ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးလို့ ကျွန်တော်တို့တိုင်းပြည်ဟာ ဒုက္ခခံနေရတာပါလို့သုံးသပ်လိုက်တဲ့ အကယ်ဒမီဦးကျော်သူ


ကားရိုက်ခွင့် အပိတ်ခံထားရတဲ့ အကယ်ဒမီကျော်သူက ၈ နှစ်ကြာ ရှုတင်တွေ၊ ဇာတ်လမ်းတွေ၊ ဇာတ်ညွှန်းတွေ ကာရိုက်တာတွေနဲ့အဆက်ပြတ်နေခဲ့ပြီး ပြည်သူလူထုအတွက် အကျိုးရှိတဲ့ ပရဟိတလုပ်ငန်းတွေကို ပါဝင်ကူညီ လုပ်ဆောင်နေရင်း ပြန်ရိုက်ခွင့် အမိန့်ကျလာတဲ့အချိန် မှာ သူရိုက်တဲ့ ဇာတ်ကားတွေဟာ ပြည်သူပရိသတ်အတွက် အကျိုးပြုမဲ့ကားမျိုးတွေထက် သင်ခန်းစာရမဲ့ကားမျိုးကိုပဲ ရွေးချယ်ရိုက်ကူးသွားမယ်လို့ပြောလာပါတယ်။ ဦးကျော်သူနဲ့ သူ့ရဲ့ ဒုတိယဇာတ်ကားကြီးဖြစ်တဲ့ လယ်သမားတွေအတွက် ဂုဏ်ပြုရိုက်ကူးပေးနေတဲ့ ငဘ ရှုတင်မှာတွေ့ဆုံခိုက်

အခုရိုက်နေတဲ့ ကားလေးက အရင်ကကားကို ပြန်ရိုက်တာလို့သိရတယ်။

ဟုတ်ပါတယ်။ ဒါရိုက်တာ ချစ်ခင်ရိုက်ပြီး မင်းသားက အေ၀မ်းညွှန့်မောင် ၊ မင်းသမီးက မြင့်မြင့်ရီ ၊ နောက်မင်းသား တစ်လက်က ကြည်ရွှင်ပေါ့။ လွန်ခဲ့တဲ့ နှစ် ၆၀တုန်းကရိုက်ခဲ့တဲ့ကားကို ပြန်ရိုက်တာပေါ့။

-ဒီကားလေးက ဦးကျော်သူပြန်ရိုက်တဲ့ ကားတွေထဲမှာဆို ဒုတိယကားလေးလဲဖြစ်တယ်။ ဒီကားကိုလက်ခံဖြစ်ပုံလေးကိုပြောပြပေးပါဦး။

ဟုတ်တယ်။ ဒီကားက ဒုတိယမြောက်ကားပါ။ ပထမကားက ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား၊ အခုကားလေးက ငဘပေါ့။ မရိုက်ဖြစ်တာ ၈နှစ်လောက်ရှိပြီ။ အစိုးရက ပိတ်ထားလို့ပေါ့ ။ အခုပြန်ရိုက်ခွင့်ပြုပြီဆိုလို့ရိုက်တာပါ။ တရားဝင်စာနဲ့ပိတ်တာတော့ မဟုတ်ဘူး။ တရားဝင်စာနဲ့ပြန်ခွင့်ပြုတာလဲမဟုတ်ဘူး။ ပြန်မရိုက်ခင်တုန်းကလဲ လာကမ်းလှမ်းတာတွေ ရှိတယ်။ ပြန်ရိုက်ခွင့်ပြုနေပြီလို့ကြားနေပြီ ဆိုတဲ့အချိန်မှာ ဖျော်ဖြေရေး သက်သက်ဇာတ်တွေကို မရိုက်ချင်ဘူး။ ပြည်သူလူထုကို အကျိုးပြုမဲ့ကားမျိုး၊ ပရိသတ်ကို တကယ်သင်ခန်းစာရမဲ့ကားမျိုးကိုပဲ ရိုက်ဖို့ကျွန်တော်ကဆုံးဖြတ်တယ်။ 

အဲ့ဒါကြောင့် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ကားကို ရိုက်ဖြစ်တယ်။ ဆရာကြီး မင်းသိင်္ခရဲ့ဇာတ်လဲဖြစ်တယ်။ သဲူရဲ့ ဖလော်တွေ၊ သူ့ရဲ့ ဒသနတွေ၊သူ့ရဲ့စကားလုံးတွေက ဒီခေတ်အထိအံဝင်ခွင်ကျဖြစ်တယ်။ အင်္ဂလိပ်ခေတ်က ၀တ္ထုပေမဲ့ လေ။ နောက်သုဘရာဇာအပိုင်းလဲဖြစ်တဲ့ အတွက် ကိုယ်နဲ့လဲ အံဝင်တယ်။ ထုတ်လုပ်သူပိုင်းလဲကြည့်တယ်။ ဒါရိုက်တာ အပိုင်းလဲကြည့်တယ်။ သရုပ်ဆောင်တွေလဲ ကြည့်တယ်။ 

ကျွန်တော်နဲ့တွဲနေကျ အနုပညာမောင်နှမတွေဖြစ်တဲ့အတွက် ကျွန်တော်လုပ်ဖြစ်သွားတာပါ။ အခုဒီကားကတော့ ငဘပေါ့။ ဒီငဘက ငယ်ငယ်လေးကတည်းက ကျွန်တော်တို့ရူးသွပ်ခဲ့တဲ့ဇာတ်၊ တောင်သူလယ်သူမားတွေရဲ့ ဘ၀၊ မြန်မာနိုင်ငံရဲ့ကျေးဇူးရှင် ကတောင်သူလယ်သမားပဲ။ ထမင်းစားနေရတာကိုး ။ အဲ့ဒါကြောင့် တောင်သူလယ်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ တောင်သူလယ်သမားတွေကို စာနာတတ်တဲ့ စိတ်ရှိအောင် ဒီဇာတ်ကို ကျွန်တော်လက်ခံဖြစ်ခဲ့တာပါ။

-၈နှစ်ကြာမှ ရှုတင်ပေါ် ပြန်ရောက်တဲ့ စိတ်ခံစားချက်ကဘယ်လိုရှိလဲ။

စက်ပစ္စည်းအသစ်တွေဖြစ်တယ်။ ကျွန်တော်တို့တုန်းကလို ရုပ်ရှင်ကင်မရာ အကြီးကြီးတွေ မဟုတ်တော့ဘူး။ အလေးအပင်ကြီးတွေ မဟုတ်ဘူး။ ပေါ့ပါးမှုရှိတယ်။ သူ့ရဲ့အရည်အသွေးကပိုကောင်းတယ်။ စက်ပစ္စည်း အရည်အသွေးကောင်းသလို ကျွန်တော်တို့အနုပညာရှင်တွေ ဖက်ကလဲ အနုပညာအရည်အသွေးကောင်းဖို့ပဲ လိုတယ်။ သရုပ်ဆောင်တွေကလဲ သရုပ်ဆောင်အရည်အသွေး၊ ဒါရိုက်တာပိုင်းကလဲ ဒါရိုက်တာအရည်အသွေး၊ ထုတ်လုပ်သူပိုင်းကလဲ ထုတ်လုပ်သူ အရည်အသွေး အကုန်အကျ ခံသင့်တဲ့ကားမျိုးဆို အကုန်အကျ ခံရမယ်။ ရုပ်ရှင်ကြည့်ပရိသတ်ကို စေတနာထားမှ ဒီအကျိုးကို ပြန်ခံစား ရမှာ။ ပေါ့ပေါ့လေးလုပ်ရင်တော့ ပေါ့ပေါ့လေးပဲ ဖြစ်မှာပဲ။

