိုင်ဗီနဲ့ တီဘီရောဂါသည်တွေအတွက် အစားအစာ ထောက်ပံ့မှုတွေ ယာယီ ရပ်ဆိုင်းထားခဲ့ရတယ်လို့ဆိုပါတယ်။
တချိန်ထဲမှာလိုပဲ ကချင်၊ ရှမ်းနဲ့ရခိုင်ပြည်နယ်က နေရာမဲ့ဒုက္ခသည်တွေအတွက် အတွက်လည်း ဆန်ကလွဲလို့ တခြား ဆီနဲ့ ဆား စတဲ့ ရိက္ခာထောက်ပံ့ အကူညီပေးမှုတွေ ကို သြဂုတ်လက စတင် လျော့ချ ဖြတ်တောက်ထားတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မြန်မာရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် သြစတြေးလျ၊ ကနေဒါ၊ ချက်၊ ဒိန်းမတ်၊ ဂျာမနီ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေ၊ အမေရိကန်၊ အီးယူနဲ့ အာဆီယံနိုင်ငံ တချို့က ပါဝင်ကူညီ ထောက်ပံ့ပေးနေပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ် အေဒီဘီကတော့ မြန်မာရေဘေးကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃ သန်း အကူအညီပေးဖို့ ကမ်းလှမ်းထားပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon