ယနေ့အချိန်သည် သက်ကြီးရွယ်အိုများ အတွက် သီးသန့် ဒီဇိုင်းထုတ် ထားသော နည်းပညာ ပစ္စည်း အများအပြား ထွက်လာနေသော အချိန် ဖြစ်၏။ ၀တ်ထားသူ သက်ကြီးပိုင်း ဘယ်နား ရောက်နေသည် ဆိုတာ မိသားစုဝင် များက စမတ်ဖုန်း ကနေ စောင့်ကြည့်နေလို့ ရသည့် ဂျီပီအက်စ် စနစ် သုံးနားကြား ကိရိယာမျိုး၊ သက်ကြီးရွယ်အို များကို ဟိုနားဒီနား မချီသယ်ပို့ပေး နိုင်သည့် တိုယိုတာ စက်ရုပ်မျိုး၊ အိမ်ထဲမှာ သက်ကြီးပိုင်း တစ်ဦးတည်း ရှိနေချိန်မျိုးတွင် မူးမေ့လဲကျခြင်းမျိုး ဖြစ်ပါက မိသားစုဝင် များ၏ စမတ်ဖုန်းထံ အကြောင်းကြား ပေးမည့် အာရုံခံစမတ် ကော်ဇောမျိုးတွေ ပေါ်နေပြီ။
သို့သော် အထက်ပါ နည်းပညာ ပစ္စည်းများသည် သက်ကြီးပိုင်းများကို ရည်ရွယ်သည် မှန်သော်လည်း သက်ကြီးပိုင်းများ တိုက်ရိုက် အသုံးပြု ရန်မဟုတ်ဘဲ လူငယ်များက သက်ကြီးပိုင်း များကို အဝေး ကနေပါ စောင့်ရှောက် နိုင်အောင် ဖန်တီးပေး ထားသည့် နည်းပညာ ပစ္စည်းမျိုးတွေသာ ဖြစ်သည်။ သက်ကြီးပိုင်းတွေ ရာနှုန်းပြည့် နားလည်ကာ အသုံးပြုတတ်မှု ရှားလှသည်။ သက်ကြီးပိုင်းများ ကိုယ်တိုင် အဆင်ပြေပြေ သုံးနိုင်သည့် နည်းပညာ ပစ္စည်း ဆိုတာက တော်တော်ကို ရှားနေချေ သေးသည်။
ကိန်းဘရစ် တက္ကသိုလ် အင်ဂျင်နီယာ ဒီဇိုင်းဌာန၏ ဌာနခွဲ တစ်ခု ဖြစ်သော သက်ကြီးပိုင်းများ အသုံးပြု နိုင်မည့် နည်းပညာ ပစ္စည်းများ၊ ဒီဇိုင်း ဌာနမှ အိုင်ရန် ဟော့စ်ကင်းက သက်ကြီးပိုင်းများ တိုက်ရိုက် အသုံးပြုနိုင်မည့် နည်းပညာ ပစ္စည်းမျိုးတွေ သီးသန့် တီထွင် ထုတ်လုပ်ပေးဖို့ အချိန်တန်ပြီဟု ဆော်သြလိုက်သည်။
နည်းပညာနဲ့ ယဉ်ပါးတဲ့ လူကြီးပိုင်း တွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီလူစုက အနည်းစုသာ ဖြစ်ပါတယ်။ နည်းပညာ ဆိုတာ ကိုယ်မသုံး တတ်တဲ့အရာ တစ်ခုလို့ ထင်နေကြတဲ့ လူကြီးပိုင်းက အများစုကြီး ဖြစ်ပါတယ် ဟု အိုင်ရန်ဟော့စ်ကင်းက ပြောသည်။ ကျွန်တော့် အမေ ဆိုရင်လည်း နည်းပညာနဲ့ အစိမ်းသက်သက် လူစုထဲမှာ ပါပါတယ် ဟု ၎င်းက ဆက်ပြောသည်။
အိုင်ရန်၏ မိခင်သည် အသက် (၈၀) ၀န်းကျင်ရှိပြီ ဖြစ်ပြီး၊ ကွန်ပျူတာ၊ ကင်ဒဲလ် စာဖတ်စက်မှ အစ အွန်လိုင်းရှောပင်းထိ စမ်းကြည့်ခဲ့ဖူး သော်လည်း နောက်ဆုံးတွင် စိတ်ပျက်လက်လျှော့ ထားသူ ဖြစ်သည်။ ယခုအခါ တဲဘလက် တစ်လုံး ၀ယ်သုံးချင်နေ သော်လည်း ဘယ်လို လုပ်ရမှန်း သူမသိ။ အိုင်ရန်၏ မိခင် တစ်ယောက်တည်းတော့ မဟုတ်။ အမေရိကန် သက်ကြီးရွယ်အို (၇၇) ရာခိုင်နှုန်းသည် နည်းပညာ ပစ္စည်းသစ် တစ်ခုခု ကိုင်လိုလျှင် လူငယ်တွေကို အားကိုးနေ ရကြောင်း အမေရိကန် စစ်တမ်း လုပ်ငန်း Pew ၏ စာရင်း အရ သိရသည်။
သက်ကြီးပိုင်း များ၏ အားနည်းချက်ကို ဖြည့်ပေးနိုင်ရန် အတွက် နည်းပညာ အသိုင်းအ၀ိုင်းက ကြိုးစားလာ ကြသည်။ Samsung Galaxy တဲဘလက်ကို သက်ကြီး ပိုင်းများနဲ့ ကိုက်ညီအောင် အမေရိကန်တွင် Breezie ကုမ္ပဏီက ဖန်တီး ရောင်းချမှု များလည်း ရှိလာသည်။ Settings နှင့် အသုံး ပြုမည့် Apps အချို့ကိုသာ ရှေ့ဆုံး စာမျက်နှာတွင် ပြထားပေးခြင်း နည်းဖြင့် သက်ကြီးပိုင်းများ မျက်စိရှုပ် သက်သာအောင် ဖန်တီးပေး ထားသည်။ အဝေး ရောက်နေသော မိတ်ဆွေဆီ Skype ကနေ ဖုန်းခေါ်လိုလျှင် ဆက်သွယ် ရမည် သူစာရင်းတွင် ထိုသူ၏ ပုံပေါ် ထောကိုက်ရုံဖြင့် ခေါ်ဆိုနိုင်အောင် ဖန်တီးပေး ထားသည်။
Breezie ကုမ္ပဏီ ထူထောင်သူက သူ့မိခင်သည် ပုံမှန် တဲဘလက်များ သုံးရတာ ဘယ်လိုမှ အဆင်မပြေကြောင်း တွေ့ရ၍ လူကြီးပိုင်းများ အတွက် ထွင်ထားသော တဲဘလက်မျိုး လိုက်ရှာသော်လည်း ဈေးကွက်ထဲမှာ မတွေ့သဖြင့် ကိုယ်တိုင် ထုတ်လုပ်ဖို့ စီစဉ် ဖြစ်သွားခြင်း ဖြစ်ကြောင်း Breezie ကို ထူထောင်သူ ဂျက်ကာဇီမီက ပြောသည်။
ထိရတို့ရ တာလည်း ပြဿနာ
သက်ကြီးပိုင်းများ၏ လက်ထိပ်များသည် ဇရာကြောင့် အာရုံကြောများ ထိသိမှု အားနည်း သွားတတ်သည် ဖြစ်ရာ လူကြီး များသည် တဲဘလက် နှင့် ဖုန်းဖန်သားပြင်ကို ထိတို့ အသုံးပြုရာတွင် ပုံမှန်ထက် ပိုပြီး ဖိကာ၊ တို့ကာဖြင့် အသုံးပြုကြ ရသည်။ ယနေ့ ဖုန်းများ၊ တဲဘလက် များသည် ပုံမှန် အရွယ်ရောက်သူ တစ်ဦး၏ လက်ထိပ် အာရုံ တုံ့ပြန်နိုင်စွမ်းပေါ် အခြေခံကာ ထုတ်လုပ် ထားသည် ဖြစ်ရာ လူကြီးများ၏ ထိတို့ အသုံးပြု နိုင်စွမ်းနှင့် အံမကိုက်မှုများရှိ နေသည်။ လူငယ်များသည် ဖန်သားပြင်ကို တစ်ချက်တို့ လိုက်ရုံနှင့် ထိသိမှုကို သိရှိ သော်လည်း သက်ကြီးပိုင်းများ ကားဖန်သားပြင်ကို ကြာကြာဖိထားပါမှ ထိသိမှုကို အာရုံ သိသည် ဖြစ်ရာ စမတ်ဖုန်း များသည် ကြာကြာဖိ ထားလျှင် လုပ်ဆောင်ချက် တစ်မျိုး ပေါ်လာ တတ်သည် ဖြစ်ရာ သက်ကြီးပိုင်းများ အနေဖြင့် သုံးရတာပုံမှန် မဟုတ်ဘဲ အဆင်မပြေ ဖြစ်ကာ ဖုန်းများ၊ တဲဘလက်များနဲ့ ဝေးသွား တော့သည်။
ယခုအခါ ထိုသို့ သက်ကြီးပိုင်းများ၏ အားနည်းချက်များနှင့် ကိုက်ညီမည့် နည်းပညာ ပစ္စည်းများ ထုတ်လုပ်နိုင်ဖို့ ကုမ္ပဏီ အများအပြားက ကြိုးပမ်းနေသည်။ တရုတ် နည်းပညာ ပစ္စည်းများသည် သက်ကြီးပိုင်းများ အတွက် အသားပေး ထုတ်လုပ်လာကြသည် ကိုလည်း တွေ့ရသည်။ ထိစရာ၊ တို့စရာ ခလုတ်ကြီးကြီး၊ စပီကာသံ ကျယ်ကျယ်၊ နားကြားကိရိယာနဲ့ ချိတ်ဆက်အသုံးပြု နိုင်မှု၊ ဘက်ထရီ ကြာကြာခံမှု စသည့် အချက်များ ပါဝင်အောင် ထုတ်လုပ်လာကြသည်။
ကမ္ဘာတစ်ဝန်း သက်ကြီးရွယ်အို ပမာဏ များသထက် များလာနေသည် ဖြစ်ရာ သက်ကြီးရွယ်အိုများ အတွက် နည်းပညာ ပစ္စည်းများ ထုတ်လုပ်ဖို့သည်လည်း မဖြစ်မနေ လုပ်ရမည့် တာဝန်တစ်ခု ဖြစ်လာသည်။ အမေရိကန် တစ်နိုင်ငံတည်းမှာပင် ၂၀၃၀ ခုနှစ် ရောက်သည့် အခါ လူဦးရေ ၏ (၁၉) ရာခိုင်နှုန်းသည် သက်ကြီးပိုင်းများ ဖြစ်နေလိမ့်မည်။ ၂၀၅၀ ခုနှစ် ရောက်သည့် အခါ အလုပ်လုပ်သူ နှစ်ဦးရှိလျှင် အငြိမ်းစား အရွယ်က တစ်ဦးရှိ လာလိမ့်မည်။
အက်ပဲ ကုမ္ပဏီသည်လည်း သက်ကြီးပိုင်းများ၏ နည်းပညာ အခက်အခဲကို ဖြေရှင်းပေးဖို့ ကြိုးပမ်းလျက် ရှိသည်။ အက်ပဲနှင့် အိုင်ဘီအမ် ပူးပေါင်းပြီး သက်ကြီးရွယ်အိုများ အဆင်ပြေပြေ အသုံးပြုနိုင်စေမည့် အိုင်ပတ် အပလီကေးရှင်းများ ထုတ်လုပ်ဖို့ စီစဉ်နေသည်။ ကမ္ဘာပေါ်မှာ သက်ကြီးရွယ်အို အချိုးအစား အများဆုံး ဖြစ်သော တရုတ် နိုင်ငံတွင် သက်ကြီးပိုင်းများ အတွက် ရည်ရွယ်သည့် အိုင်ပတ် များကို စတင် ရောင်းချနေပြီ ဖြစ်သည်။