-နောက်ထပ်လက်ခံထားတဲ့ ဇာတ်ကားတွေများရှိရင်လဲ သိချင်ပါတယ်။

နောက်တစ်ကားက ဒါရိုက်တာ ၀င်းထွန်းထွန်းရိုက်မဲ့ ၀ိဥာဉ်စိမ်းဆိုတဲ့ ကားကို စက်တင်ဘာမှာ ရိုက်ဖို့လက်ခံထားတယ်။ အဲ့ဒီဟာကတော့ လူတွေရဲ့စိတ်ဓာတ်ကို အယူမသီးအောင်ပြချင်တာပေါ့။ သေပြီးတဲ့အချိန်မှာ မကျွတ်မလွတ်ဖြစ်နေတဲ့ ဘ၀ကို ကျွတ်လွတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြချင်တာ။ ဒီဟာက နာရေးကူညီပိုင်းနဲ့လဲ ဆက်စပ်နေသလို လူတွေရဲ့ သေခြင်းတရားရဲ့နောက်ကွယ် ကဖြစ်တတ်တဲ့ ဟာတွေကိုရိုက်ပြချင်တာပါ။ နောက်ဟာတွေက ဒေါက်တာဆိတ်ဖွားရဲ့ စီးရီး မြိုင်ရာဇာတာတေ ကားရှိမယ်။ နောက်မြကျွန်းသာက မျောက်သုံးကောင်ပေါ့။ ဇာတ်တင်ထားတုန်းပေါ့။ ဇာတ်ကျမှရိုက်ဖြစ်မှာပါ။ ကျွန်တော်က ဆက်တိုက်ရိုက်မှာလဲ မဟုတ်ဘူး။ ကိုယ်အားရင် အားသလို အနုပညာနဲ့ ပြည်သူကို ပြန်အကျိုးပြုချင်လို့လုပ်ဖြစ်တာပါ။

-နာရေးကူညီမှုအသင်းကရော အခုလက်ရှိမှာ ဘယ်လိုလေးသွားဖြစ်နေလဲ။

ကျွန်တော်မရှိလဲ ဆက်လုပ်နေရမှာပါပဲ။ ကျော်သူမရှိလို့၊ ကျော်သူမအားလို့နာရေးလုပ်ငန်းတွေ ရပ်ထားရမယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး။ အခုကတည်းက မှာခဲ့ပြီးပြီ။ ကျော်သူ ၂၂ ရက်နေ့ကနေ ရှေ့လ ၁၅ ရက်နေ့ထိ ကျော်သူ သေသွားပြီလို့သဘောထား ကိုယ့်ဟာကို Run ကျလို့မှာထားတယ်။ အမှုဆောင်အဖွဲ့တွေ၊ အုပ်ချုပ်ရေး အဖွဲ့တွေသူတို့ဟာသူတို့လှုပ်ရှားနေပါတယ်။

-လက်ရှိ နိုင်ငံရေးအပေါ် ဦးကျော်သူရဲ့ အမြင်လေးလဲသိချင်ပါတယ်။

နိုင်ငံရေးကတော့ အခုကျွန်တော်တို့ ခံစားနေရတဲ့ တွေ့ကြုံနေရတဲ့ ပြည်သူလူထုခံစားမှုတွေက ကျွန်တော်တို့အတိတ်က လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ပစ္စုပ္ပန်မှာခံစားနေရတာ ၊ အဲ့ဒါကြောင့် အခု ပစ္စုပ္ပန်မှာ ကောင်းကောင်းမွန်မွန်နေထိုင်ကြမှ အနာဂတ်က လှပမယ်။ ပစ္စုပ္ပန်မှာ တစ်ယောက်နဲ့တစ်ယောက် လူသားချင်း စာနာစိတ်မွေးရမယ်။ အာဃာတမထားရဘူး။ မေတ္တာထားရမယ်။ ကိုယ်ချင်းစာ စိတ်တွေမွေးဖွားဖို့အရေးကြီးတယ်။ ဒါတိုင်းပြည် အုပ်ချုပ်တဲ့သူတွေရော ၊ ပြည်သူလူထုတွေရော အားလုံး ကိုယ်ချင်းစာစိတ်ရှိမှ ကျွန်တော်တို့ရဲ့ အနာဂတ်ငြိမ်းချမ်းမှာ ပါ။

-ပြည်သူလူထုတွေမျှော်လင့်တောင့်တနေတဲ့ ပြောင်းလဲမှုနဲ့ပတ်သက်ပြီးတော့ရော လက်ရှိမှာ ပြောင်းလဲမှုမရှိသေးတဲ့အပေါ် ဘယ်လိုမြင်မိပါသလဲ။

