Gorkha ဒေသရှိ ရွာတစ်ရွာ (Credit: Reuters) |
ငလျင်ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ Gorkha ဒေသကို သွားဖို့ ခက်ခဲပြီး အဲဒီဒေသဟာ မြို့တော် Kathmandu နဲ့ ကီလို မီတာ ၂၀၀ အကွာမှာ ရှိနေတာပါ။
အဲဒီဒေသမှာ ကျေးရွာပေါင်း တစ်ထောင်လောက်ရှိပြီး လူပေါင်း ၂၇၀၀၀၀ လောက် နေထိုင်တဲ့ ဒေသဖြစ်ပါတယ်။
အေဘီစီ သတင်းဌာနအဖွဲ့သားတွေက အဲဒီ ဒေသကို သွားဖို့ ကြိုးစားပေမယ့် လမ်းတွေက မတ်စောက်လွန်းလို့ ကားတွေနဲ့ ဆက်သွားလို့ မရပဲ ဆိုင်ကယ်နဲ့ ခရီးဆက်ပြီး နောက်ဆုံး လမ်းလျှောက်ရတဲ့အထိ အခြေအနေ ဆိုးတယ်လို့ ဆိုပါတယ်။
တောင်ထိပ်က ရွာကို ရောက်တဲ့အခါမှာ ရွာသားတွေက အကူအညီရဖို့ ၄ ရက်ကြာ စောင့်ဆိုင်းနေကြပြီလို့ ပြောပြကြပါတယ်။
အဲဒီရွာမှာ အပျက်အစီးတွေ များပြားပေမယ့် သေဆုံးမှုတွေ မရှိဘူးလို့ အေဘီစီ သတင်းထောက် Samantha Hawley က ပြောပါတယ်။
အချိန်မှီ အိမ်ပြင်ပကို ထွက်ပြေးကြလို့ ငလျင်ဘေးက လွတ်ကင်းခဲ့ကြပေမယ့် အိမ်တွေ ပျက်စီးကုန်တာကြောင့် နေစရာမရှိ၊ စားစရာလည်း ကုန်သွားပြီလို့ ရွာသားတွေက ပြောပြကြပါတယ်။
မြေငလျင်လှုပ်ခတ်ပြီး ၅ ရက်အကြာမှာတောင် အကူအညီမပေးနိုင်သေးတာတွေကြောင့် လူတွေရဲ့ ဒေါသက အစိုးရဘက်ကို လှည့်လာနေပြီ ဖြစ်ပါတယ်။
အစိုးရရဲ့ စီမံရေး ညံ့ဖျင်းမှုကြောင့် ဖြစ်ရတယ်လို့လည်း ပြောပါတယ်။
Kathmandu မြို့ လေဆိပ်ကို ရိက္ခာတွေ ပို့ပေးဖို့ နိုင်ငံတကာက လေယာဉ်တွေ စောင့်ဆိုင်းခဲ့ပေမယ့် လေယာဉ် ဆင်းစရာ နေရာမရလို့ လှည့်ပြန်ရတာတွေ အများအပြား ရှိတယ်လို့ ဆိုပါတယ်။
နီပေါ နိုင်ငံ တစ်ခုလုံးအတွက် ကယ်ဆယ်ရေး ရဟတ်ယာဉ် ၁၀ စင်းသာ အသုံးပြုနေကြတဲ့အတွက် ထိရောက်မှုလည်း နည်းပါးနေပါတယ်။
တောင်ပေါ်ဒေသကို နီပေါ စစ်သားတွေက ခြေကျင်တက်ခဲ့ကြပေမယ့် အဲဒီမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်ပြီလား မလုပ်နိုင်သေးဘူးလား ဆိုတာကိုလည်း ဘယ်သူမှ မသိကြသေးပါဘူး။
Gorkha ဆေးရုံမှာတော့ ဂျာမနီ ကယ်ဆယ်ရေးအသင်းတွေက ဆေးကုသမှု ပေးနေပြီလို့ သိရပါတယ်။
Samantha Hawley in Gorkha - BC Radio Australia
Sign up here with your email
ConversionConversion EmoticonEmoticon