လူသားဆန်သော နည်းပညာ
သက်ကြီးပိုင်းများ အားနည်းပညာနဲ့ ပိုထိတွေ့နိုင်စေမည့် အစီအစဉ် တစ်ရပ်ကိုလည်း အမေရိကန်နိုင်ငံတွင် ဖန်တီး ထားသည်။ Speaking Exchange အစီအစဉ် ဖြစ်သည်။ အမေရိကန်မှ သက်ကြီး စောင့်ရှောက်ရေး ဂေဟာများတွင် နေထိုင်သော သက်ကြီးရွယ်အို များနှင့် ဘရာဇီးမှ အင်္ဂလိပ် စကားပြော လေ့ကျင့် လိုသော လူငယ်များကို Skype မှတစ်ဆင့် ချိတ်ဆက် စကားပြောစေခြင်း ဖြစ်သည်။ ထိုနည်းဖြင့် ဘရာဇီး လူငယ် များလည်း အင်္ဂလိပ်စကား ကောင်းကောင်း ပြောနိုင်လာ သလို သက်ကြီးပိုင်း များလည်း လူငယ်များနှင့် စကားပြောရ၍ အထီးကျန် အဖော်မဲ့စိတ် ကင်းဝေးကာ တက်ကြွ လန်းဆန်းလာပြီး နည်းပညာ ပစ္စည်းများနဲ့လည်း ယဉ်ပါး လာသည့် အကျိုးကို ရရှိကြသည်။ လူငယ်များနှင့် လူကြီးများကြား သံယောဇဉ်လည်း ဖြစ်ထွန်းကာ မိတ်ဆွေ အပေါင်းအသင်းသစ်လည်း တိုးလာကြသည်။ ဗြိတိန်နိုင်ငံ တွင်လည်း Cloud Grannies ဆိုသော အလားတူ စနစ် တစ်ရပ် ထူထောင် ထားသည်။ အငြိမ်းစား သက်ကြီးပိုင်းများနှင့် အိန်္ဒိယမှ လူငယ်များကို အွန်လိုင်းမှ တစ်ဆင့် တွေ့ဆုံစကား ပြောနိုင်အောင် စီစဉ်ပေးထားသည်။
အိုင်ရန်၏ မိခင်သည်လည်း နောက်ဆုံးတွင် အိုင်ပတ်ဝယ်ရန် ဆုံးဖြတ် လိုက်သည်။ တဲဘလက် တစ်လုံး ၀ယ်သုံးဖို့ အိုင်ရန်သည် မိခင်ဖြစ်သူ ကို နှစ်ပေါင်းများစွာ တိုက်တွန်း လာခဲ့သည့်တိုင် အကြောင်းမထူးခဲ့။ သူ့မိခင်သုံး နေသော စားပွဲတင် ကွန်ပျူတာလေး ပျက်သွား ပြီးနောက်တွင် မိခင်၏ သူငယ်ချင်း ဖြစ်သူကသူ့ တဲဘလက် အကြောင်း အမွှန်းတင် ပြောပြသဖြင့် အိုင်ရန် ၏ မိခင်လည်း စိတ်ပါ သွားကာ တဲဘလက် တစ်လုံး ၀ယ်ပေးဖို့ အိုင်ရန် ကို ပူဆာလေ တော့သည်။
messenger
Sign up here with your email
ConversionConversion EmoticonEmoticon