ဒါကတော့ ကျွန်တော်တို့ ရွေးကောက်ပွဲပြီးမှပဲ ပြောလို့ရမှာပါ။ ကျွန်တော်တို့က အကြားအမြင်တတ်တဲ့ လူတွေလဲမဟုတ်ဘူး။ အကြားအမြင် ဘယ်လောက်တတ်တဲ့သူပဲဖြစ်ဖြစ် ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ကို ကြိုပြောနိုင်တဲ့ သူရှိမှာမဟုတ်ဘူး။ ဒါလူတွေရဲ့စိတ်ဓာတ်တွေပြောင်းလဲရမယ်။ သီလလုံဖို့လိုတယ်။ အရေးကြီးတာ ကိုယ်ချင်းစာစိတ်ရှိဖို့၊ နောက်မေတ္တာ၊ ဂရုဏာ၊ မုဒိတာ နောက် ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြုဖို့အဲ့ဒါ အရေးကြီးတယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တယ်။ ဖဆပလ ညီလာခံမှာ တိုင်းပြည်တစ်ပြည်က ဗြဟ္မဇိုရ်တရားတွေခေါင်းပါးရင် အဲ့ဒီတိုင်းပြည်ကကပ်ဘေးအမျိုးမျိုးကြုံတယ်တဲ့။ အခုဒါ ဗြဟ္မဇိုရ်တရားတွေခေါင်းပါးတဲ့အတွက် ဒုက္ခတွေကပ်ဘေးတွေမျိုးစုံခံနေရတာပါ။

-ပရဟိတနဲ့ပတ်သက်ပြီး အကျိုးရှိတဲ့ အလုပ်တွေပဲ လုပ်နေရတဲ့အပေါ် ဘယ်လိုမျိုး ပီတိဖြစ်မိပါသလဲ။

ပရဟိတလုပ်ရင်းနဲ့လက်တွေ့ဖြတ်သန်းလာတဲ့အပိုင်းမှာ ကျွန်တော်တို့သိခဲ့ရတာက ကျွန်တော်တို့ဆီမှာ နာရေးတက္ကသိုလ်ဆိုတာလဲ မရှိဘူး။ နာရေး တက္ကသိုလ်ကနေဘွဲ့ရထားတဲ့သူလဲ မဟုတ်ဘူး။ ကိုယ်တွေလူသားချင်း စာနာစိတ် အချင်းချင်းကူညီရိုင်းပင်းရင်းနဲ့ ဖြတ်သန်းလာတဲ့ လမ်းကြောင်းမှာ ကိုယ့်ရဲ့အတွေ့အကြုံတွေ အပိတ်အပင်အတားအဆီးတွေ ဒါတွေကိုတွေ့တဲ့ အတွက်မေတ္တာထားဖို့က အဓိကပဲ။ ကိုယ်ချင်းစာစိတ် ရှိဖို့အရေးကြီးတယ်။ မိတ်ဆွေရန်သူဆိုတာ ခွဲလို့မရဘူး။ နိုင်ငံရေးသမားကြီးတွေ ဘဘဦးဝင်းတင်တို့ဆုံးသွားရင်ကျွန်တော်တို့လုပ်ပေးရသလို ဒုသမ္မတကြီးရဲ့အမေဆုံးတော့လဲ လုပ်ပေးရတာပဲ။ အခုဦးအောင်သောင်း ဆုံးတော့လဲ ကျွန်တော်တို့ကို အကူအညီတောင်းရင် လုပ်ပေးရမှာပဲ။ မိတ်ဆွေရန်သူ ခွဲလို့မရသလို လူမျိုးဘာသာခွဲလို့မရတာ ပရဟိတအလုပ်မှာပါ။

-ဦးကျော်သူကို စောင့်မျှော်အားပေးနေတဲ့ ပြည်သူပရိသတ်တွေကိုရော ဘယ်လိုများပြောချင်ပါသလဲ။

ပရိသတ်တွေကိုတော့ ကျွန်တော်တို့ပရဟိတနဲ့ ပြည်သူလူထုကို အနီးကပ် ကူညီပံ့ပိုးမှုတွေ နိုင်သလောက် လုပ်ပေးခဲ့သလို ကျွန်တော့်ရဲ့ ဇာတ်ကားတွေကို ပြန်လည်မျှော်လင့်နေတဲ့ ပရိသတ်အတွက်လဲ အကျိုးရှိစေမဲ့ ကျော်သူလုပ်သမျှဟာ အကျိုးရှိတဲ့အလုပ်ပဲ ဖြစ်စေရမယ်။ အများအကျိုးပေါ့လေ။ ဒါပဲပြောချင်ပါတယ်။

ခင်ဆွေသက် - Trend Myanmar
Previous
Next Post »
Powered by Blogger.